၁၈၉၅ ခုနှစ်တွင် ဂျာမနီနိုင်ငံသား Wilhelm Röntgen သည် ရူပဗေဒအသိုင်းအဝိုင်းတွင် လူအများလေးစားခံရသော ဂုဏ်ထူးဆောင်ပါမောက္ခတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ Röntgen သည် သုတေသနနယ်ပယ်တွင် အတွေ့အကြုံများစွာရင့်ကျက်ပြီးလုပ်ရည်ကိုင်ရည်ကောင်းသူဖြစ်ကြောင်း ခေတ်ပြိုင်ပညာရှင်များရော လုပ်ဖော်ကိုင်ဖက်များကပါ အသိအမှတ်ပြုပြီးဖြစ်သော်လည်း သူကတော့ လေ့လာမှုများကိုမလျှော့ခဲ့ချေ။ Röntgen တစ်ယောက်ထိုအချိန်က စိတ်ဝင်စားနေသည့် ကိရိယာမှာ Crookes Tube ဆိုသည့် မှန်ပေါင်းချောင် ကိရိယာလေးပင်ဖြစ်သည်။ ရူပဗေဒနယ်ပယ်တွင် ပညာရှင်အတော်များများလေ့လာလျက်ရှိသော ထိုကိရိယာအား ဗြိတိသျှအင်ဂျင်နီယာ William Crookes မှ ၁၈၇၀ တွင် တီထွင်ခဲ့ခြင်းဖြစ် ဖြစ်ပြီး Cathode rays များကိုလေ့လာရန် ရည်စူးပေသည်။ ထိုကိရိယာသည် ၁၉ ရာစုနှောင်းပိုင်းပညာရှင်တို့အတွက် စိတ်ဝင်စားစရာပစ္စည်းတစ်ခုဖြစ်နေသည်။