backup og meta

ကျန်းမာစေဖို့ ဆေးသောက်ရာဝယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာစေဖို့ ဆေးသောက်ရာဝယ်

    နေထိုင်မကောင်းဖြစ်လို့ ဆေးသောက် တဲ့အခါ ခံစားနေရတဲ့ကျန်းမာရေးပြဿနာကို လိုက်ပြီး သောက်ရတဲ့ ဆေးဝါးတွေက ကွာခြားနိုင်ပါတယ်။ နှာစေးတာဆို နှာစေးသက်သာစေဖို့ ထုတ်ထားတဲ့ ဆေးတစ်မျိုးမျိုးကို သောက်ရမှာဖြစ်သလို ချောင်းဆိုးတာအတွက်ဆိုရင်လည်း ချောင်းဆိုးတာအတွက် သောက်ရတဲ့ဆေးကို သောက်မှ သက်သာမှာပါ။ နှာစေးနေတာကို ခေါင်းကိုက် ပျောက်ဆေး သောက်လို့တော့ သက်သာ မသွားတာ အသေအချာပါ။

    ဆေးတွေကို ကျန်းမာရေးအခြေအနေကို လိုက်ပြီး သောက်ရတာအပြင် နောက်တစ်ချက်က ဆေးညွှန်းအတိုင်း မှန်အောင် သောက်ဖို့ပါ။ တစ်နေ့ကို (၂) ကြိမ် သောက်ရမယ့်ဆေးကို တစ်ကြိမ်တည်း သောက်တာမျိုးကလည်း ရောဂါကနေ သက်သာဖို့ အချိန်ကြာစေမှာပါ။ ဒီတော့ ဆေးသောက်တဲ့အခါ အာနိသင်ထိရောက်ပြီး ရောဂါသက်သာစေဖို့ ဘယ်အချက်လေးတွေကို ဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

    ကျန်းမာစေဖို့ ဆေးသောက်ရာဝယ်

    ကျန်းမာစေဖို့ ဆေးသောက်ရာဝယ် သိထားရမယ့် အချက်လေးတွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    ဆေးတွေကို သေချာ မသောက်တဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲ

    ဆေးတွေကို ဆေးညွှန်းအတိုင်း မသောက်ဘဲ အဆင်ပြေသလို သောက်မယ်။ ဆေးတွေကို နည်းစနစ်မှန်မှန် မသောက်ဘဲ ဝါးမစားဖို့ ဆေးညွှန်းဖော်ပြထားတဲ့ ဆေးတွေကို ဝါးစားတာမျိုးလုပ်မယ်။ အချိန်မှန် မနက်တစ်ကြိမ် ည တစ်ကြိမ်သောက်ပါလို့ ညွှန်းထားတဲ့ ဆေးတွေကို ဆေးညွှန်းအတိုင်း မဟုတ်ဘဲ သတိရသလို သောက်မယ်ဆိုရင် ရောဂါအခြေအနေက တိုးတက် ကောင်းမွန်မလာဘဲ အခြေအနေပိုပြင်းထန်လာနိုင်ပါတယ်။

    ဆေးရုံတက်ရောက် ကုသစရာမလိုတဲ့ ကျန်းမာရေးပြဿနာတွေက ဆေးရုံတက်ရောက် ကုသခံယူရတဲ့ အခြေအနေထိ ရောက်လာနိုင်သလို အဆိုးဆုံးအနေနဲ့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးကို ညွှန်ကြားထားတဲ့အတိုင်း အချိန်မှန်၊ သောက်နည်းမှန်၊ ပမာဏမှန် သောက်ဖို့ လိုပါမယ်။

    လူနာတွေ ဘာကြောင့် ဆေးညွှန်းမှန်မှန် မသောက်ကြတာလဲ

    လူနာ တော်တော်များများက ဆရာဝန်တွေ ဆေးဝါးကျွမ်းကျင်သူတွေ ညွှန်ကြားတဲ့အတိုင်း တသွေမသိမ်း လိုက်နာတာမျိုးလုပ်ဆောင်ဖို့ ပျက်ကွက်ကြပါတယ်။ ဒီလို ပျက်ကွက်တာကလည်း အချို့သော အခြေအနေတွေကြောင့်ပါ။ ဘယ်လို အခြေအနေတွေလဲဆိုတော့

    • ဆေးညွှန်းကို သေချာ နားမလည်တာ
    • ဆေးသောက်ဖို့ မေ့တာ
    • ရောဂါအမျိုးမျိုးအတွက် ဆေးအမျိုးမျိုး သောက်နေရတာ
    • ဆေးရဲ့ အချို့သော ဘေးထွက်ဆိုးကျိုးတွေက အတော်လေး ပြင်းထန်တာတွေကြောင့် ဆေးတွေကို ဆေးညွှန်းအတိုင်း အတိအကျ လိုက်နာ သောက်သုံးမှုကို မလုပ်ကြတာပါ။

    ဆေးတွေကို ဆေးညွှန်းအတိုင်း၊ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သေချာလေး သောက်ပေးတာက နာတာရှည် ကျန်းမာရေး ပြဿနာတွေကို ကောင်းကောင်း ထိန်းချုပ်ပေးနိုင်မှာ ဖြစ်သလို ခဏတဖြုတ် ယာယီ ဖျားနာတာမျိုးကိုလည်း အချိန်တိုတိုအတွင်းမှာ သက်သာစေနိုင်မှာပါ။ ဒါကြောင့် ဆေးတွေကို ဆေးညွှန်းအတိုင်း တိတိကျကျ လိုက်နာ သောက်သုံးဖို့ အရေးကြီးပါတယ်။

    ကျန်းမာစေဖို့ ဆေးသောက်ရာဝယ်

    ဆေးတွေကို အထိရောက်ဆုံးဖြစ်အောင် ဘယ်လို သောက်ကြမလဲ

    ဆေးတွေကို အထိရောက်ဆုံး ဖြစ်အောင် အခုလိုလေး သောက်သုံးပေးဖို့ လိုပါမယ်။

    • အနာနဲ့ ဆေး တည့်အောင် သောက်ပါ။ ဆိုလိုတာက ဖြစ်တဲ့ရောဂါနဲ့ ဆေးနဲ့ ကိုက်ပါစေ။
    • ဆေးတွေကို နေ့တိုင်း အချိန်တစ်ခု တိတိကျကျ သတ်မှတ်ပြီး အချိန်မှန်မှန် သောက်ပါ။
    • ဆေးသောက်တာကို နေ့စဉ်လုပ်နေကျ မျက်နှာသစ် သွားတိုက်တာတွေလိုမျိုး အလေ့အကျင့်ဖြစ်အောင် ဂရုစိုက်ပါ။ ဆေးကို အစားမစားခင် သောက်ရမှာဆိုရင် အစားမစားခင်မှာ သေချာ သောက်ဖြစ်ဖို့ ဂရုစိုက်ရမှာ ဖြစ်သလို အစားပြည့်ပြည့်ဝဝ စားပြီးမှ သောက်ရမှာဆိုရင်တော့ အစားစားပြီးချိန်မှ သောက်ဖို့ လိုပါမယ်။။
    • ဆေးသောက်ချိန်ကျော်သွားတာမျိုး မဖြစ်စေဖို့အတွက် ဖုန်းထဲမှာ alarm ပေးထားတာကလည်း  နည်းလမ်းကောင်း တစ်ရပ်ပါ။
    • ဆေးက ဘယ်ရက်ကနေ ဘယ်ရက်အထိ သောက်ရမယ်။ ဘယ်အချိန်မှာ ဆေးကုန်မယ် စတာတွေကို အမြဲကြည့်မိတဲ့ ပြက္ခဒိန်မှာ ရေးမှတ် ထားပေးပါ။
    • ဆေးကို နာတာရှည် ကျန်းမာရေးပြဿနာ တစ်ခုခုအတွက် သောက်နေရတာ ဖြစ်မယ်ဆိုရင် ကြားထဲမှာ ဆေးပြတ်သွားတာမျိုး မဖြစ်ရလေအောင် ဆေးမကုန်ခင် ၅ ရက် တစ်ပတ်လောက် အလိုကတည်းက ဆေးကို ကြိုတင် ဝယ်ထားပါ။
    • ခရီးသွားတဲ့အခါမျိုးမှာ ဆေးကို ခရီးသွားမယ့် ရက်အတိုင်းအတာ အတိတွက်ပြီး ထည့်တာမျိုး မလုပ်ပါနဲ့။ ခရီးသွားမယ့်ရက်ထက် ပိုထည့်သွားပါ။
    • ဆေးတွေကို ဆေးဘူးမှာပါတဲ့ အပူချိန်အတိုင်း သိမ်းပါ။ လေလုံအောင် သိမ်းဖို့လည်း မမေ့ပါနဲ့။
    • ဆေးကို ခရီးသွားလို့ သယ်သွားတဲ့အခါ လေယာဉ်ခရီးစဉ်မျိုး ဖြစ်မယ်ဆိုရင် ခရီးဆောင်အိတ်ထဲ ထည့်မသယ်ဘဲ လက်ဆွဲအိတ်လိုမျိုး ကိုယ်နဲ့မကွာဆောင်ထားတဲ့ အိတ်ထဲ ထည့်သယ်ပါ။

    ဒီအချက်လေးတွေအပြင် သောက်သုံးနေရတဲ့ ဆေးဝါးနဲ့ ပတ်သက်ပြီး ဆေးသောက်ရမယ့် အတိုင်းအတာ ပမာဏ စတာတွေကို ပိုမိုသိရှိလိုမယ်ဆိုရင် ဆရာဝန်နဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကို မေးမြန်းပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 26/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement