ဆီးချိုရောဂါ ဆိုတာက သွေးတွင်းအချိုဓာတ် (သကြားဓာတ်) ပမာဏအပေါ်မှာ သက်ရောက်မှုရှိနေတဲ့ ရောဂါတစ်မျိုးပါ။ ပန်ခရိယလို့ ခေါ်တဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းလေးက အင်ဆူလင်ကို ထုတ်လုပ်ပေးပါတယ်။ ဒီအင်ဆူလင်က သွေးတွင်းသကြားဓာတ်ကို ကျန်းမာတဲ့ အတိုင်းအတာအတွင်း ရှိနေစေဖို့ ထိန်းညှိပေးပါတယ်။
ဒါပေမယ့် ဆီးချိုရှိတဲ့သူတွေမှာတော့ ပန်ခရိယက အင်ဆူလင်ကို လုံလောက်အောင် မထုတ်နိုင်တော့သလို ခန္ဓာကိုယ်ကလည်း အင်ဆူလင်ကို ကောင်းကောင်း မတုံ့ပြန်တော့ပါဘူး။ အင်ဆူလင်က ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ သွေးတွင်းသကြားဓာတ် ပမာဏ မြင့်တက်လာပြီး မကုသဘဲ ထားမယ်ဆိုရင် ရေရှည်မှာ ကျန်းမာရေး ထိခိုက်တာတွေ ဖြစ်လာတာပါ။
ဆီးချိုက ကမ္ဘာပေါ်မှာ အဖြစ်များပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၉ ရာခိုင်နှုန်းလောက်က ဆီးချိုရောဂါကို ခံစားနေကြရတာ ဖြစ်ပြီး ဆီးချိုခံစားနေရသူ ၄ ဦးမှာ ၁ ဦးလောက်က သူတို့မှာ ဆီးချိုရှိနေတာကို သူတို့ကိုယ်တိုင် မသိကြပါဘူး။ ဒီလို ဆီးချိုရှိတာကို မစစ်ဆေးမိတာ၊ မသိတာတွေကပဲ ဆီးချိုနောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရတာပါ။
နေထိုင်စားသောက်မှုပုံစံတွေ ပြောင်းလဲလာတာကြောင့် လူတော်တော်များများဟာ ဆီးချိုရောဂါ အကြိုအဆင့်ကို ခံစားနေကြရပေမယ့် သွေးတွင်းသကြားဓာတ်က ဆီးချိုလို့ သတ်မှတ်လို့ ရအောင်အထိ မြင့်တက်နေတာမျိုးမရှိတာကြောင့် သတိပြုမိသူက တော်တော်လေး နည်းပါတယ်။ တကယ်ကတော့ ဆီးချိုရောဂါ အကြိုအဆင့်ကို ခံစားနေရတာက အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေ တော်တော်လေး များနေတဲ့ သဘောပါ။ ဆီးချိုရောဂါ အကြိုလက္ခဏာ ခံစားနေရသူတွေထဲက ၃၀ % လောက်ဟာ နောက် ၅ နှစ် ကြာတဲ့အခါ အမျိုးအစား (၂) ဆီးချိုကို ခံစားကြရပါတယ်။
လူတော်တော်များများက ဆီးချိုဆိုရင် အားလုံးကို အတူတူပဲလို့ ယူဆနေကြတာက များပါတယ်။ တကယ်ကတော့ ဆီးချိုမှာ အမျိုးအစား -၁ ဆီးချို၊ အမျိုးအစား -၁.၅ဆီးချို နဲ့ အမျိုးအစား- ၂ ဆီးချိုဆိုပြီး ခွဲခြားနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ စာဖတ်သူတွေ ဗဟုသုတ ရစေဖို့ အမျိုးအစား (၁.၅) ဆီးချိုရောဂါ အကြောင်း ပြောပြပေးချင်ပါတယ်။
အမျိုးအစား (၁.၅) ဆီးချိုရောဂါ
ဒီဆီးချို အမျိုးအစားက အမျိုးအစား (၁) ဆီးချိုနဲ့ အတော်လေး ဆင်တူပါတယ်။ ကွာခြားနေတာ တစ်ခုက သူက မွေးရာပါ မဟုတ်ဘဲ အရွယ်ရောက်လာမှ ခံစားရတာမျိုးပါ။ များသောအားဖြင့် အသက် ၃၀ ဝန်းကျင်လောက်မှာ ခံစားရနိုင်ပါတယ်။
ဒါကြောင့်လည်း Latent Autoimmune Diabetes in Adults (LADA)လို့ ခေါ်တာပေါ့။ ဒီအမျိုးအစား ဆီးချိုက ဆယ်ကျော်သက်အရွယ်လောက်မှ ခံစားရတာ များပါတယ်။ ဒီအမျိုးအစား ဆီးချိုကို အမျိုးအစား (၂) ဆီးချိုနဲ့ အမှတ်မှားတတ် ကြပါတယ်။ လက္ခဏာတွေက ခပ်ဆင်ဆင် တူတာကြောင့်လည်း ပါပါတယ်။
ဒီ အမျိုးအစား ဆီးချိုမှာ ခန္ဓာကိုယ်က မုန့်ချိုအိတ်က ဘီတာဆဲလ်တွေကို တိုက်ခိုက်တာကြောင့် အင်ဆူလင် ထုတ်လုပ်မှုကို အပြင်းအထန် ကန့်သတ်ခံရပြီး သွေးတွင်း သကြားဓာတ် မြင့်လာရတာပါ။
မျိုးရိုးထဲမှာ အမျိုးအစား (၁) ဆီးချို၊ ဒါမှမဟုတ် အမျိုးအစား (၂) ဆီးချို ရှိသူတွေမှာ ပိုအဖြစ်များပါတယ်။ အချိန်ကြာလာတဲ့အခါ အမျိုးအစား (၁) ဆီးချိုလိုပဲ အင်ဆူလင် လုံးဝ မထွက်တော့တာမျိုးဖြစ်လာနိုင်ပါတယ်။
ဒီ ဆီးချို အမျိုးအစားအတွက် ကုသမှုမှာ အင်ဆူလင် ထိုးတာ ပါသလို အခြားဆေးဝါးတွေ သောက်သုံးရတာ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်တာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာတွေကို ဂရုတစိုက် လုပ်ဆောင်ဖို့ လိုပါမယ်။
အမျိုးအစား (၁.၅) ဆီးချိုရောဂါ လက္ခဏာများ
အမျိုးအစား – ၁.၅ ဆီးချိုကို ပန်ကရိယ (မုန့်ချိုအိတ်)က အင်ဆူလင် ထုတ်တာနည်းလာတာကြောင့် ဖြစ်တဲ့ဆီးချို (LADA) လို့လည်း ခေါ်ကြပါတယ်။ ဒီဆီးချို အမျိုးအစားကို အမျိုးအစား – ၂ ဆီးချိုလို့လည်း ခေါ်ကြပါတယ်။ ဒီအမျိုးအစားဆီးချိုက အရွယ်ရောက်ပြီးသူတွေမှာ ဖြစ်တာများပါတယ်။ အမျိုးအစား -၁ ဆီးချိုလိုမျိုး ကလေးအရွယ်မှာကတည်းက ဖြစ်တာ မဟုတ်ပါဘူး။
အမျိုးအစား – ၁.၅ ဆီးချိုမှာ နောက်ထပ်အမျိုးအစားကွဲတစ်ခုအနေနဲ့ Maturity onset Diabetes of the Young (MODY) ဆိုတာ ရှိပါတယ်။ ဒီဆီးချို အမျိုးအစားက လူငယ်တွေမှာ ဖြစ်တတ်ပါတယ်။
ဆီးချို အမျိုးအစား ၃ ခုစလုံးရဲ့ တူညီတာက အင်ဆူလင် လုံလောက်အောင် မထုတ်နိုင်တာကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်လာတာပါ။ အမျိုးအစား – ၁.၅ ဆီးချိုက autoimmune ရောဂါတစ်ရပ်ဖြစ်ပြီး ကိုယ်ခံအားက ခန္ဓာကိုယ်ဆဲလ်တွေကို မှားယွင်းတိုက်ခိုက်ရာကနေ ဖြစ်လာတာပါ။ ဒီအမျိုးအစား ဆီးချိုမှာ ကိုယ်ခံအားက ပန်ခရိယမှာရှိတဲ့ အင်ဆူလင် ထုတ်ပေးတဲ့ ဘီတာဆဲလ်တွေကို အဓိကထား တိုက်ခိုက်ပါတယ်။ ဒီလိုနဲ့ အင်ဆူလင် ထုတ်လုပ်နိုင်စွမ်း ကျလာပြီး သွေးတွင်းသကြားဓာတ် မြင့်တက်လာရတာပါ။
လက္ခဏာတွေ အနေနဲ့ကတော့
- ဆီးခဏခဏ သွားတာ
- ရေအရမ်းငတ်တာ
- အကြောင်းအရင်း မရှိဘဲ ကိုယ်အလေးချိန် ကျသွားတာ
- အမြင်အာရုံတွေ ဝါးလာတာ
- အာရုံကြောလေးတွေ ထိခိုက်ပျက်စီးပြီး ခြေလက်တွေ ထုံကျဉ်တာမျိုး ခံစားရနိုင်ပါတယ်။
အမျိုးအစား (၁.၅) ဆီးချိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ
အမျိုးအစား – ၂ ဆီးချိုနဲ့ မူတာက အမျိုးအစား -၁ ဆီးချို နဲ့ အမျိုးအစား -၁.၅ ဆီးချိုဖြစ်ရတဲ့ အကြောင်းအရင်းကို လူသိနည်းတာပါ။ အမျိုးအစား -၁.၅ ဆီးချိုက အသက် ၃၀ အထက် သူတွေမှာ ဖြစ်ပွားတာဖြစ်ပြီး တစ်ခါတလေမှာ အမျိုးအစား – ၂ ဆီးချိုလို့ မှားယွင်း အဖြေထုတ်မိတတ်ပါတယ်။
အမျိုးအစား -၁.၅ ဆီးချိုမှာ ရောဂါခံစားနေရသူက စစချင်းမှာ ပန်ခရိယက အလုပ်လုပ်နေဆဲဖြစ်ပြီး အင်ဆူလင်ကိုလည်း ဆက်လက်ထုတ်လုပ်နိုင်ပါတယ်။ ကျန်းမာတဲ့ သွေးချိုပမာဏ ရရှိအောင် ထိန်းညှိနိုင်တဲ့ အနေအထားတော့ မဟုတ်ဘူးပေါ့။
အမျိုးအစား – ၁.၅ ကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းလို့ ယူဆရတဲ့ အချက်ကတော့ ပန်ခရိယဆဲလ်၊ အင်ဆူလင် ဒါမှမဟုတ် ပန်ခရိယအင်ဇိုင်းလုပ်ငန်းစဉ်တွေကို ပြန်လည်တိုက်ခိုက်မယ့် autoantibodies ရှိနေတာကြောင့် ဖြစ်ပါတယ်။
အမျိုးအစား -၁.၅ ဆီးချိုရှိသူတွေက အဝမလွန်ကြပါဘူး။ သူတို့က ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်တောင် နည်းနေတတ်ကြပါတယ်။ သွေးတွင်းသကြားဓာတ် မြင့်တက်မှုကြောင့် ကိုယ်အလေးချိန် ကျလာတဲ့ သဘောပါ။
ဘယ်လို စစ်ဆေး သိရှိနိုင်မလဲ
- Hemoglobin A1c စစ်ဆေးခြင်း
- မနက်ခင်း သွေးတွင်း သကြားဓာတ် စစ်ဆေးခြင်း
- သွေးတွင်းသကြားဓာတ်ကို အခွင့်သင့်သလို စစ်ဆေးခြင်း
- သကြားရည်သောက်ပြီး သွေးတွင်းသကြားဓာတ်ကို စစ်ဆေးခြင်း
- Antibody စစ်ဆေးခြင်း နည်းလမ်းတွေနဲ့ စစ်ဆေးနိုင်ပါတယ်။
ဘယ်လို ဂရုစိုက်ရမလဲ
အမျိုးအစား -၁.၅ ဆီးချို ရှိပေမယ့်လည်း နေ့စဉ်ဘဝမှာ ကျန်းမာပျော်ရွှင်စွာနဲ့ သက်တမ်းစေ့အောင် နေထိုင်လို့ ရပါတယ်။ ဒီလို ကျန်းမာနေစေဖို့ဆိုရင်
- ပုံမှန် သွေးချိုတိုင်းတာ စစ်ဆေးပါ (အိမ်မှာတင် သွေးချိုစစ်တဲ့ စက်နဲ့ပါ)
- ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ
- အသီးအရွက် များများစားပါ
- ရေများများ သောက်ပါ
- အိပ်ရေးဝဝ အိပ်ပါ
- ဆေးကို အချိန်မှန် မပျက်မကွက် သောက်ပါ
- ကုသကို သေချာ ခံယူပါ
- ပုံမှန် ကျန်းမာရေး စစ်ဆေးမှုတွေကို လုပ်ဆောင်ပါ။
ဒီလို လုပ်ဆောင်ပေးတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာမှာ အထောက်အကူ ဖြစ်စေနိုင်သလို နောက်ဆက်တွဲ ရောဂါတွေ ဝင်မလာအောင်လည်း တားဆီးနိုင်မှာပါ။
[embed-health-tool-bmi]