backup og meta

ကလေးမွေးဖွားပြီးတဲ့နောက် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခြင်း


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးမွေးဖွားပြီးတဲ့နောက် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခြင်း

    သင်ကလေးမွေးပြီးတဲ့အခါအိမ်မှာရင်သွေးလေးနဲ့နေရတာအသားကျနေပြီးအလုပ်လုပ်နေသေးတယ်ဆိုတာတောင်မေ့တေ့တေ့ဖြစ်နေတဲ့အချိန်မှာရုတ်တရက်သင်သတိရလိုက်တာကမီးဖွားခွင့်ကုန်တော့မယ်ဆိုတာပါပဲ။ ကလေးကတညလုံးငိုနေလို့တညလုံးမအိပ်ရတဲ့နေ့မျိုးမှာမနက်ခြောက်နာရီထရုံးသွားပြီးတနေကုန်အလုပ်လုပ်ရမှာတွေးမိရင်အတော်လေးလန့်သွားပါလိမ့်မယ်။ ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဖူး။”ဒီမွေးကင်းစကလေးလေးနဲ့ဘယ်လိုများတနေကုန်ခွဲပြီးနေရပါမလဲ” ဆိုတာကိုတွေးလိုက်မိရင်လည်းအပြစ်မကင်းသလိုခံစားရပါဦးမယ်။ အလုပ်ပြန်ဝင်ဖို့အကြာကြီးစဉ်းစားပြီးဘယ်လောက်ပဲခက်ခက်ခဲခဲနဲ့ဆုံးဖြတ်ချက်ချထားချထား၊ဒီလိုဆုံးဖြတ်တာဟာအကောင်းဆုံး၊အမှန်ဆုံးလို့ဘယ်လိုပဲသေချာသေချာတကယ်တမ်းအလုပ်ပြန်လုပ်ရဖို့နီးလာလေလေသင့်မှာအတွေးပေါင်းသောင်းခြောက်ထောင်နဲ့လုံးချာလိုက်လေ ဖြစ်နေမှာပါ။ အောက်မှာဖော်ပြထားတဲ့အချက်ငါးချက်ကိုလိုက်နာကျင့်သုံးမယ်ဆိုရင်တော့သင့်ရဲ့လုပ်ငန်းခွင်သို့အပြန်ခရီးဟာ (အဖုအထစ်အနည်းငယ်ရှိကောင်းရှိနိုင်ပေမယ့်) သင်ထင်ထားတာထက်ပိုပြီးဖိအားနည်းနည်းလျော့သွားစေမယ်လို့မျှော်လင့်ရပါတယ်။

    ၁။ သင့်ရဲ့အချိန်ဇယားအသစ်နဲ့အသားကျအောင်ကြိုးစားပါ။

    ကလေးနဲ့အလုပ်ကြားမှာဟန်ချက်ညီညီနေနိုင်ဖို့အချိန်နည်းနည်းတော့ယူရပါမယ်။ သင့်ရဲ့တနေ့တာအချိန်ဇယားဟာအလုပ်တွင်ပြီးစနစ်တကျစီမံထားမယ်ဆိုရင်တော့သင့်အနေနဲ့အချိန်တိုအတွင်းမှာဟန်ချက်ညီညီနေနိုင်မှာပါ။

    ဖြစ်နိုင်ရင်ကလေးထိန်းကိုတပတ်လောက်ဒါမှမဟုတ်ဒီထက်စောပြီးခေါ်ပါ။ ဒါမှသင့်အနေနဲ့အချိန်ဇယားအသစ်အဆင်ပြေမပြေဆန်းစစ်လို့ရမှာဖြစ်ပြီးကလေးနဲ့ခွဲနေရာတာကိုလည်းနေသားကျမှာ ဖြစ်ပါတယ်။ အဆင်မချောတာလေးတွေရှိရင်ကြိုကာထားနိုင်ဖို့အတွက်အလုပ်ပြန်စလုပ်တဲ့ပထမအပတ်မှာပုံမှန်ထရမယ့်အချိန်ထက်စောပြီးနှိုးစက်ပေးထားပါ။ သင့်ကလေးဒါမှမဟုတ်ကလေးထိန်းနေမကောင်းဖြစ်လို့ကသီလင်တ ဖြစ်လာနိုင်တဲ့အခြေအနေတွေအတွက်လည်းကြိုတင်ပြင်ဆင်စဉ်းစားထားပါ။

    ၂။ တတ်နိုင်သမျှအနားယူပါ။

    အလုပ်လုပ်နေရတဲ့မိခင်တွေအတွက်အဓိကရန်သူကစိတ်ရောလူပါအလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်းပါ။ တချက်လဲသွားပြီဆိုရင် ပြန်ထနိုင်ဖို့မလွယ်ပါဖူး။ ဒါကြောင့်အိမ်အလုပ်တွေထက်အိပ်ချိန်ကိုဦးစားပေးပါ။ လက်တွဲဖော်ရဲ့အကူအညီကိုတတ်နိုင်သမျှယူပါ။ ဘာလို့လဲဆိုတော့သင်ဟာအိပ်ယာကစောစောထရတဲ့အတွက်အိပ်ယာဝင်ရင်လည်းစောစောဝင်သင့်လို့ပါပဲ။

    ၃။ ဘယ်အရာကိုမှမလစ်ဟင်းစေနဲ့။

    မေမေသူငယ်ချင်းတွေနဲ့အဆက်မပြတ်ပါစေနဲ့။

    သင်မီးဖွားခွင့်ရနေတဲ့အချိန်မှာတခြားမေမေအသစ်လေးတွေနဲ့သူငယ်ချင်းတွေ ဖြစ်ကောင်းဖြစ်ခဲ့မှာပါ။ သင်အလုပ်ပြန်လုပ်ချိန်မှာလည်းဒီသူငယ်ချင်းမိတ်ဆွေတွေကိုမေ့မထားပါနဲ့။ တခြားမိခင်တွေနဲ့ပေါင်းသင်းဆက်ဆံနေဖို့ကလည်းစိတ်ပိုင်းဆိုင်ရာခွန်အားအတွက်အရေးကြီးပါတယ်။

    ရုံးမှာလည်းအကောင်းဆုံးကြိုးစားပါ။

    သင်ရုံးပြန်တက်တဲ့ပထမဆုံးနေ့အလုပ်စားပွဲမှာထိုင်လိုက်တာနဲ့အလုပ်ပေါင်းသောင်းခြောက်ထောင်ကသင့်ကိုကြိုဆိုနေမယ့်အပြင်အိမ်မှာကျန်ခဲ့တဲ့ကလေးကိုလည်းပူပန်နေတဲ့အတွက်သင်ဟာစိတ်ရောလူပါပင်ပန်းပြီးတော်တော်အခြေအနေဆိုးနေမှာပါ။ ဒါပေမယ့်သင်စိတ်ဓါတ်ကျပြီးပင်ပန်းနေတယ်လို့သင့်သူဋ္ဌေးကမယူဆသွားပါစေနဲ့။ သင့်ရဲ့စိုးရိမ်ပူပန်စိတ်တွေကိုကိုယ့်စိတ်ထဲမှာပဲသိမ်းထားပါ။ လုပ်ဖော်ကိုင်ဖက်တွေကိုလိုက်ပြောပြမနေပါနဲ့။ သူတို့မသိပါစေနဲ့။ သင်သိထားရမှာကသင်အခုလိုပတ်ချာရမ်းတိုင်ပတ်နေတာဟာသင့်စွမ်းဆောင်ရည်ပိုမြင့်မားလာပြီးပိုတော်လာဖို့ဖြစ်တယ်ဆိုတာပါပဲ။

    အရှုံးမပေးလိုက်နဲ့။

    သင်အလုပ်ပြန်တက်တဲ့ပထမလအနည်းငယ်မှာ “ငါတော့ဒီပုံစံအတိုင်းဘယ်လိုမှဆက်မဖြစ်နိုင်တော့ဖူး။ အလုပ်ထွက်မှ ဖြစ်တော့မယ်” လို့တွေးမိတဲ့ရက်တွေမလွှဲမရှောင်သာကြုံလာရမှာပါ။ ဒါပေမယ့်အားတင်းထားပါ။ ကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုအရမိခင်တွေဟာသူတို့ရဲ့အချိန်ဇယားအသစ်နဲ့အထိုင်ကျဖို့အချိန်လိုတယ်လို့ဆိုပါတယ်။ တကယ်လို့လအနည်းငယ်ကြာလာတာတောင်အဆင်မပြေနိုင်သေးဖူးဆိုရင်သင့်အနေနဲ့သူဌေးကိုသွားတွေ့ပြီးတပတ်မှာတရက်နှစ်ရက်လောက်အိမ်ကနေအလုပ်လုပ်ခွင့်ရဖို့ဒါမှမဟုတ်အချိန်ပိုင်းအလုပ်စီစဉ်ပေးဖို့ဆွေးနွေးတောင်းဆိုပါ။ တခုရှိတာကသူဌေးနဲ့သွားမတွေ့ခင်မှာကိုယ်ဖြစ်ချင်တဲ့အစီအစဉ်ကိုကြိုတင်ပြီးသေချာကျနစွာဆွဲသွားပါ။ ဒါပေမယ့်သင့်သူဌေးကသင့်တောင်းဆိုချက်ကိုလိုက်လျောဖို့ ငြင်းဆန်ပြီးအခုလက်ရှိအတိုင်းဆက်လုပ်နိုင်မလားဒါမှမဟုတ်အလုပ်ထွက်မလားဆိုတဲ့ Do or Die မေးခွန်းကိုမေးလာနိုင်တယ်ဆိုတာလည်းစိတ်ထဲမှာတွေးထားပါ။ ဒီလိုအနေအထားရောက်လာပြီဆိုရင်တော့လက်ရှိအလုပ်ဟာသင်နဲ့တကယ်ပဲသင့်တော်ရဲ့လားဆိုတာစဉ်းစားပြီး ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့အချိန်တန်ပါပြီ။

    ၄။ မိခင်နို့ကိုမဖြစ်ဖြစ်အောင်တိုက်မယ်။

    အလုပ်လုပ်နေတဲ့အမေတွေအနေနဲ့မိခင်နို့ကိုဘယ်လိုရအောင်တိုက်မလဲဆိုတဲ့လမ်းညွှန်ချက်တွေကိုလေ့လာပါ။

    • သင့်အနေနဲ့မိခင်နို့ပဲမဖြစ်ဖြစ်အောင်ဆက်တိုက်ဖို့ရည်ရွယ်ထားတယ်ဆိုရင်အလုပ်ပြန်မလုပ်ခင်မှာနို့ညှစ်ထုတ်တဲ့အချိန်ဇယားကိုအသေအချာ ပြင်ဆင်ပါ။=နို့ညှစ်ထုတ်ပြီးရေခဲသေတ္တာထဲမှာအအေးခံထားကာနို့ဗူးထဲထည့်ပြီးအဲ့ဒီနို့ကိုတယောက်ယောက်ရဲ့အကူအညီနဲ့ကလေးကိုတိုက်စေတဲ့အလေ့အကျင့်ကိုလုပ်ငန်းခွင် ပြန်မဝင်ခင်တစ်လလောက်အလိုကတည်းကလုပ်ပါ။
    • အလုပ်ခွင်ထဲမှာနို့ညှစ်ထုတ်ဖို့အချိန်ဇယားနဲ့ပတ်သက်ပြီးသူဌေးကိုအကူအညီတောင်းဆွေးနွေးကာနှစ်ဦးနှစ်ဖက်အဆင်ပြေအောင်လုပ်ပါ။
    • =နို့ညှစ်ထုတ်နိုင်မယ့်သီးသန့်လုံခြုံတဲ့နေရာကိုရှာဖွေပါ။

    ၅။ အသေအချာစဉ်းစားပါ။

    သတ်မှတ်ထားတဲ့ရက်မှာအတိအကျရုံးပြန်တက်ပါမယ်လို့စာချုပ်ချုပ်ထားရတဲ့အလုပ်မျိုးတွေကလွဲပြီးသင်အလုပ်ထွက်ဖို့လည်းစဉ်းစားနိုင်ပါတယ်။ အလုပ်ထွက်မယ့်အကြောင်းဘယ်အချိန်မှာသူဌေးကိုအသိပေးရမလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့စောစောပြောလေကောင်းလေပါပဲ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement