အဖြစ်အများဆုံးမွေးရာပါ အသည်းရောဂါနှစ်မျိုးကတော့ သံဓါတ်များပြားစုပုံခြင်း (Hemochromatosis) နဲ့ alpha-1 antitrypsin ချို့ယွင်းခြင်းတို့ပဲ ဖြစ်ပါတယ်။
သံဓါတ်များသောရောဂါ(Hemochromatosis)
ဒီရောဂါဟာ အသည်းနဲ့ အခြားကိုယ်အင်္ဂါတွေမှာ သံဓါတ် စုပြုံတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါရဲ့ အဓိက ပုံစံဟာ အဖြစ်များတဲ့ မွေးရာပါတစ်ခု ဖြစ်ပြီးတော့ လူအယောက် ၂၀၀မှာ တစ်ယောက် ဖြစ်တတ်ပါတယ်။ မိသားစုဝင်တစ်ဦးမှာ ဒီရောဂါဖြစ်နေပြီဆိုရင် ကျန်မိသားစုဝင်တွေမှာလည်း ရောဂါဖြစ်နိုင်ခြေ ရှိပါတယ်။
ဒီရောဂါရဲ့ ဒုတိယပုံစံကတော့ မျိုးရိုးလိုက်ခြင်းကြောင့် မဟုတ်ပဲ အခြားရောဂါတွေ ဖြစ်တဲ့ သယ်လ်ဆီးမီယားရောဂါ၊ သွေးအားနည်းရောဂါလိုမျိုး သွေးရောဂါတွေကြောင့် ဖြစ်ပါတယ်။
Hemochromatosis နဲ့ ဆက်စပ်နေတဲ့ သံဓါတ်များခြင်းဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုမို ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေဟာ ရာသီလာစဉ်မှာ သွေးဆုံးရှုံးမှု ရှိတာကြောင့် သွေးဆုံးချိန်မရောက်မချင်း သံဓါတ်များခြင်းရဲ့ လက္ခဏာတွေကို ကြုံတွေ့ရခြင်း မရှိပါဘူး။ Hemochromatosis ဟာ အနောက်ဥရောပမှ ဆင်းသက်လာသူတွေ ကြားမှာ ပိုအဖြစ်များပါတယ်။
သံဓါတ်များသောရောဂါ (Hemochromatosis) ရဲ့ လက္ခဏာတွေဟာ ဘာတွေလဲ။
ရောဂါ လက္ခဏာတွေကတော့
• အသည်းရောဂါ
• အရိုးနာခြင်း
• ပင်ပန်းနွမ်းနယ်ခြင်း
• ရှင်းမပြနိုင်ပဲ ကိုယ်အလေးချိန် ကျဆင်းခြင်း
• အသားမဲလာခြင်း
• ဗိုက်နာခြင်း
• လိင်စိတ် ကင်းမဲ့ခြင်း တွေပဲ ဖြစ်ပါတယ်။
Hemochromatosis ရှိသူတွေမှာ ဆီးချိုရောဂါနဲ့ နှလုံးရောဂါလက္ခဏာတွေ ရှိတတ်ပြီး အသည်းကင်ဆာ၊ အသည်းခြောက်ခြင်း၊ ဝှေးစေ့ကျုံ့ခြင်း နဲ့ ကလေးမရနိုင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
သံဓါတ်များပြားစုပုံခြင်း (Hemochromatosis) ကို ဘယ်လိုသိရှိပြီး ကုသရမလဲ။
Hemochromatosis ကို သံသယ ရှိတိုင်းမှာ သွေးအတွင်း သံဓါတ်အပို စစ်ဆေးခြင်းကို ပြုလုပ်သင့်ပါတယ်။ တကယ်လို့ သံဓါတ်အပိုရှိတယ်ဆိုရင် ဗီဇစစ်ဆေးမှု (hemochromatosis DNA test) ကို ပြုလုပ်သင့်ပါတယ်။ ဒီစစ်ဆေးမှုအပေါင်းလက္ခဏာ ပြတဲ့ လူနာရဲ့ မိသားစုဝင်တွေမှာလည်း စစ်ဆေးသင့်ပါတယ်။ ကုသမှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကိုယ်ခန္ဓါအတွင်းရှိ သံဓါတ်အပိုတွေကို ဖယ်ထုတ်ပေးပြီး ရောဂါကြောင့် ရရှိတဲ့ ဆိုးကျိုးတွေ၊ ရောဂါလက္ခဏာတွေကို လျှော့ချဖို့ပဲဖြစ်ပါတယ်။
ကိုယ်ခန္ဓါအတွင်းမှာ ရှိတဲ့ သံဓါတ်အပိုကို ဖယ်ထုတ်ခြင်းကို သွေးထုတ်ခြင်းလို့ ခေါ်ပါတယ်။ သူ့ကို ပြုလုပ်စဉ်မှာတော့ သွေးလီတာဝက်ကို တစ်ပတ်တစ်ကြိမ် သွေး သံဓါတ်အပို မကျမချင်း ၂ နှစ်ကနေ ၃ နှစ်ကြာတဲ့အထိ ထုတ်ယူရမှာ ဖြစ်ပါတယ်။
ဒီစစချင်းကုသမှုအပြီးမှာတော့ သွေးထုတ်ခြင်းကို အနည်းငယ်သာ လိုအပ်တော့မှာ ဖြစ်ပါတယ်။ လိုအပ်ချိန်တွေဟာ လူတစ်ယောက်ချင်းစီပေါ်မူတည်ပြီး ကွာခြားမှု ရှိပါတယ်။
သံဓါတ်အပို ပမာဏ ကျဆင်းသွားရင်တော့ သံဓါတ်များတဲ့ရောဂါရှိသူ လူနာတွေဟာ သံဓါတ်ကို ရှောင်ကြဉ်သင့်ပါတယ်။ ဗီတာမင်တွေထဲမှာ အများဆုံးတွေ့ရတတ်တဲ့ သံဓါတ်ကို ရှောင်သင့်ပါတယ်။ သင့်မှာ သံဓါတ်များသောရောဂါရှိတယ်ဆိုရင် ကျန်းမာရေး စောင့်ရှောက်သူ (သို့) အာဟာရ ပညာရှင်ဟာ သင့်အတွက် သင့်လျော်တဲ့ စားသောက်မှုပုံစံကို ရှင်းပြမှာ ဖြစ်ပါတယ်။ သံဓါတ်များသောရောဂါ ရှိသူတွေဟာ အရက်ကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
တကယ်လို့ သံဓါတ်များသောရောဂါဟာ အသည်းခြောက်ခြင်းကို ဖြစ်စေတယ်ဆိုရင် အသည်းကင်ဆာ ဖြစ်ပွားနှုန်းမြင့်တက်လာမှာ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ကင်ဆာ စစ်ဆေးမှုကို ပုံမှန် ပြုလုပ်နေရမှာ ဖြစ်ပါတယ်။
Alpha1 antitrypsin ချို့ယွင်းခြင်း
ဒီမွေးရာပါ အသည်းရောဂါမှာတော့ အသည်းရဲ့အရေးကြီးတဲ့ ပရိုတင်းတစ်ခုဖြစ်တဲ့ alpha-1 antitrypsin ဟာ နည်းနေခြင်း (သို့) မပါခြင်းတွေ ဖြစ်နေနိုင်ပါတယ်။ alpha-1 antitrypsin ချို့ယွင်းသူတွေဟာ ဒီပရိုတင်းကို ထုတ်လုပ်နိုင်ပေမယ့် ဒီရောဂါက ပရိုတင်း သွေးအတွင်းဝင်ရောင်ခြင်းကို တားမြစ်ပြီး အသည်းအတွင်း စုပြုံနေစေတာ ဖြစ်ပါတယ်။
alpha-1 antitrypsin ပရိုတင်းဟာ သဘာဝအတိုင်း ဖြစ်နေတဲ့ အင်ဇိုင်းတွေကြောင့် အဆုတ်ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ ဒီပရိုတင်း အရမ်းနည်းနေရင် (သို့) မရှိရင် အဆုတ် ပျက်စီးနိုင်ပြီး လူအတော်များများမှာ အသက်ရှူရခက်ခြင်းနဲ့ အဆုတ်လေအိတ်ပျက်စီးခြင်းလို့ ခေါ်တဲ့ အခြေအနေတွေကို တွေ့ရနိုင်ပါတယ်။ ဒီရောဂါ ရှိသူတွေဟာ အသည်းခြောက်ခြင်းကို ဖြစ်နိုင်ပါတယ်။
alpha-1 antitrypsin ချို့ယွင်းခြင်းလက္ခဏာတွေက ဘာတွေလဲ။
alpha-1 antitrypsin ချို့ယွင်းခြင်းရဲ့ စစချင်း လက္ခဏာတွေကတော့ အဆုတ်ထိခိုက်ခြင်းဖြစ်တဲ့ အသက်ရှူကျပ်ခြင်း၊ အသက်ရှူစဉ် အသံမြည်ခြင်း တွေပဲဖြစ်ပါတယ်။ ရှင်းမပြနိုင်တဲ့ ကိုယ်အလေးချိန်ကျဆင်းခြင်းနဲ့ ဘေးတိုက်ကြည့်လျှင်ရင်ခေါင်းသည် စည်ပိုင်းပုံစံ ရှိခြင်းတွေဟာ အဆုတ်လေအိတ်ပျက်စီးခြင်းရောဂါနဲ့ ဆက်စပ်နေပြီး ဒီရောဂါရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ရောဂါဆိုးလာတဲ့အခါမှာတော့ အောက်ပါအချက်တွေ ဖြစ်လာနိုင်ပါတယ်။
• မောပန်းခြင်း
• နာတာရှည် ချောင်းဆိုးခြင်း
• ခြေချင်းဝတ် (သို့) ခြေထောက် ရောင်ရမ်းခြင်း
• အသားဝါခြင်း
• ရေဖျဉ်းစွဲခြင်း
alpha-1 antitrypsin ချို့ယွင်းမှု ကို ဘယ်လို ရှာဖွေ ကုသမလဲ။
လက္ခဏာတွေဖြစ်တဲ့ စည်ပိုင်းပုံစံ ရင်ခေါင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဟာ သင့်ဆရာဝန်ကို ဒီရောဂါကြောင့်ဆိုပြီး သံသယ ဖြစ်စေပါလိမ့်မယ်။ alpha-1 antitrypsin ပရိုတင်းအတွက် တိကျတဲ့ သွေးစစ်ဆေးမှုက ရောဂါအတည်ပြုဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။
alpha-1 antitrypsin ချို့ယွင်းမှုအတွက် ကုသမှုအတိအကျ မရှိပေမယ့် သူ့ကို သွေးအတွင်း ပရိုတင်းတွေကို အစားထိုးခြင်းအားဖြင့် ကုသနိုင်ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေက ဒီနည်းဟာ ဘယ်လောက်ထိရောက်လဲဆိုတာနဲ့ ဘယ်သူတွေမှာ ဒီနည်းနဲ့ ကုသသင့်သလဲဆိုတာကို သေချာစွာ သိရှိခြင်း မရှိပါဘူး။ alpha-1 antitrypsin ချို့ယွင်းမှုကို ကုသဖို့အခြားနည်းတွေကတော့ သူ့ရဲ့ ဆိုးကျိုးတွေဖြစ်တဲ့ အဆုတ်လေအိတ်ပျက်စီးခြင်း နဲ့ အသည်းခြောက်ခြင်းကို ကုသခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း အတွက် ပိုးသတ်ဆေး၊ အသက်ရှူရ ပိုလွယ်စေတဲ့ ဆေးတွေ၊ ဗိုက်အတွင်း အရည်များခြင်းကို လျော့ကျစေနိုင်တဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။
နေထိုင်မှုပုံစံပြောင်းလဲခြင်း (ဥပမာ- အရက်ရှောင်ကြဉ်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ ကျန်းမာတဲ့ အစားအသောက်စားခြင်း) ဟာ ရောဂါလက္ခဏာတွေကို ပိုဆိုးလာခြင်းမှ တားမြစ်နိုင်ပါတယ်။ သင့်ကျန်းမာရေး စောင့်ရှောက်သူ (သို့) အာဟာရ ပါညာရှင်ဟာ သင့်အတွက် သင့်လျော်တဲ့ စားသောက်ပုံကို အကြံပေးမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီရောဂါဟာ အဆုတ်ကို ထိခိုက်နိုင်တာကြောင့် ဒီရောဂါရှိသူတွေဟာ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း ပိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် တုတ်ကွေးနဲ့ အဆုတ်အအေးမိခြင်းကို ကာကွယ်တဲ့ ကာကွယ်ဆေးတွေကို ရောဂါပိုးဝင်ခြင်းကို ကာကွယ်ဖို့ ထိုထားသင့်ပါတယ်။ တကယ်လို့ အအေးမိခြင်း၊ ချောင်းဆိုးခြင်းတွေ ဖြစ်တယ်ဆိုရင် သင့်ကျန်းမာရေးစောင့်ရှောက်သူကို အမြန်ဆက်သွယ်ပြီး ကုသမှု စောစော စတင်သင့်ပါတယ်။ တခါတရံမှာ အဆုတ်နဲ့ အသည်းတွေဟာ ကုသပေမယ့် ပျက်စီးနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးဆိုရင်တော့ အသည်းအစားထိုးခြင်း လိုအပ်နိုင်ပါတယ်။
မျိုးရိုးလိုက်သော အသည်းရောဂါရှိတဲ့သူတွေရဲ့ အခြေအနေက ဘယ်လိုရှိလဲ။
သေချာကုသမယ်ဆိုရင် သံဓါတ်များသောရောဂါ (hemochromatosis) နဲ့ alpha-1 antitrypsin ချို့ ယွင်းခြင်းဟာ သေလောက်တဲ့ ရောဂါတွေ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီရောဂါနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ သေစေနိုင်ပါတယ်။ ဒါကြောင့် မွေးရာပါ အသည်းရောဂါ ရှိသူတွေဟာ ကျန်းမာစေဖို့အတွက် တတ်နိုင်သမျှ အကုန်လုပ်သင့်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmr]