backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Exelon

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Ye Mhan Linn မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Exelon ကို ဘာအတွက်အသုံးပြုကြသလဲ

Exelon ဟာဦးနှောက်ထဲကအာရုံကြောဆဲလ်တွေရဲ့ လုပ်ငန်းစဉ်ကိုတိုးတက်ကောင်းမွန်စေတဲ့ ဆေးဝါးဖြစ်ပါတယ်။ မှတ်ဉာဏ်၊ စဉ်းစားတွေးခေါ်ခြင်း၊ ကျိုးကြောင်းဆင်ခြင်ခြင်းစတဲ့ ဖြစ်စဉ်တွေမှာမရှိမဖြစ်အရေးပါတဲ့ ဓါတုပစ္စည်းတစ်မျိုးမပြိုကွဲအောင် Exelon က ကာကွယ်ဟန့်တားပေးပါတယ်။ Dementia လို့ခေါ်တဲ့ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ ခံစားနေရသူတွေမှာ ၎င်းဓါတုပစ္စည်းပမာဏ လျော့နည်းနေတတ်ပါတယ်။

Exelon ကိုအယ်လ်ဇိုင်းမားသို့မဟုတ် ပါကင်ဆင်ရောဂါတွေကြောင့်ဖြစ်တဲ့ အပျော့စားကနေအလယ်အလတ်စားမှတ်ဉာဏ်ချို့ယွင်းမှုကိုကုသရာမှာအဓိကအသုံးပြုပါတယ်။ ဒီဆောင်းပါးမှာမဖော်ပြထားတဲ့ အခြားရည်ရွယ်ချက်တွေအတွက်လည်းအသုံးပြုနိုင်ပါတယ်။

Exelon ဘယ်လိုသောက်သုံးသင့်သလဲ

ပုံမှန်အားဖြင့် Exelon ကိုတစ်နေ့ ၂ကြိမ် သောက်သုံးရမှာဖြစ်ပါတယ်။ ဆေးညွှန်းမှာဖော်ပြထားတဲ့အတိုင်းတိတိကျကျ လိုက်နာသောက်သုံးပါ။ သင့်ဆရာဝန်အနေနဲ့ သင့်ကျန်းမာရေးအခြအနေပေါ်မူတည်ပြီးအကောင်းဆုံးရလဒ်ရရှိအောင် သောက်သုံးရမယ့်ဆေးပမာဏအချိုးအစားကိုလိုအပ်သလိုပြောင်းလဲပေးသွားမှာ ဖြစ်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် ဆေးအတိုးအလျော့လုပ်ခြင်း၊ ဆေးစွဲသောက်ခြင်းမပြုလုပ်သင့်ပါဘူး။

Exelon ကိုအစာနဲ့တွဲပြီးသောက်သုံးပါ။

Exelon ဆေးရည်ပုလင်းတွေမှာလူနာသောက်သုံးရမယ့် ဆေးပမာဏကိုမှန်မှန်ကန်ကန် ချိန်ဆတိုင်းတာနိုင်ဖို့ ညွှန်ကြားချက်တွေ ပါရှိတဲ့အလျောက် အဲဒီညွှန်ကြားချက်တွေကိုသေသေချာချာဖတ်ပြီးအတိအကျ လိုက်နာပါ။ မရှင်းလင်းသည်များကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကကျွမ်းကျင်ပညာရှင်အားမေးမြန်းပါ။

ဆေးရည်ချိန်ဆရာမှာလည်းဆေးပုလင်းမှာပါတဲ့ ဆေးပြွန်၊ ဇွန်း၊ ခွက် စတာတွေကိုအသုံးပြုပါ။ အကယ်၍ ဆေးပုလင်းမှာဆေးချိန်ဆဖို့ ဘာကိရိယာမှမပါဘူးဆိုရင် ဆေးဝါးကျွမ်းကျင်ပညာရှင်ဆီမှာတောင်းယူပါ။

ဆေးရည်ကိုမူလပုံစံအတိုင်းသောက်သုံးနိုင်သလိုဖန်ခွက်တစ်ခွက်ထဲမှာရေ၊ သစ်သီးဖျော်ရည်၊ ဆိုဒါတို့နဲ့ရောပြီးလည်းသောက်သုံးနိုင်ပါတယ်။ ဆေးထည့်ထားတဲ့ဖျော်ရည်ကို နှံ့စပ်အောင်မွှေပြီး ၄နာရီအတွင်း သောက်သုံးပါ။ ဖန်ခွက်ထဲမှာဆေးကျန်မနေအောင် ဖျော်ရည်ကုန်ခါနီးမှာရေအနည်းငယ်ထပ်ထည့်မွှေပြီးကုန်စင်အောင်သောက်ပါ။

အသုံးပြုပြီးတဲ့ ဆေးရည်ပြွန်ရဲ့အပြင်ဘက်ကိုသန့်ရှင်းတဲ့တစ်ရှုးစနဲ့ သေချာစွာသုတ်ပြီးဘူးထဲပြန်ထည့်ပါ။ ဆေးပုလင်းကိုကလေးငယ်တွေ လက်လှမ်းမမီနိုင်တဲ့နေရာမှာသိမ်းဆည်းထားပါ။

ဆေးအာနိသင် အပြည့်အဝရရှိစေဖို့ ဆေးကိုအချိန်မှန်မှန်သောက်ပါ။ ဆေးလုံးဝကုန်မသွားခင် နောက်ရက်တွေအတွက် ကြိုတင်ဝယ်ယူထားပါ။

Rivastigmine ကိုကိုယ်အလေးချိန်နဲ့ချိန်ဆပြီးပေးရတဲ့အတွက် ဆေးသောက်သုံးနေစဉ်အတောအတွင်းကိုယ်အလေးချိန်အပြောင်းအလဲရှိခဲ့ရင် သင့်ဆရာဝန်ကို အသိပေးပါ။

အကယ်၍ ခွဲစိတ်ကုသမှု ခံယူရမယ်ဆိုရင်လည်း ခွဲစိတ်ဆရာဝန်ကို သင် Exelon သောက်သုံးနေကြောင်း ကြိုတင်အသိပေးပါ။ သင့်အနေနဲ့ ဆေးသောက်သုံးမှုကိုခဏတာရပ်နားဖို့ လိုအပ်နိုင်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ဆေးဆက်မသောက်ဖြစ်ခဲ့ရင်လည်းသင့်ဆရာဝန်နဲ့မတိုင်ပင်ပဲ ကိုယ့်သဘောနဲ့ကိုယ် ပြန်မသောက်သင့်ပါ။ ဆေးပြတ်သွားတဲ့သူတွေဟာကုသမှုကိုဆေးပမာဏနည်းနည်းနဲ့ ပြန်စရတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Exelon ဘယ်လိုသိမ်းဆည်းရမလဲ

Exelon ကိုအခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Exelonကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Exelonဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Exelonကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Exelon အသုံးမပြုခင် ဘာတွေသိသင့်သလဲ

PasteTextHer

အကယ်၍ သင့်မှာအောက်ဖော်ပြပါ အခြေအနေတစ်ခုခုရှိနေခဲ့မယ်ဆိုရင် ဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြတိုင်ပင်သင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်နေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန် – အကယ်၍သင်ဟာ ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် ကလေးနို့တိုက်နေတဲ့ မိခင်တစ်ဦး ဖြစ်နေမယ်ဆိုရင် ဘယ်ဆေးကိုမဆို ဆရာဝန်မညွှန်ကြားဘဲမသောက်သုံးသင့်ပါဘူး။
  • အခြားဆေးဝါးများ သောက်သုံးနေချိန် – တိုင်းရင်းဆေး၊ အားဖြည့်ဆေးများ အပါအဝင် သင်လက်ရှိသောက်သုံးနေတဲ့ ဆေးအားလုံးကိုသင့်ဆရာဝန်သိအောင် ပြောပြရမှာဖြစ်ပါတယ်။
  • Exelonသို့မဟုတ် အခြားဆေးဝါးများတွင်ပါဝင်သည့် ပစ္စည်းတစ်မျိုးမျိုးနှင့် ဓါတ်မတည့်ခြင်း
  • ရောဂါဝေဒနာတစ်ခုခု ခံစားနေရခြင်း

သင်ဟာ rivastigmine ဒါမှမဟုတ် neostigmine, meprobamate, carisoprodol စတဲ့ အလားတူဆေးဝါးတစ်မျိုးမျိုးနဲ့ ဓါတ်မတည့်ဘူးဆိုရင် Exelon မသောက်သုံးသင့်ပါဘူး။

အရေပြားမှာ Exelon patch ကပ်ပြီးအရေပြားဆိုးဆိုးရွားရွားထိခိုက်ခြင်း၊ နီရဲခြင်း၊ ယားယံခြင်း ဖြစ်ဖူးရင်လည်း Exelon သောက်ဆေးမသောက်သုံးသင့်ပါဘူး။

သင့်မှာအောက်ပါကျန်းမာရေးပြဿနာတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်ကိုပြောပြပြီး Exelon သောက်သုံးဖို့ စိတ်ချရခြင်းရှိမရှိသေချာအောင်မေးမြန်းသင့်ပါတယ်။

  • အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ
  • လတ်တလောကိုယ်အလေးချိန်ကျခြင်းသို့မဟုတ် အစာစားချင်စိတ်နည်းခြင်း
  • Sick sinus syndrome ခေါ် နှလုံးခုန်စည်းချက်နှေးသည့် ရောဂါတစ်မျိုး
  • ဆီးကျိတ်ကြီးခြင်း၊ ဆီးလမ်းကြောင်းပြဿနာများ
  • အတက်ရောဂါ နှင့် အလားတူရောဂါများ
  • ပန်းနာရင်ကြပ်ရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ အခြားအသက်ရှူလမ်းကြောင်းရောဂါများ
  • အစာအိမ်နာဖြစ်ဖူးခြင်း
  • ကတုန်ကယင်ဖြစ်ခြင်း၊ ထိန်းချုပ်မရသည့် ကြွက်သားလှုပ်ရှားမှုများ ဖြစ်ပေါ်ခြင်း

Exelon ဟာ မိခင်ဝမ်းထဲက သန္ဓေသားကိုမထိခိုက်နိုင်ဘူးလို့ ခန့်မှန်းထားပေမယ့် ဆေးသောက်နေရင်း ကိုယ်ဝန်ရှိလာမယ် ဒါမှမဟုတ် ကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိလာမယ်ဆိုရင်တော့ သင့်ဆရာဝန်ကို အသိပေးသင့်ပါတယ်။

Exelon မှာပါဝင်တဲ့ rivastigmine က မိခင်နို့ရည်ကတဆင့် ရင်ခွင်ပိုက်ကလေးငယ်ဆီရောက်ရှိနိုင်ခြင်းရှိမရှိဆိုတာသေသေချာချာမသိရသေးတဲ့အတွက် Exelon သောက်သုံးနေတဲ့အတောအတွင်းသင့်ရင်သွေးကိုမိခင်နို့် မတိုက်ကျွေးသင့်ပါဘူး။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Exelon ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်တွေမှာထိခိုက်နိုင်ချေအဆင့် B ရှိတယ်လို့သတ်မှတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Exelon ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Exelon အသုံးပြုပြီးအင်ပြင်ထခြင်း၊ အသက်ရှူရခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်းတို့ ရောင်ရမ်းခြင်းစတဲ့ ဓါတ်မတည့်တုန့်ပြန်မှုတစ်ခုခု ဖြစ်လာခဲ့ရင် အရေးပေါ်ဆေးကုသမှု ချက်ချင်းခံယူပါ။

ဆေးသောက်သုံးပြီးအောက်ဖော်ပြပါ လက္ခဏာတစ်ခုခု ဖြစ်လာခဲ့ရင်လည်းသင့်ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။

  • ဆိုးဆိုးရွားရွားသို့မဟုတ် ဆက်တိုက် အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း
  • သွေးဝမ်းသွားခြင်း၊ ကတ္တရာစေးရောင် ဝမ်းမည်းမည်းသွားခြင်း၊ သွေးအန်ခြင်း၊ ကော်ဖီအနှစ်ရောင်များအန်ခြင်း
  • သတိလစ်မလိုခေါင်းထဲရီတီတီခံစားရခြင်း
  • ကတုန်ကယင်ဖြစ်ခြင်း၊ မျက်လုံး၊ လျှာ၊ မေးရိုးနှင့် လည်ပင်းရှိကြွက်သားများအလိုအလျောက် လှုပ်ရှားခြင်း
  • တက်ခြင်း
  • ဆီးသွားလျှင် နာကျင်ခြင်း၊ ဆီးသွားရခက်ခြင်း
  • အရေပြားဆိုးဆိုးရွားရွားနီရဲခြင်း၊ ယားယံခြင်း၊ ကျိန်းစပ်ခြင်း
  • ရေအလွန်ငတ်ခြင်း၊ ပူလောင်ခြင်း၊ ဆီးမသွားနိုင်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ အရေပြားပူလောင်ခြောက်သွေ့ခြင်း

Exelon ကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • အစာအိမ်ထိခိုက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း
  • အစာစားချင်စိတ်မရှိခြင်း
  • အားနည်းခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Exelon နဲ့ ဓါတ်ပြုနိုင်သလဲ

Exelonဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

Exeloneနဲ့ သက်ရောက်ဓါတ်ပြုနိုင်တဲ့ ဆေးဝါးတွေကတော့

  • Atropine
  • Metoclopramide
  • Antihistamine ပါဝင်ပြီး အအေးမိဝေဒနာနှင့် ဓါတ်မတည့်တုန့်ပြန်မှုများကိုသက်သာစေသည့် ဆေးဝါးများ (Benadryl)
  • ပါကင်ဆင်ရောဂါကုသရာတွင် အသုံးပြုသည့် ဆေးဝါးများ
  • အစာအိမ်အက်ဆစ်ဓါတ်များခြင်း၊ အစာအိမ်နာ၊ ခရီးသွားရင်း မူးဝေခြင်း (ကားမူး၊ ရထားမူးခြင်း)၊irritable bowel syndrome ခေါ် အူလမ်းကြောင်းရောဂါတို့အတွက် အသုံးပြုသည့် ဆေးဝါးများ
  • Beta blocker အုပ်စုဝင်ဆေးဝါးများ – atenolol, carvedilol, labetalol, metoprolol, nadolol, nebivolol, propranolol, sotalol
  • ဆီးလမ်းကြောင်းရောဂါများကုသရာတွင် အသုံးပြုသည့် ဆေးဝါးများ – darifenacin, fesoterodine, oxybutynin, tolterodine, solifenacin
  • လေပြွန်ကျယ်စေသည့် ဆေးဝါးများ – aclidinium, ipratropium, tiotropium

အစားအသောက်တွေနဲ့ အရက်က Exelon နဲ့ ဓါတ်ပြုနိုင်သလား

Exelonက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Exelon နဲ့ ဓါတ်ပြုနိုင်သလဲ

Exelon ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Exelon ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အယ်လ်ဇိုင်းမားရောဂါ

အပျော့စားမှအလတ်စားအယ်လ်ဇိုင်းမားရောဂါ

သောက်ဆေး

  • ကနဦးသောက်သုံးရမည့် ပမာဏ – ၁.၅ မီလီဂရမ် တစ်နေ့ ၂ကြိမ်၊ နံနက်စာ၊ ညနေစာနှင့် တွဲသောက်ရန်
  • ရေရှည်သောက်သုံးရမည့် ပမာဏ – ကနဦးပမာဏအတိုင်းရက်သတ္တပတ် ၂ပတ်သောက်သုံးပြီး ခံနိုင်ရည်ရှိလျှင် ၃ မီလီဂရမ် တစ်နေ့ ၂ကြိမ်၊ ထို့နောက် ၂ပတ်အကြာတွင် ၄.၅ မီလီဂရမ် တစ်နေ့ ၂ကြိမ်၊ နောက်ထပ် ၂ပတ်အကြာတွင် ၆ မီလီဂရမ် တစ်နေ့ ၂ကြိမ်အထိ ဖြည်းဖြည်းချင်းတိုးသောက်ရန်

အရေပြားတွင်ကပ်ရသည့်ဆေးချပ်

  • ကနဦးအသုံးပြုရမည့် ပမာဏ – ၄.၆ မီလီဂရမ်ပါဝင်သည့် ဆေးချပ်ကိုအရေပြားပေါ်တွင် ၂၄နာရီကြာအောင် တစ်နေ့တစ်ကြိမ် ကပ်ပေးရန်
  • ရေရှည်အသုံးပြုရမည့် ပမာဏ – ကနဦးပမာဏအတိုင်း ရက်သတ္တပတ်၄ပတ် အသုံးပြုပြီးခံနိုင်ရည်ရှိပါက ၂၄နာရီလျှင် ၉.၅ မီလီဂရမ်အထိတိုးပြီးအသုံးပြုရန်၊ လိုအပ်ပါက ၂၄နာရီလျှင် ၁၃.၃ မီလီဂရမ်အထိထပ်တိုးရန်
  • အများဆုံးအသုံးပြုနိုင်သည့် ပမာဏ – ၂၄နာရီလျှင် ၁၃.၃ မီလီဂရမ်၊ တစ်နေ့တစ်ကြိမ် ကပ်ရန်၊ ဒီပမာဏထက်ပိုအသုံးပြုမိရင် ကောင်းကျိုးမဖြစ်ထွန်းဘဲ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ချေ ပိုများပါတယ်။

အပြင်းစားအယ်လ်ဇိုင်းမားရောဂါ

အရေပြားပေါ်ကပ်ရသည့်ဆေးချပ် ၂၄နာရီလျှင် ၁၃.၃ မီလီဂရမ် တစ်နေ့တစ်ကြိမ်ကပ်ပေးရန်၊ ၂၄နာရီပြည့်တိုင်းဆေးချပ်အသစ်တစ်ချပ် လဲလှယ်အသုံးပြုရန်

ပါကင်ဆင်ရောဂါ

အပျော့စားမှအလတ်စားပါကင်ဆင်ရောဂါ

သောက်ဆေး

  • ကနဦးသောက်သုံးရမည့် ပမာဏ – ၁.၅ မီလီဂရမ် တစ်နေ့ ၂ကြိမ်၊ နံနက်စာ၊ ညနေစာနှင့် တွဲသောက်ရန်
  • ရေရှည်သောက်သုံးရမည့် ပမာဏ – ကနဦးပမာဏအတိုင်းရက်သတ္တပတ် ၄ပတ်သောက်သုံးပြီး ခံနိုင်ရည်ရှိလျှင် ၃ မီလီဂရမ် တစ်နေ့ ၂ကြိမ်၊ ထို့နောက် ၄ပတ်အကြာတွင် ၄.၅ မီလီဂရမ် တစ်နေ့ ၂ကြိမ်၊ နောက်ထပ် ၄ပတ်အကြာတွင် ၆ မီလီဂရမ် တစ်နေ့ ၂ကြိမ်အထိ လူနာ၏ခံနိုင်ရည်အပေါ်မူတည်ပြီးဖြည်းဖြည်းချင်းတိုးသောက်ရန်

အရေပြားတွင်ကပ်ရသည့်ဆေးချပ်

  • ကနဦးအသုံးပြုရမည့် ပမာဏ – ၄.၆ မီလီဂရမ်ပါဝင်သည့် ဆေးချပ်ကိုအရေပြားပေါ်တွင် ၂၄နာရီကြာအောင် တစ်နေ့တစ်ကြိမ် ကပ်ပေးရန်
  • ရေရှည်အသုံးပြုရမည့် ပမာဏ – ကနဦးပမာဏအတိုင်း ရက်သတ္တပတ်၄ပတ် အသုံးပြုပြီးခံနိုင်ရည်ရှိပါက ၂၄နာရီလျှင် ၉.၅ မီလီဂရမ်အထိတိုးပြီးအသုံးပြုရန်၊ လိုအပ်ပါက ၂၄နာရီလျှင် ၁၃.၃ မီလီဂရမ်အထိထပ်တိုးရန်
  • အများဆုံးအသုံးပြုနိုင်သည့် ပမာဏ – ၂၄နာရီလျှင် ၁၃.၃ မီလီဂရမ်၊ တစ်နေ့တစ်ကြိမ် ကပ်ရန်၊ ဒီပမာဏထက်ပိုအသုံးပြုမိရင် ကောင်းကျိုးမဖြစ်ထွန်းဘဲ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ချေ ပိုများပါတယ်။

ကလေးတွေအတွက် Exelon ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ

Exelon ကိုဘယ်လိုရရှိနိုင်သလဲ

Exelonကိုအောက်ဖော်ပြပါ အချိုးအစားပုံစံများဖြင့် ရရှိနိုင်ပါတယ်။

Rivastigmine tartrate ၁.၅ မီလီဂရမ်ပါဝင်သည့် ဆေးတောင့်နှင့် ဆေးရည်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Exelon ကိုသောက်ဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Ye Mhan Linn မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement