backup og meta

ဆေးခန်းပြရာဝယ် (၁)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးခန်းပြရာဝယ် (၁)

    ဆေးခန်းပြရာဝယ် (၁)

    ဒီဖက်နှစ်တွေထဲမှာ လူမှုကွန်ယက်အပါအဝင် နေရာအတော်များများမှာ ကျယ်ကျယ်လောင်လောင် ကြားလာရတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတခုက ဘာလဲဆိုတော့ ဆရာဝန်-လူနာ ဆက်ဆံရေးပြဿနာပါ။ တဖက်နဲ့ တဖက် နားလည်မှုလွဲလို့ ဖြစ်ကြတဲ့အပြင် တဖက်ဖက်က ချို့ယွင်းချက်လေးတွေရှိလို့ တက်ကြတဲ့ ပြဿနာလေးတွေလည်း ရှိနေပါတယ်။ ဘာပြဿနာမှ မရှိဘူးဆိုရင်တောင် နေထိုင်မကောင်းလို့ ဆေးခန်းသွားတဲ့အခါ ကိုယ့်ရောဂါအခြေအနေအကြောင်းကို လူတိုင်းသိချင်မှာ အသေအချာပဲမို့ ဒီဆောင်းပါးမှာ မျှဝေဆွေးနွေးသွားမယ့် အချက်လေးတွေကို ဖတ်ရှုပေးကြပါဦး။ တွေးစရာလေးတွေ၊အသိသစ်လေးတွေ ရသွားမှာပါ။

    ၁။ ဆေးခန်း/ဆရာဝန်ကို သေချာစွာ ရွေးချယ်ပါ။

    တချို့ဆေးခန်းကြီးတွေ၊ဆရာဝန်ကြီးတွေဟာ လူနာအလွန်များတာမို့ လူနာတဦးချင်းစီကို သေချာဂရုတစိုက် မေးမြန်းတာမျိုး မလုပ်နိုင်ကြပါဘူး။ ဒီလိုအခြေအနေမှာ အငြင်းပွားဖွယ် ပြဿနာတွေ အများဆုံးဖြစ်ပေါ်လေ့ရှိပါတယ်။ အထူးသဖြင့် ကလေးဆရာဝန်တွေမှာ အဓိကတွေ့ရတတ်ပါတယ်။ ဘာလို့လဲဆိုတော့ မိဘတိုင်းဟာ မိမိရဲ့ ရင်နှစ်သည်းချာရင်သွေးလေးကို ဆရာဝန်က ဂရုတစိုက် ကြည့်ရှုစစ်ဆေး ကုသပေးစေချင်တာမို့ (လူနာဖက်က အမြင်မှာ) ဆရာဝန်က ဖြစ်ကတတ်ဆန်း ကြည့်ပေးတယ်၊သေချာမကြည့်ဘူး စသဖြင့် မကျေနပ်ချက်တွေ ပေါ်ပေါက်လာလေ့ရှိပါတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ဆေးခန်းသွားမပြခင်မှာ ကိုယ်ပြမယ့် ဆရာဝန်အကြောင်းကို ဦးစွာ ဂရုတစိုက်လေ့လာပါ။ ပြဖူးတဲ့သူတွေဆီမှာ မေးစမ်းကြည့်ပါ။ ဆေးခန်းမှာ အချိန်ဘယ်လောက်ကြာကြာ စောင့်ဆိုင်းရတတ်သလဲ၊လူနာရဲ့ သိလိုစိတ်မေးခွန်းတွေကို စိတ်ရှည်လက်ရှည်ဖြေပေးရဲ့လား၊ဆေးကုသမှုကရော ထိရောက်ရဲ့လား အစရှိတဲ့ အကြောင်းအရာတွေကို သေချာစွာ မေးမြန်းပြီးမှ မိမိနဲ့ အသင့်တော်ဆုံးဖြစ်မယ့် ဆရာဝန်ဆီမှာ ပြသရင် ပြဿနာဖြစ်ပွားလာနိုင်ချေ အနည်းဆုံးဖြစ်ပါလိမ့်မယ်။

    ၂။ မိမိရောဂါနဲ့ဆိုင်တဲ့ ဆေးပညာ အခြေခံဗဟုသုတလေးတွေ ရှိထားရင် ပိုကောင်းပါတယ်။

    ဒီနေရာမှာ ပြောစရာရှိတာက မသိလို့သွားပြပါတယ်ဆိုမှ ကိုယ်က ကြိုဖတ်ထားရမှာလားလို့ စောဒကတက်စရာရှိပါတယ်။ မှန်ပါတယ်၊အလုံးစုံသိစရာ မလိုပါဘူး။ မသိလို့လည်း ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ဒီကနေ့ခေတ်ကြီးလို သတင်းအချက်အလက်စီးဆင်းမှု အင်မတန်မြန်ဆန်ပြီး သိလိုရာအားလုံးက ကိုယ့်လက်ဖဝါးလေးထဲမှာပဲ ရှိနေတဲ့ခေတ်ကြီးမှာ မိမိရဲ့ရောဂါအကြောင်း၊မိမိရင်သွေးလေးနဲ့ သက်ဆိုင်တဲ့ ဆေးပညာဗဟုသုတလေးတွေအကြောင်းကို သိထားလိုက်ရင် ဘယ်နည်းနဲ့မှ အကျိုးမယုတ်နိုင်ပါဘူး။ဥပမာ မိခင်နို့မှာပါဝင်တဲ့ ဓါတ်ပစ္စည်းတွေအကြောင်း၊ပဋိပစ္စည်းတွေရဲ့ ဖွဲ့စည်းပုံ၊သိပ္ပံအခေါ်အဝေါ်တွေ အကြောင်းကို အသေးစိတ်သိစရာ မလိုပေမယ့် ကလေးငယ် အသက်ခြောက်လအထိ မိခင်နို့တမျိုးပဲ တိုက်သင့်တယ်၊တိုက်ရမယ်ဆိုတဲ့ ဗဟုသုတမျိုးကိုတော့ သိထားသင့်ပါတယ်။ ဒါမျိုးကို ဆိုလိုတာပါ။ ဒီလိုလေးတွေ သိထားခြင်းအားဖြင့် ဆေးခန်းမှာ ဆရာဝန်နဲ့ ဆွေးနွေးတဲ့အခါ ပိုမိုပြီး အဆင်ပြေပြေ ဆွေးနွေးနိုင်မှာဖြစ်သလို ဆရာဝန်ကလည်း ပိုပြီးတက်တက်ကြွကြွနဲ့ ရှင်းပြပါလိမ့်မယ်။ မယုံရင်စမ်းကြည့်ပါ။ ပြည်သူတွေအားလုံး သိသင့်သိထိုက်တဲ့ ဆေးပညာဗဟုသုတတွေကို လက်ရှိ မိတ်ဆွေရောက်ရှိနေတဲ့ ဆေးပညာဝက်ဘ်ဆိုက်ဖြစ်တဲ့ Hello ဆရာဝန်မှာ ဗဟုသုတဟင်းလေးအိုးကြီးပမာ အစုံအလင် ဖတ်ရှုနိုင်ပါတယ်။

    ၃။ အထူးကုနဲ့ပြဖို့ တကယ်လိုရဲ့လား။

    ငွေကြေးဖူလုံကြွယ်ဝသူတွေနဲ့ သားသမီးကို ဂရုစိုက်မှု အနည်းငယ်ပြင်းထန်တဲ့ မိဘတွေမှာ တွေ့ရတတ်တဲ့ အချက်တခုက ဘာလေးပဲဖြစ်ဖြစ် အထူးကုကြီးတွေ၊ပုဂ္ဂလိက ဆေးရုံအကြီးကြီးတွေမှာ ချက်ချင်းသွားပြတာပဲဖြစ်ပါတယ်။ ဒါဟာ မှားလားဆိုတော့ မမှားပါဘူး။ ကိုယ့်ကျန်းမာရေး၊ကိုယ့်မိသားစုရဲ့ ကျန်းမာရေးအတွက် ကိုယ်လည်း တတ်နိုင်တဲ့အနေအထားမှာ အကောင်းဆုံး၊အတော်ဆုံးဆိုတဲ့ သမားတော်ကြီးတွေနဲ့ ပြသချင်တာ လူ့သဘာဝပါ။ ဒါပေမယ့် သာမန်နှာစေး၊ချောင်းဆိုးတာမျိုး၊ဖျားနာတာမျိုးလောက်ကို အထူးကုသမားတော်ကြီးတွေနဲ့ ပြမယ်ဆိုရင် ဒီဆရာဝန်ကြီးတွေမှာ ဝန်ပိပါတယ်။ လူနာများပါတယ်။ ဒီအတွက် စောင့်ရတဲ့အချိန်ပိုကြာပါတယ်။ အမှန်တကယ် အထူးကုနဲ့ ပြသဖို့ လိုအပ်တဲ့ လူနာတွေအတွက် စောင့်ဆိုင်းချိန်တွေ ပိုကြာလာပါတယ်။ ဒါကြောင့် သာမန်အပရိက ဖျားနာတာမျိုးလောက်ကိုတော့ အထူးကုဆရာဝန်ကြီးတွေဆီမှာမှမဟုတ်ဘဲ တခြားသောရိုးရိုးအထွေထွေရောဂါကုဆရာဝန်တွေဆီမှာလည်း ကုသနိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်ကတော့ မိမိရဲ့ ဆုံးဖြတ်ချက်နဲ့သာ သက်ဆိုင်ပြီး ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် မှားတယ်လို့ ဆိုနိုင်မှာ မဟုတ်ပါဘူး။

    ဒါဟာ ဆေးခန်းမပြခင် ကြိုတင်စဉ်းစားထားသင့်တဲ့ အချက်တွေဖြစ်ပြီး နောက်ဆောင်းပါးမှာတော့ ဆေးခန်းသွားပြတဲ့အခါ ယူဆောင်သွားသင့်တဲ့ ပစ္စည်းတွေရယ်၊မေးသင့်တဲ့မေးခွန်းတွေရယ် အပါအဝင် ဆောင်ရန်ရှောင်ရန်တွေကို ဆက်လက်တင်ပြသွားမှာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးတွေကို ရေးသားတဲ့အခါ ဆရာဝန်၊လူနာ ဘယ်ဖက်ကမှ မလိုက်ဘဲ နှစ်ဦးနှစ်ဖက်လုံးအတွက် အတတ်နိုင်ဆုံး ဓမ္မဓိဋ္ဌာန်ကျကျ ဆွေးနွေးသွားမှာပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement