ရင်သားကင်ဆာဖြစ်ပွားစေနိုင်တဲ့ အလေ့အထများ

    ရင်သားကင်ဆာဖြစ်ပွားစေနိုင်တဲ့ အလေ့အထများ

    ရင်သားကင်ဆာဟာ အခုခေတ်မှာ အမျိုးသမီးသေဆုံးမှုကို ဖြစ်စေတဲ့ ရောဂါတွေထဲက အဓိက တစ်ခုဖြစ်ပါတယ်။ သင်လုပ်နေကျ အကျင့်အချို့ဟာ ရင်သားကင်ဆာ ဖြစ်ပွားနှုန်း မြင့်တက်စေတယ်ဆိုတာ သင်သိပါသလား။ ဒီဆောင်းပါးမှာ လူနေမှုပုံစံနဲ့ ဆက်စပ်တဲ့ အချက်တွေကို သေချာစွာ ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ ဒီတော့ ရင်သားကင်ဆာဖြစ်ပွားစေနိုင်တဲ့ အလေ့အထများ က ဘာတွေများလဲဆိုတာ ကြည့်လိုက်ရအောင်လား …..

    ရင်သားကင်ဆာဖြစ်ပွားစေနိုင်တဲ့ အလေ့အထများ

    ရင်သားကင်ဆာဖြစ်ပွားစေနိုင်တဲ့ အလေ့အထများ ကတော့

    • အရက်သောက်ခြင်း

    Data of epidemiology အရ အရက်သောက်ခြင်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရင်သားကင်ဆာကို ၄ရာခိုင်နှုန်းထိ ဖြစ်ပွားစေပါတယ်။ အရက်ကိုနေ့တိုင်းသောက်ခဲ့ရင် အရက်မှာ ပါဝင်တဲ့ ၁၀ ဂရမ် ethanol တိုင်းဟာ ရင်သားကင်ဆာ ဖြစ်ပွားနှုန်းကို ၁၀% မြင့်တက်စေတယ်လို့လည်း ဖေါ်ပြကြပါတယ်။

    အရက်သောက်ခြင်းနဲ့ ရင်သားကင်ဆာဖြစ်ပွားမှုရဲ့ ဆက်နွယ်မှုကတော့ ရှင်းလင်းပါတယ်။ အရက်ပိုများများသောက်ရင် ရောဂါဖြစ်ပွားမှု ပိုမိုမြင့်တက် လာမှာပါ။

    • ဆေးလိပ်သောက်ခြင်း

    ဆေးလိပ်သောက်ခြင်းဟာ အန္တရာယ်များတဲ့ ရောဂါအတော်များများနဲ့ ကင်ဆာ အများစုရဲ့ အကြောင်းရင်းဖြစ်သလိုမျိုး ရင်သားကင်ဆာဟာလည်း ချွင်းချက်မဟုတ်ပါဘူး။ ဆေးလိပ်ထဲမှာပါဝင်တဲ့ Aromantic hydrocarbons တွေဟာ ကင်ဆာ ဖြစ်စေနိုင်ပါတယ်။

    Hydrocarbons တွေနဲ့ Genetic polymorphism တို့ ပေါင်းစပ်ပြီး ရင်သားကင်ဆာ ဖြစ်ပွားစေနိုင်ပါတယ်။ ၂၀၁၄မှာ US Surgeon General report က ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေဟာ မသောက်တဲ့အမျိုးသမီးတွေနဲ့ ယှဉ်ရင် ၁၀% ပိုပြီး ရင်သားကင်ဆာဖြစ်ပွားနိုင်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။

    • ကိုယ်အလေးချိန်များခြင်း (သို့) အဝလွန်ခြင်း

    သွေးဆုံးပြီး ကိုယ်အလေးချိန်များခြင်း (သို့) အဝလွန်ခြင်းဟာ ရင်သားကင်ဆာရရှိနိုင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ သွေးမဆုံးခင်မှာ Estrogen ကို မျိုးဥအိမ်က အဓိက ထုတ်ပြီးတော့ အဆီတစ်ရှူးတွေက အနည်းငယ်သာ ထုတ်ပါတယ်။ ဒါပေမယ့် သွေးဆုံးပြီးရင်တော့ မျိုးဥအိမ်က etrogen ကို မထုတ်တော့ပဲ အဆီတစ်ရှူးတွေကသာ အဓိက ထုတ်လုပ်ပါတယ်။

    ဒီလိုအချိန်မှာ အဆီတစ်ရှူးတွေ ပိုရှိလေလေ Estrogen တွေ ခန္ဓါကိုယ်ထဲမှာ ပိုများလေလေဖြစ်ပြီးတော့ ရင်သားကင်ဆာ ဖြစ်ပွားနှုန်း ပိုများလေလေပဲ ဖြစ်ပါတယ်။

    ဒါ့ပြင် ကိုယ်အလေးချိန်များတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့သွေးထဲမှာ အင်ဆူလင် ပမာဏ များနေတတ်ပါတယ်။ ရင်သားကင်ဆာဟာလည်း သွေးတွင်း အင်ဆူလင်ဓါတ်များခြင်းနဲ့ ဆက်စပ်နေတဲ့ ကင်ဆာတွေထဲက အမျိုးအစားတစ်ခုဖြစ်ပါတယ်။

    • ကိုယ်လက်လှုပ်ရှားမှု မလုပ်ခြင်း

    ကိုယ်လက်လှုပ်ရှားမှု မလုပ်ခြင်းဟာ ရင်သားကင်ဆာဖြစ်နိုင်တဲ့ သီးခြားဖြစ်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဟာ ကိုယ်တွင်း စတီးရွိက်ဟော်မုန်း ဓါတုဇီဝဖြစ်စဉ်နဲ့ ရောင်ရမ်းခြင်းတို့ပေါ် အကျိုးသက်ရောက်မှု ရှိခြင်းကြောင့် သွေးဆုံးပြီး ရင်သားကင်ဆာဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ ပြီးတော့ သူဟာ ကိုယ်ခန္ဓါအတွင်းအဆီဓါတ်ကို လျော့ကျစေပြီး ကိုယ်ခံအားစနစ်ကို တိုးတက်စေပါတယ်။

    ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်းဟာ ရင်သားကင်ဆာဖြစ်ပွားနှုန်းကို ၂၅% ကနေ ၃၀% အထိ လျှော့ချပေးနိုင်တယ်လို့ သက်သေပြထားပြီး ဖြစ်ပါတယ်။ Women’s Health Initiative ရဲ့ လေ့လာမှုတစ်ခုအရ တစ်ပတ်ကို တစ်နာရီ ၁၅ မိနစ်ကနေ ၂ နာရီခွဲလောက် လမ်းလျှောက်ခြင်းဟာ ကင်ဆာဖြစ်ပွားနှုန်းကို ၁၈% လျှော့ချပေးပါတယ်။

    ကိုယ်လက် လှုပ်ရှားမှုနဲ့ သွေးဆုံးပြီး ရင်သားကင်ဆာဖြစ်ခြင်းတို့ရဲ့ ဆက်စပ်မှုကြောင့် ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းဟာ ရင်သားကင်ဆာကို ပိုမိုဖြစ်စေနိုင်တယ်လို့ အဓိပ္ပါယ် သက်ရောက်ပါတယ်။

    သန္ဓေတားဆေး၊ ထိုးဆေး၊ လက်မောင်းထဲ ထည့်ပစ္စည်း၊ သားအိမ်အတွင်းထည့် ပစ္စည်း၊ အရေပြားကပ် ပစ္စည်း၊ မိန်းမကိုယ် အကွင်း အစရှိတဲ့ ကိုယ်ဝန်တားတဲ့ ပစ္စည်း အများအပြားဟာ ရင်သားကင်ဆာနဲ့ ဆက်စပ်နေပါတယ်။

    ကိုယ်ဝန်တားနည်း အသုံးပြုသူအမျိုးသမီးတွေဟာ အသုံးမပြုသူတွေထက် ရင်သားကင်ဆာ အနည်းငယ် ပိုမို ဖြစ်ပွားနိုင်တယ်ဆိုတာ သိပ္ပံပညာအရ သက်သေပြပြီး ဖြစ်ပါတယ်။ ပြီးတော့ သူတို့သုံးတဲ့ ကိုယ်ဝန်တားနည်းတွေပေါ် မူတည်ပြီး ရပ်လိုက်ပြီး ၅နှစ်ကနေ ၁၀နှစ်အကြာမှာတော့ ရင်သားကင်ဆာကို ပိုမိုဖြစ်ပွားစေခြင်း မရှိတော့ပါဘူး။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံ
    Dr . Phyu Mon Latt မှ ရေးသားသည်။ 23/08/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. K Zin Thwe မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။