စပွန်ဆာ ဆောင်းပါး

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ဆီးချိုရောဂါအတွက် ဘယ်လိုဆင်ခြင်နေထိုင်မလဲ - နေထိုင်မှုပုံစံ၊အစားအသောက်၊ဆေးဝါးကုသမှု

ဆီးချိုရောဂါအတွက် ဘယ်လိုဆင်ခြင်နေထိုင်မလဲ - နေထိုင်မှုပုံစံ၊အစားအသောက်၊ဆေးဝါးကုသမှု

ဆီးချိုရောဂါကဘာလဲ

ဆီးချိုရောဂါ အဓိကအမျိုးအစား ၃ မျိုးရှိပါတယ် –

  • အမျိုးအစား ၁ ဆီးချိုရောဂါ – ခန္ဓါကိုယ်က အင်ဆူလင်ထုတ်မပေးနိုင်တော့ပါဘူး။ ကိုယ်စားလိုက်တဲ့အစားအစာတွေဆီကရရှိတဲ့ သကြားဓါတ်(ဂလူးကို့စ်)ကို ခန္ဓါကိုယ်အတွက်အားအဖြစ်ပြောင်းလဲပေးနိုင်ဖို့ အင်ဆူလင်လိုအပ်လာတာကြောင့် ပြဿနာရှိလာပါတယ်။ ဒီအမျိုးအစားအတွက် အင်ဆူလင်နေ့တိုင်းထိုးသွင်းဖို့လိုအပ်ပါတယ်။
  • အမျိုးအစား ၂ ဆီးချိုရောဂါ –ခန္ဓါကိုယ်က အင်ဆူလင်ကိုကောင်းစွာမထုတ်လုပ်နိုင်၊ အသုံးမပြုနိုင်ပါဘူး။ ဒီအမျိုးအစားမှာ ဆီးချိုကိုထိန်းဖို့သောက်ဆေး သို့မဟုတ် အင်ဆူလင်ဆေးကိုသုံးစွဲရနိုင်ပါတယ်။ အမျိုးအစား၂ ဆီးချိုရောဂါဟာ အဖြစ်များဆုံးအမျိုးအစားဖြစ်ပါတယ်။
  • ကိုယ်ဝန်ဆောင်ဆီးချို – အမျိုးသမီးတချို့မှာ ကိုယ်ဝန်ဆောင်တဲ့အခါ ဆီးချိုသွေးချိုဖြစ်လာတတ်ပါတယ်။ အများစုမှာတော့ ကလေးမွေးဖွားပြီးနောက်ပိုင်း ဆီးချိုမရှိတော့ပါဘူး။ ဒါပေမယ့် ဒီလိုရောဂါလက္ခဏာပျောက်သွားတာတောင်မှနောက်ပိုင်းကျရင် အမေရော ကလေးပါ ဆီးချိုဖြစ်လာနိုင်ခြေများပါတယ်။

ဆီးချိုကပြင်းထန်တဲ့ရောဂါမဟုတ်ဘူးလို့ တချို့ကထင်ကြပါတယ်။ ဒီအတွေးက မှားယွင်းနေပါတယ်။ ဆီးချိုသွေးချိုဆိုတာရောဂါကြီးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်ဘယ်လိုဆင်ခြင်နေထိုင်မလဲဆိုတာလေ့လာလိုက်နာနိုင်ပါတယ်။

ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကျန်းမာရေးနဲ့ညီတဲ့အစားအစာတွေကိုရွေးချယ်ဖို့လိုသလို ခန္ဓါကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့လည်းလိုပါတယ်။နေ့တိုင်းလည်း ပိုပြီးလှုပ်လှုပ်ရှားရှားနေသင့်တဲ့အပြင် လူကနေကောင်းနေချိန်မှာတောင်ဆေးကိုဂရုတစိုက်သောက်သုံးသင့်ပါတယ်။ လုပ်စရာတွေများတယ်ဆိုပေမယ့် မလွယ်ကူပေမယ့်လည်း ဂရုတစိုက် လိုက်နာနေထိုင်သင့်ပါတယ်။

ဆီးချိုရောဂါနဲ့ ဘယ်လိုနေထိုင်မလဲ

ဆီးချိုရှိနေတာသိရလို့ စိတ်ညစ်နေ၊ ဝမ်းနည်းနေ၊စိတ်တိုနေရတာမျိုးကဖြစ်တတ်တဲ့သဘာဝပါ။ ကျန်းမာဖို့အတွက်က လိုက်နာသင့်တဲ့အချက်တွေကို သိကောင်းသိနိုင်ပေမယ့် ဆင်ခြင်နေထိုင်ရမယ့်အစီအစဉ်အတိုင်း အချိန်နဲ့အမျှလိုက်နာကျင့်သုံးနိုင်ဖို့တော့ ခက်ပါတယ်။

နေထိုင်မှုပုံစံအပြောင်းအလဲ

  • တည့်တာပဲစားပါ – ကိုယ့်မှာဆီးချိုရောဂါရှိလာတဲ့အချိန်မှာ ဒီအချက်ကအရေးကြီးပါတယ်။ စားလိုက်သမျှဟာသွေးတွင်းသကြားဓါတ်ကို သက်ရောက်မှုရှိနိုင်တာကြောင့်ဖြစ်ပါတယ်။ ဘယ်အစားအစာကိုမှ လွန်လွန်ကျွံကျွံစားလို့မရပါဘူး။ ခန္ဓါကိုယ်က လိုအပ်သလောက်ကိုပဲ စားဖို့အာရုံထားပါ။ ဟင်းသီးဟင်းရွက်၊အသီးအနှံနဲ့whole grains အနှံတွေများများစားပေးပါ။ အဆီထုတ်ထားတဲ့ နို့ထွက်ပစ္စည်းတွေနဲ့အသားတွေကိုရွေးချယ်ပါ။ အချိုနဲ့အဆီများတဲ့အစားအစာတွေကို ကန့်သတ်စားပါ။ ကာဗိုဟိုက်ဒရိတ်တွေက သကြားဓါတ်အဖြစ်ပြောင်းလဲနိုင်တာကြောင့် ကာဗိုဟိုက်ဒရိတ်ပါတဲ့အစားအစာတွေကို သတိထားစားသုံးပါ။ ထမင်းတစ်နပ်နဲ့ တစ်နပ်ကို ပမာဏမကွာစေဖို့ ထိန်းပါ။သွေးတွင်းသကြားဓါတ်ကို ထိန်းနိုင်ဖို့ အင်ဆူလင် သို့မဟုတ်ဆေးဝါးတွေသောက်သုံးနေရသူဖြစ်ရင် စားတဲ့အစာ နည်းလိုက်များလိုက်မဖြစ်ဖို့ ပိုအရေးကြီးပါတယ်။
  • ကိုယ်လက်လှုပ်ရှားပေးပါ – အထိုင်များသူဖြစ်ရင် အခုပဲ လှုပ်လှုပ်ရှားရှားနေဖို့ စတင်ပြောင်းလဲလိုက်ပါ။ gym သွားပြီး ကစားနေ၊လေ့ကျင့်နေစရာမလိုပါဘူး။ လမ်းလျှောက်ရုံ၊ စက်ဘီးစီးရုံ၊ တက်တက်ကြွကြွကစားရတဲ့ ဗီဒီယိုဂိမ်းတွေကစားပေးရုံနဲ့ရပါတယ်။ အကောင်းဆုံးက တစ်ပတ်အတွင်း အချိန်အတော်များများမှာချွေးထွက်ရပြီး အသက်ပြင်းပြင်းရှူရှိုက်ရတဲ့ လှုပ်ရှားမှုမျိုး မိနစ် ၃၀လောက်လုပ်ပေးသင့်တာပါပဲ။ လှုပ်ရှားမှုရှိတဲ့နေထိုင်မှုပုံစံကသွေးတွင်းသကြားဓါတ်ကို ကျစေနိုင်ပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်ပါကျစေပြီး စိတ်ဖိစီးမှုကိုလျော့စေပါတယ်။
  • ကျန်းမာရေးစစ်ဆေးမှုခံယူပါ – တစ်နှစ်မှာ နှစ်ကြိမ်လောက်တော့ ဆရာဝန်နဲ့တွေ့ဆုံပါ။ ဆီးချိုရှိနေပြီဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေများစေပါတယ်။ ဒါ့ကြောင့် ကိုလက်စထရော၊သွေးဖိအားနဲ့A1c ( ၃လအတွင်း ပျမ်းမျှသွေးတွင်းသကြားဓါတ်ပမာဏနှုန်း) တို့ကို တိုင်းတာစစ်ဆေးပါ။ခြေထောက်အနာတွေ၊ အာရုံကြောထိခိုက်မှုတွေလိုပြဿနာတွေရှိမရှိစစ်ဆေးဖို့ ဆရာဝန်နဲ့ပြပါ။
  • စိတ်ဖိစီးမှုကိုဖြေလျှော့ဖို့ နည်းလမ်းရှာပါ – ကိုယ့်မှာ စိတ်ဖိစီးနေတယ်ဆိုရင်သွေးတွင်းသကြားဓါတ်ကမြင့်တက်လာလေ့ရှိပါတယ်။ စိတ်လှုပ်ရှားနေပြီဆိုရင် ဆီးချိုကိုကောင်းကောင်းထိန်းနိုင်မှာမဟုတ်ပါဘူး။လေ့ကျင့်ခန်းလုပ်ဖို့၊ ဆင်ခြင်စားသောက်ဖို့၊ဆေးသောက်ဖို့မေ့သွားနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုဖြေရှင်းဖို့ နည်းလမ်းရှာပါ။ အသက်ရှူလေ့ကျင့်ခန်း၊ယောဂ၊နဲ့ စိတ်ပေါ့ပါးစေမယ့် ဝါသနာပါရာအလုပ်တွေကို လုပ်ကြည့်ပါ။
  • ဆေးလိပ်ဖြတ်ပါ – ဆီးချိုရောဂါဖြစ်ရင် နှလုံး၊ မျက်စိရောဂါတွေ၊လေဖြတ်ခြင်း၊ကျောက်ကပ်ရောဂါ၊သွေးကြောရောဂါ၊ အာရုံကြောထိခိုက်မှုနဲ့ခြေထောက်မှာဖြစ်တဲ့ဝေဒနာတွေ ခံစားရနိုင်ခြေပိုများပါတယ်။ ကိုယ်ကဆေးလိပ်သောက်တတ်သူဆိုရင် ဒီဖြစ်နိုင်ခြေက ပိုတောင်မြင့်နိုင်ပါတယ်။ဆေးလိပ်သောက်တတ်သူတွေမှာလေ့ကျင့်ခန်းလုပ်ဖို့လည်း အခက်အခဲရှိတတ်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီးဆေးလိပ်ဖြတ်ဖို့နည်းလမ်းရှာပါ။
  • အရက်သောက်တတ်ရင် သတိထားဆင်ခြင်ပါ – ဘီယာ၊ ဝိုင်၊နဲ့ ယမကာတွေ သိပ်များများသောက်မထားရင်သွေးတွင်းသကြားဓါတ်ကို ထိန်းဖို့ ပိုလွယ်နိုင်ပါတယ်။ မဖြတ်နိုင်လို့သောက်နေသေးတယ်ဆိုရင်လည်း သိပ်မသောက်ဖို့အကြံပြုလိုပါတယ်။ မသောက်ခင်မှာသွေးတွင်းသကြားဓါတ်ကိုစစ်ကြည့်ပါ။ ဆီးချိုအတွက် အင်ဆူလင် သို့မဟုတ်ဆေးသောက်နေရသူဖြစ်ရင် ယမကာသောက်တဲ့အချိန်မှာ အစာမရှိဘဲမသောက်ပါနဲ့။ ဝိုင်အချိုရည်တွေလိုမျိုးတွေဆိုရင်လည်း ကာဗိုဟိုက်ဒရိတ်ပါဝင်မှုများစေနိုင်တာကြောင့် ကာဗိုဟိုက်ဒရိတ်တွက်ချက်တဲ့အခါ ထည့်စဉ်းစားဖို့လိုပါတယ်။

အစားအသောက်

ကျန်းမာရေးနဲ့ညီအောင်စားသုံးခြင်းနဲ့လေ့ကျင့်ခန်းတို့က သင့်ရဲ့အလုံးစုံကျန်းမာရေးကိုကောင်းမွန်စေပြီးသွေးတွင်းအချိုဓါတ်ကို ထိန်းညှိနိုင်တဲ့အပြင် ဆီးချိုရဲ့နောက်ဆက်တွဲပြဿနာတွေခံစားရနိုင်တဲ့အန္တရာယ်လျော့နည်းစေနိုင်ပါတယ်။

  • ထမင်းစားတိုင်း အချိုးချတွက်ချက်ပြီးစားပါ။ ဆိုင်မှာစားဖြစ်တဲ့အခါဆို မှာလိုက်တဲ့အစားအစာက ကိုယ့်အချိုးထက်များနေရင် အတူပါလာတဲ့သူနဲ့မျှစားပါ ဒါမှမဟုတ် ပိုတာကို အိမ်သယ်သွားပါ။
  • ဂျုံအနု အစား whole grains အနှံတွေနဲ့လုပ်တဲ့ ကွေကာ၊ပေါင်မုန့်၊ပါစတာတို့ကိုစားပါ။ ဆန်အဖြူအစား ဆန်လုံးညို၊ အာလူးအစား ကန်စွန်းဥ တို့ကိုပြောင်းစားပါ။
  • ကွေကာ၊ပေါင်မုန့်နဲ့ပါစတာတွေဝယ်ရင် ဘူးမှာပါတဲ့labelတွေကိုဖတ်ပြီး တစ်ခါစားအတိုင်းအတာမှာ အမျှင်ဓါတ်ပမာဏ အနည်းဆုံး ၃ဂရမ်နဲ့အထက် ပါတဲ့အမျိုးအစားတွေကိုရွေးချယ်ပါ။
  • ကယ်လိုရီနည်းပြီးအရောင်တောက်တဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ စားပါ။ အထူးသဖြင့် အစိမ်းရောင်ရှိတဲ့ အရွက်တွေ( ဟင်းနုနွယ်၊ ကိုက်လန်၊ ဆလတ်ရွက်)၊ ပန်းဂေါ်ဖီစိမ်း၊ပန်းငရုတ်ပွ၊ မုန်လာဥနီ၊ဘယ်ရီသီးများ၊ ချယ်ရီသီးများ၊ ပန်းသီးများ၊ သစ်တော်သီး၊ နဲ့ အချဉ်ဓါတ်ပါတဲ့အသီးအနှံတွေကိုရွေးချယ်သင့်ပါတယ်။
  • သစ်သီးဖျော်ရည်တွေ၊အချိုရည်ဘူးတွေနဲ့ သကြားဓါတ်များတဲ့တခြားသောက်စရာတွေအစား ရေ သို့မဟုတ် လက်ဖက်ရည်ကြမ်းကိုသောက်ပါ။
  • ပြုပြင်စီမံထားတဲ့ အစားအစာတွေကိုရှောင်ပါ။ အဲဒီအစားအစာတွေမှာ အဆီ၊ ကယ်လိုရီနဲ့ဆိုဒီယမ်ဓါတ်တွေများတဲ့အပြင် trans fats လို ကျန်းမာရေးအတွက်မကောင်းတဲ့ပါဝင်ပစ္စည်းတွေ ပါရှိတတ်ပါတယ်။
  • အရက်နဲ့ ယမကာသောက်သုံးမှုကိုလျှော့ပါ။
  • အဆီကနေရရှိတဲ့နေ့စဉ်ကယ်လိုရီစားသုံးမှုကို ၃၀ ရာခိုင်နှုန်းထက်နည်းပါစေ။ whole grains အနှံတွေ၊ အဆီများတဲ့ငါးတွေ (ဆော်လမွန်ငါး၊ ငါးသေတ္တာငါး၊မက်ခရယ်ငါး၊ထရောက်ငါး)ထောပတ်သီး၊ သစ်ကြားသီး၊ ဗာဒံစေ့၊နေကြာစေ့ တို့လို အစားအစာတွေကနေရတဲ့အဆီက ကျန်းမာရေးအတွက်ကောင်းပါတယ်။
  • ချက်ပြုတ်တဲ့အခါ သံလွင်ဆီနဲ့နေကြာဆီတို့ကို သုံးပါ။
  • ကြက်ဥ၊ အဆီထုတ်နို့ထွက်ပစ္စည်းတွေ၊ အဆီမပါတဲ့အသား၊ ငါး၊ပဲနဲ့ အစေ့အဆံတွေလို ပရိုတင်းကြွယ်ဝတဲ့အစာတွေစားပါ။
  • ကိုယ်စားမယ့်အထဲမှာ ဗီတာမင်နဲ့သတ္ထုဓါတ်တွေကြွယ်ဝပြီး အမျှင်ဓါတ်ကြွယ်ဝတဲ့အစားအစာတွေပါဝင်ပါစေ။
  • သကြားဓါတ်များတဲ့ အချိုပွဲတွေ၊ သကြားလုံးတွေမစားပါနဲ့။

ဆေးဝါးကုသမှု

အစားဆင်ခြင်ခြင်း၊လေ့ကျင့်ခန်းတွေနဲ့ဆီးချိုမထိန်းနိုင်တဲ့အခါသွေးတွင်းသကြားဓါတ်ကိုကျစေဖို့အင်ဆူလင်နဲ့တခြားဆီးချိုဆေးဝါးတွေ ကိုအသုံးပြုရတာဖြစ်ပါတယ်။ ဒါပေမယ့်ဆေးရဲ့ထိရောက်မှုအာနိသင်ကတော့ဆေးသောက်တဲ့အချိန်နဲ့ပမာဏကိုမူတည်ပါတယ်။ သိထားသင့်တဲ့အချက်တွေကတော့ –

  • အင်ဆူလင်ကို သိမ်းဆည်းတဲ့အခါဂရုစိုက်ပါ – သေချာ သိမ်းဆည်းမထားတဲ့ သို့မဟုတ် သက်တမ်းကျော်လွန်နေတဲ့ အင်ဆူလင်ဆေးတွေက ထိရောက်မှုမရှိနိုင်ပါဘူး။ အင်ဆူလင်ဟာ ပူလွန်းအေးလွန်းတာတွေကို ထိခိုက်မခံတဲ့ဆေးတစ်မျိုးလည်းဖြစ်ပါတယ်။
  • ပြဿနာရှိရင် ဆရာဝန်ကိုပြောပြပါ-ဆီးချိုဆေးတွေကြောင့် သွေးတွင်းသကြားဓါတ်အရမ်းကျသွားတာမျိုး ဒါမှမဟုတ် အရမ်းမြင့်တက်နေတာမျိုးဖြစ်လာရင်ဆေးပမာဏနဲ့ အချိန်တို့ကိုပြန်လည်ထိန်းညှိဖို့လိုလာနိုင်ပါတယ်။
  • ဆေးဝါးအသစ်တွေကိုသတိထားပါ –သွေးတိုး သို့မဟုတ် ကိုလက်စထရောမြင့်ခြင်းတို့လို တခြားရောဂါတစ်ခုအတွက် ဆေးဆိုင်မှာဝယ်ယူရနိုင်တဲ့ ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးအသစ်တစ်မျိုးကို သုံးတော့မယ်လို့စဉ်းစားရင် ဒီဆေးကသွေးတွင်းသကြားဓါတ်ပမာဏကိုထိခိုက်စေနိုင်သလားဆိုတာ ဆရာဝန်ကို သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုမေးပါ။ဆေးဝါးအသစ်တစ်မျိုးကိုသုံးစွဲဖို့ လုပ်တိုင်း ဆရာဝန်နဲ့တိုင်ပင်ပါ ။ ဒါမှဆေးအသစ်ကသွေးတွင်းသကြားဓါတ်ပမာဏကိုသက်ရောက်မှုရှိနိုင်မလား သိနိုင်မှာပါ။
  • ဆရာဝန်ညွှန်ကြားထားတဲ့ ဆီးချိုဆေးတွေက သင်သောက်သုံးနေရတဲ့တခြားဆေးတွေနဲ့တွဲရင်ဘေးဥပါဒ်ကင်းရဲ့လားဆိုတာသေချာအောင်စစ်ဆေးပါ။
  • ဆရာဝန်ညွှန်ကြားတဲ့ ပမာဏအချိုးအတိုင်းသာဆေးကိုသုံးစွဲပါ။ ပိုသုံးစွဲမိနေပြီလို့ယူဆရင် နီးစပ်ရာဆေးရုံကို အမြန်ဆုံးသွားရောက်ပြသပါ။ဆေးဘူးကိုပါ တစ်ပါတည်းယူသွားဖို့မမေ့ပါနဲ့။
  • ကိုယ်နဲ့ရောဂါချင်းတူနေပုံရရင်တောင် ကိုယ်သောက်နေတဲ့ဆေးကို ကိုယ့်သဘောနဲ့ကိုယ် တခြားသူတွေကိုလုံးဝမပေးပါနဲ့။

နေမကောင်းဖြစ်တဲ့အခါ ခန္ဓါကိုယ်ကရောဂါကိုတိုက်ထုတ်နိုင်ဖို့ စိတ်ဖိစီးမှုနဲ့ဆိုင်တဲ့ဟော်မုန်းတွေထုတ်ပေးပါတယ်။ ဒါပေမယ့် ဒီဟော်မုန်းတွေကြောင့်သွေးတွင်းသကြားဓါတ်ကိုလည်းမြင့်တက်စေနိုင်ပါတယ်။ အစာစားချင်စိတ်နဲ့လှုပ်ရှားမှုတို့မှာ အပြောင်းအလဲဖြစ်သွားရင်လည်း ဆီးချိုရောဂါထိန်းတဲ့နေရာမှာ ရှုပ်ထွေးစေနိုင်ပါတယ်။ ဆီးချိုထိန်းဆေးတွေကိုဆက်သောက်ပါ။ ဆီးချိုအစားအသောက်ပုံစံကို စွဲစွဲမြဲမြဲလိုက်နာပါ။ဖြစ်နိုင်ရင် စားသောက်မှုပုံစံကို တသမတ်တည်းထားပြီးစားတာက ဆီးချိုသွေးချိုထိန်းတဲ့နေရာမှာပိုထိရောက်စေပါတယ်။ ခရက်ကာ လိုမျိုး စားရလွယ်တဲ့ အစားအစာမျိုးတွေဆောင်ထားပါ။ရေဓါတ်မဆုံးရှုံးစေဖို့ရေများများသောက်ပါ။

health-tool-icon

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 03/11/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။