အစားအစာ နှင့် ဓာတ်မတည့်ခြင်း ပြဿနာ။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစားအစာ နှင့် ဓာတ်မတည့်ခြင်း ပြဿနာ။

    Food allergies လို့ခေါ်တဲ့ အစားအစာ တစ်ခုခုနဲ့ ဓာတ်မတည့်ခြင်းဟာ အဖြစ်များတဲ့ ပြသနာတစ်ခုဖြစ်ပြီး သိပ်မပြင်းထန်ရင်တော့ ရောဂါလက္ခဏာ အနည်းငယ်ပဲ ပြနိုင်ပြီး ပြင်းထန်ရင်တော့ အသက်အန္တရာယ်ရှိနိုင်တဲ့ အထိ ဖြစ်စေနိုင်ပါတယ်။ ဓါတ်မတည့်တဲ့ အစားအစာ တစ်ခုခုကို စားလိုက်တဲ့ အခါမှာ ခန္ဓာကိုယ်က အဲဒီအစားအစာကို အန္တရာယ်ရှိတဲ့ ပစ္စည်းတစ်ခု အနေနဲ့ သတ်မှတ်လိုက်ပြီး ပြန်လည်ခုခံတာကြောင့် ရောဂါ လက္ခဏာတွေ ဖြစ်လာရတာပါ။

    ဘယ်လို လူတွေမှာ အစားအစာ နဲ့ ဓာတ်မတည့်တဲ့ ပြသနာ ပိုဖြစ်နိုင်လဲ။

    ၁။ ကလေးငယ်တွေ

    အချို့သော အစားအစာတွေ နဲ့ ဓာတ်မတည့်တဲ့ ပြသနာတွေဟာ မွေးကင်းစကလေးငယ်တွေ၊ လေးဘက်ထောက်အရွယ်ကလေးလေးတွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။ တစ်ချို့သော အစားအစာ (ဥပမာ- နို့၊ ပဲ၊ ဥအမျိုးမျိုး) တွေနဲ့ ဓာတ်မတည့်ခြင်းတွေဟာ အသက်ကြီးတဲ့အခါ တဖြည်းဖြည်းလျော့နည်းလာနိုင်ပါတယ်။ တချို့သော အစားအစာတွေကတော့ အသက်ကြီးတဲ့ လူတွေမှာလည်း ဖြစ်နိုင်ပါတယ်။

    ၂။ မိသားစု ရောဂါရာဇဝင်ရှိသူများ

    အစားအစာနဲ့ ပတ်သတ်တဲ့ ဓာတ်မတည့်ခြင်း ရောဂါရာဇဝင်မှမဟုတ်ပါဘူး။ အခြား ဓာတ်မတည့်ရောဂါများ (ဥပမာ ပန်းနာရင်ကျပ် နှင်းခူhay fever ) စတဲ့ ရောဂါရာဇဝင်တွေ ကိုယ့်မိသားစုဝင်တွေမှာ ရှိမယ်ဆိုရင်တော့ ကိုယ့်မှာ ဖြစ်နိုင်ချေပိုပြီး များပါတယ်။

    ၃။ အရင်က အခြား ဓာတ်မတည့်တဲ့ ပြသနာတွေ ရှိဖူးရင်။

    မိသားစုဝင်တွေမှာ မရှိဘဲ သင်ကိုယ်တိုင်မှာ အရင်က ဓာတ်မတည့်တာတွေ ခဏခဏ ဖြစ်ဖူးရင်၊ ပန်းနာရင်ကျပ်၊ နှင်းခူ စတဲ့ ရောဂါတွေဖြစ်ဖူးရင်လည်း ဒီလို အစားအသောက်တွေနဲ့ ဓာတ်မတည့်တာ ပိုပြီး ဖြစ်နိုင်ချေများတဲ့ အပြင် ဖြစ်လာရင်လည်း ရောဂါလက္ခဏာတွေလည်း ပိုပြင်းထန်နိုင်ပါတယ်။

    ဓာတ်မတည့်ခြင်းပြဿနာ အဖြစ်များတဲ့ အစားအစာ များ

    နွားနို့၊ ဥအမျိုးမျိုး၊ မြေပဲ၊ ငါး နှင့် ပင်လယ်စာများ(အထူးသဖြင့် အခွံမာပင်လယ်စာများ)၊ အစေ့အဆံများ၊ ဂျုံ ၊ပဲစတာတွေ က အဖြစ်များတဲ့ အစားအစာတွေပါ။

    ဓာတ်မတည့် ရင် ဘယ်လို ရောဂါလက္ခဏာတွေ ဖြစ်လာနိုင်လဲ။

    သိပ်မပြင်းထန်ဘူးဆိုရင်တော့

    (၁) အင်ပြင်ထခြင်း၊ နီရဲလာခြင်း၊ ရောင်ရမ်းခြင်း။

    (၂) ယားယံခြင်း။

    (၃) နှာစေး၊ နှာရည်ယို၊ နှာချေခြင်း။

    (၄) ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း တွေ ဖြစ်နိုင်ပါတယ်။

    ပြင်းထန်ရင်တော့

    (၁) အသက်ရှူရခက်ခဲခြင်း၊ အသက်ရှူရာတွင် တရွှီရွှီမြည်သံကြားရခြင်း။

    (၂) မျက်နှာ၊ နှုတ်ခမ်း၊ လျှာနဲ့ လေပြွန်တွေပါ ရောင်ရမ်းလာခြင်း။

    (၃) ခေါင်းမူပြီး မူးမေ့လဲခြင်း၊ သတိလစ်ခြင်း။

    (၄) ပျိုု့အန်ခြင်း၊ ဝမ်းလျှောခြင်း။

    (၅) ရင်ဘတ်အောင့်ခြင်း စတဲ့ရောဂါ လက္ခဏာတွေ ဖြစ်စေနိုင်ပါတယ်။

    ဓာတ်မတည့်တဲ့ လက္ခဏာတွေ ဖြစ်လာရင် ဘယ်လိုလုပ်ကြမလဲ။

    ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်လာပြီ ဆိုရင်တော ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုအပ်ပါတယ်။ မပြင်းထန်တဲ့ အခြေအနေအတွက် ဆိုရင်တော့ နီပြီး ယားနေတဲ့ နေရာတွေကို အေးစေတဲ့ ရှားစောင်းလက်ပပ် gel တစ်ခုခု လိမ်းတာမျိုးပဲဖြစ်ဖြစ်၊ anti-histamine ပါဝင်တဲ့ ဆေးတစ်မျိုးမျိုး သောက်တာမျိုး ဖြစ်ဖြစ် နဲ့ သက်သာအောင် လုပ်နိုင်ပါတယ်။

    မဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်နိုင်လဲ။

    အရှေ့မှာ ပြောပြထားသလို ကိုယ်က ဖြစ်နိုင်ချေ ပိုများတဲ့ သူဆိုရင် သေသေချာချာ ဂရုစိုက်ပေးသင့်ပါတယ်။ အကောင်းဆုံး ကာကွယ်နည်းကတော့ နောက်ထပ်မဖြစ်အောင် ဓာတ်မတည့်တဲ့ အစားအစာတွေကို သေချာမှတ်ထားပြီး ကြိုတင်ကာကွယ်ပေးဖို့ပဲ ဖြစ်ပါတယ်။

    Takeaways

    ဓာတ်မတည့်ရောဂါရာဇဝင်ရှိသူတွေ မနေနဲ့ ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အစားအစာတွေကို သေသေချာချာ သိအောင်ရှာဖွေမှတ်ထားပြီး နောက်တစ်ခါ အဲဒီ အစားအစာတွေ မစားမိအောင် ရှောင်ကြဉ်သင့်ပါတယ်။ အသင့်လုပ်ထားတဲ့ အစားအစာတွေကို စားတဲ့အခါမှာလည်း ပါဝင်ပစ္စည်းတွေကို သေသေချာချာစစ်ဆေးကြည့်ပြီး ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အစားအစာမပါဝင်မှ စားသုံးဖို့ သတိထားသင့်ပါတယ်။

    ကျန်းမာကြပါစေ။

    ရေးသားသူ- Khine Phoo Ngon

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement