backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

လက်ချောင်းကြားမှာ အရည်ကြည်ဖုပေါက် တဲ့ နှင်းခူရောဂါ

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


14/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လက်ချောင်းကြားမှာ အရည်ကြည်ဖုပေါက် တဲ့ နှင်းခူရောဂါ

လက်ချောင်းကြားမှာ အရည်ကြည်ဖုပေါက် တဲ့ ပြဿနာကို ကိုယ်တိုင်ဖြစ်ဖြစ်၊ တခြားသူမှာ ပေါက်တာဖြစ်ဖြစ် တွေ့ဖူးကြမှာပါ။ တချို့များဆို လက်ချောင်းတွေမှာ အရည်ကြည်ဖုတွေနဲ့ တင်းပြီး ရောင်ကိုင်းနေတတ်ပါတယ်။ ဒါက ဘယ်လိုအရေပြားရောဂါလဲ။ ကူးစက်တတ်လား။ အရည်ကြည်ဖုတွေကို ဖောက်လိုက်ရင် သက်သာသွားမှာလား။

လက်ချောင်းကြားမှာ အရည်ကြည်ဖုပေါက် တဲ့ နှင်းခူရောဂါ

ဒါကို Dyshidrotic eczema လို့‌ခေါ်ပါတယ်။ အရည်ကြည်ဖုလေးတွေက ပူစီဖောင်းလေးတွေနဲ့ တူတဲ့အတွက် Pompholyx လို့လည်း ခေါ်ကြပါတယ်။ ဒါက အရေပြားနှင်းခူရောဂါတစ်မျိုး ဖြစ်ပါတယ်။ ထူးခြားချက်က လက်ချောင်း၊ လက်ဖဝါး၊ ခြေချောင်းနဲ့ ခြေဖဝါးတွေမှာပဲ ဖြစ်ပါတယ်။

ဒီရောဂါ ဘာကြောင့်ဖြစ်ရတာလဲ

နှင်းခူရောဂါတို့ရဲ့ သဘာဝအတိုင်း ဖြစ်ရတဲ့ အကြောင်းအရင်း အတိအကျ မရှိပါ။ မျိုးဗီဇ၊ ပတ်ဝန်းကျင်အခြေအနေ၊ ခုခံအားတုံ့ပြန်မှု စတာတွေပေါ် မူတည်နေပါတယ်။

ဒီအရေပြားရောဂါ ရှိတဲ့သူတွေက ကိုယ်နဲ့မတည့်တာကို ထိတွေ့မိတဲ့အခါ ပိုဆိုးတတ်ပါတယ်။ ဥပမာ တချို့က သတ္တု(ကြေးနီ)လိုမျိုးတွေနဲ့ မတည့်ပါ။ တချို့က ဆပ်ပြာမှုန့်မှာပါတဲ့ ဓာတ်တွေ၊ ဘိလပ်မြေ စသဖြင့် တစ်ယောက်ချင်းဆီမှာ မတည့်တာလေးတွေ သီးသန့်ရှိတတ်ပါတယ်။

တချို့တွေကတော့ စိတ်ဖိစီးမှုများရင် ပိုဖြစ်တတ်ပါတယ်။ စာမေးပွဲရာသီဆို တချို့ကျောင်းသားတွေရဲ့ လက်မှာ အရည်ကြည်ဖုလေးတွေ ထွက်တတ်တာကို တွေ့ရပါတယ်။

လက်ချောင်းကြားမှာ အရည်ကြည်ဖုပေါက် တာအပြင် ဘာဖြစ်တတ်သေးလဲ

နှင်းခူရောဂါတွေရဲ့ ထုံးစံအတိုင်း ဒီအရည်ကြည်ဖုလေးတွေက ဖြစ်လိုက် ပျောက်လိုက် ဖြစ်နေတတ်ပါတယ်။ အပြီးမပျောက်ဘဲ ကိုယ်နဲ့ မတည့်တာကို ထိမိကိုင်မိတိုင်း ပြန်ပြန်ကြွတတ်ပါတယ်။

ရောဂါတစ်ခါကြွရင် ၂-၃ပတ်လောက် ကြာတတ်ပါတယ်။ ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့ လက်ဖဝါး၊ လက်ချောင်း၊ ခြေဖဝါး၊ ခြေချောင်းမှာ အရည်ကြည်ဖု ပေါက်တာအပြင်

  • အဖုလေးတွေက ယားတတ်ပါတယ်။
  • နာပါတယ်။
  • အရေပြားက အဖက်လေးတွေ ကွာတတ်ပါတယ်။
  • ‌အရည်ကြည်ဖု‌ထဲက အရည်တွေ စိမ့်တတ်ပါတယ်။
  • အရည်ကြည်ဖု ပျောက်သွားတဲ့အခါ အရေပြားက ခြောက်သွေ့အက်ကွဲပြီး ကျန်တတ်ပါတယ်။

အရည်ကြည်ဖုတွေကို မနေနိုင် မထိုင်နိုင် သွားကုတ်မိရင်၊ သွားဖောက်မိရင် အရေပြားက ထူပိတ်ကျပ်ခဲကြီး ဖြစ်တတ်ပါတယ်။ အရေပြား ပိုးဝင်ပြီး လက်ချောင်းတွေ ကွေးမရ၊ ဆန့်မရနဲ့ ရောင်ကိုင်းနေတတ်ပါတယ်။

လက်ချောင်းကြားမှာ အရည်ကြည်ဖုပေါက် တိုင်း Dyshidrotic eczema လား။ ဒီလိုတော့လည်း မဟုတ်ပြန်ပါဘူး။  Hand, foot and mouth diseaseဆိုရီယေးစစ်သဲဝဲစား‌ရောဂါ စတာတွေလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကို ဘာရောဂါလည်း မသေချာရင် ဆရာဝန်နဲ့ ပြသပါ။

Pompholyx မှန်း ဘယ်လိုသိနိုင်မလဲ

အဓိကကတော့ လူနာရဲ့ ရောဂါရာဇဝင်၊ လက္ခဏာတွေကနေ ခွဲလို့ရပါတယ်။ တခြားရောဂါတွေနဲ့ တူနေရင်တော့ သွေးစစ်တာ၊ Allergy testတွေ လုပ်ရနိုင်ပါတယ်။

Dyshidrotic eczema က ကူးစက်တတ်သလား

ဒီအရည်ကြည်ဖုက အရည်တွေက စိမ့်ထွက်တတ်ပါတယ်။ ဒါပေမဲ့ ပြဿနာ မရှိပါဘူး။ ဒါက ကူးစက်ရောဂါ မဟုတ်လို့ သူများထိမိရင် မကူးပါ။ ကိုယ့်ခန္ဓာကိုယ်က တခြားတစ်နေရာရာကို ထိမိရင်လည်း အရည်ကြည်ဖု ထပ်မပေါက်ပါ။

အရည်ကြည်ဖုက အရည်က မကူးဘူးဆိုပြီး အရည်ကြည်ဖုကို ဖောက်တာ၊ ညှစ်တာတွေတော့ မလုပ်ရပါ။ ပိုးဝင်ပြီး ပိုဆိုးတတ်ပါတယ်။

Dyshidrotic eczema ကို ဘယ်လိုကုသနိုင်သလဲ

ဒီအရေပြားရောဂါက နာတာရှည် ဖြစ်လိုက် ပျောက်လိုက် ရောဂါဖြစ်တဲ့အတွက် လူနာရဲ့ ဂရုစိုက်မှုက သိပ်ကို အရေးကြီးပါတယ်။ သူနဲ့ မတည့်တာကိုမထိရင် အေးအေးဆေးဆေး လူကောင်းတစ်ယောက်လို နေနိုင်ပါတယ်။

‌ရောဂါကြွလာချိန်မှာ လူနာအနေနဲ့ လုပ်နိုင်တာတွေကတော့

  • လက်ဆေးတဲ့အခါ ရေကြက်သီးနွေးကို သုံးပါ။
  • ယားယံတာတွေ၊ ရောင်ရမ်းတာတွေ သက်သာစေဖို့ ရေအေးဝတ်လေး ကပ်ပေးပါ။ ရေအေးဝတ်ကပ်ပြီးရင် လေသလပ်ခံထားပြီး ခြောက်တာနဲ့ အစိုဓာတ်ထိန်းကရင်မ် လိမ်းပေးပါ။ ဒီလိုမျိုး တစ်ရက်ကို ၃-၄ကြိမ် လုပ်ပေးလို့ ရပါတယ်။
  • လက်တွေ၊ ခြေထောက်တွေ ခြောက်တာနဲ့ အစိုဓာတ်ထိန်းကရင် လိမ်းပေးပါ။
  • ရေချိုးပြီးတဲ့အခါ ခပ်ဖွဖွသုတ်ပြီး အစိုဓာတ်ထိန်းကရင် လိမ်းပေးပါ။
  • အရည်ကြည်ဖုတွေ ပေါက်နေတဲ့အချိန်မှာ လက်အိတ်တွေ၊ ခြေအိတ်တွေ၊ ဖိနပ်အပိတ်တွေ မဝတ်ပါနဲ့။
  • ယားတဲ့အခါ မကုတ်မိအောင် လက်သည်းတိုတိုညှပ်ထားပါ။
  • လက်မှာဝတ်ထားတဲ့ လက်စွပ်တွေ၊ လက်ကောက်တွေ ချွတ်ထားပါ။ ဆပ်ပြာအပြင်းစားတွေ မသုံးပါနဲ့။ ကိုယ်နဲ့ မတည့်တာကို လုံးဝသွားမထိပါနဲ့။
  • တတ်နိုင်သမျှ စိတ်ဖိစီးမှု နည်းအောင်နေပါ။ ကောင်းသွားမှာလို့ အကောင်းမြင်စိတ်ထားပါ။
  • အရည်ကြည်ဖုတွေကို ဖောက်တာ၊ ကုတ်တာတွေ မလုပ်ရပါ။

ပြီးရင် ဆရာဝန်နဲ့ ပြဖို့လည်း လိုပါတယ်။ ဆရာဝန်နဲ့ပြတဲ့အခါ

  • အယားသက်သာအောင် ဆေးတွေ ပေးပါလိမ့်မယ်။
  • ရောင်ရမ်းတာ သက်သာအောင် စတီးရွိုက်လိမ်းဆေးတွေ ပေးပါလိမ့်မယ်။ ဆရာဝန်ညွှန်တဲ့အတိုင်း သေချာလိမ်းပါ။
  • အရည်ကြည်ဖုက အရည်စိမ့်နေရင် ဖန်ရည်ဆေးခိုင်းပါလိမ့်မယ်။ ရေအေးအေးနဲ့ ဆေးပါ။ ဖန်ရည်က အရည်ကြည်ဖုတွေကို ခြောက်စေတဲ့အတွက် ပိုးမဝင်အောင် ကာကွယ်ပေးပါလိမ့်မယ်။
  • အရည်ကြည်ဖုတွေက ပိုးဝင်နေရင်တော့ ပိုးသတ်ဆေးတွေ ပေးပါလိမ့်မယ်။

ဒီလောက်ဆို အများစုက ၂ပတ်၊ ၃ပတ်လောက်နေရင် သက်သာသွားကြပါတယ်။ တကယ်လို့ မသက်သာဘူး။ ပိုဆိုးတယ်ဆိုရင်တော့ ပိုပြီးမြင့်တဲ့ဆေးတွေ ဖြစ်တဲ့

  • စတီးရွိုက်သောက်ဆေးတွေ
  • UVလှိုင်းနဲ့ကုသတာတွေ
  • ခုခံအားထိန်းညှိဆေးတွေနဲ့ ကုသရပါလိမ့်မယ်။

လက်ချောင်းကြားမှာ အရည်ကြည်ဖုပေါက် တာကို ဘယ်လိုကာကွယ်နိုင်မလဲ

Dyshidrotic eczema က ဘာကြောင့်ဖြစ်မှန်း မသိတဲ့အတွက် လုံးဝမဖြစ်‌အောင်တော့ ကာကွယ်လို့ မရပါဘူး။ ဒါပေမဲ့ ခဏခဏ ပြန်မဖြစ်စေဖို့

  • ကိုယ်နဲ့ မတည့်တာကို ရှာပြီး မထိတွေ့မိအောင် ရှောင်ပါ။
  • အစိုဓာတ်ထိန်းကရင်လိမ်းပါ။
  • လက်တွေ၊ ခြေထောက်တွေကို ခြောက်သွေ့အောင်ထားပါ။
  • ဆပ်ပြာအပျော့စားတွေကိုပဲ အသုံးပြုပါ။

လက်ချောင်းကြားမှာ အရည်ကြည်ဖုပေါက် တဲ့အခါ အ‌ရေပြားပြဿနာတင် ခံစားရတာ မဟုတ်ဘဲ လူတွေ မြင်တွေ့နိုင်တဲ့နေရာမှာ ဖြစ်နေတာကြောင့် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကိုပါ ခံစားရတတ်ပါတယ်။ ဒါကြောင့် မြန်မြန်သက်သာဖို့၊ ခဏခဏပြန်မဖြစ်ဖို့ အထက်ပါ အချက်တွေကို လိုက်နာဖို့ လိုပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Written by

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


14/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement