backup og meta

သွေးဆုံးခြင်းနဲ့ ပတ်သတ်ပြီး သိကောင်းစရာမှန်သမျှ စုစည်းမှု


Arkar Hein မှ ရေးသားသည်။ · 01/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သွေးဆုံးခြင်းနဲ့ ပတ်သတ်ပြီး သိကောင်းစရာမှန်သမျှ စုစည်းမှု

သွေးဆုံးတယ်ဆိုတာ အမျိုးသမီးတစ်ယောက် ၁၂ လ ဆက်တိုက် ဓမ္မတာ မလာတော့ဘဲ သဘာဝတရားအရ ပဋိသန္ဓေ မရနိုင်တဲ့ သဘာဝ ဖြစ်စဉ်ကို ခေါ်တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် သွေးဆုံးချိန်ဟာ အမျိုးသမီးတစ်ယောက် အသက် ၄၅ နှစ်မှ ၅၅ နှစ်အတွင်း ဖြစ်ပွားလေ့ရှိပြီး တစ်ယောက်ချင်းစီအလိုက် ဒီ အသက်အရွယ် မတိုင်ခင်ဖြစ်နိုင်သလို ဒီ အသက်အရွယ်ကို ကျော်လွန်သွားမှလည်း ဖြစ်နိုင်ပါတယ်။ သွေးဆုံးချိန်ရောက်ပြီဆိုရင် ခန္ဓာကိုယ်မှာ ပူလောင်ခြင်းနဲ့ ကိုယ်အလေးချိန် တက်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ အမျိုးသမီး အများစု အနေနဲ့ သွေးဆုံးချိန်ရောက်ရင် ဘာဆေးဝါး ကုသမှုမှ ခံယူစရာမလိုအပ်ပါဘူး။ ဒီဆောင်းပါးလေးထဲမှတော့ သွေးဆုံးခြင်းနဲ့ ပတ်သတ်ပြီး သိကောင်းစရာ အချက်များကို Hello ဆရာဝန်ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးသွားမှာပါ။

သွေးဆုံးချိန်က ဘယ်အချိန်မှာ စပြီး အချိန်ဘယ်လောက် ကြာတတ်သလဲ။

အမျိုးသမီး အများစုဟာ သူတို့ရဲ့ နောက်ဆုံး ဓမ္မတာ လာခြင်း မတိုင်မီ ၄ နှစ်အကြာမှာ သွေးဆုံးခြင်း လက္ခဏာတွေကို စတင်ခံစားကြရပါတယ်။ အမျိုးသမီး ပမာဏအနည်းငယ်ကတော့ နောက်ဆုံး ဓမ္မတာ မလာမီ ဆယ်စုနှစ် လောက်ကတည်းက သွေးဆုံးခြင်းရဲ့ လက္ခဏာတွေကို ကြိုတင်ခံစားကြရပါတယ်။ အမျိုးသမီး ၁၀ ယောက်မှာ ၁ ယောက်ခန့်ကတော့ နောက်ဆုံး ဓမ္မတာ မလာမီ ၁၂ နှစ်လောက်ကြိုတင်ပြီး သွေးဆုံးခြင်း လက္ခဏာတွေကို ကြိုတင် ခံစားကြရလေ့ရှိပါတယ်။ ပျှမ်းမျှအားဖြင့် သွေးဆုံးချိန်ဟာ အသက် ၅၁ နှစ် ပတ်ဝန်းကျင်လောက်မှာ ဖြစ်တတ်ပြီး အာဖရိကန်၊ အမေရိကန်နဲ့ လက်တင်အမေရိကန် လူမျိုး အမျိုးသမီးတွေကတော့ ၂ နှစ်လောက် သွေးဆုံးချိန် ပိုစောပါတယ်။

သွေးဆုံးချိန် ရောက်နေပြီးလားဆိုတာကိုပြနေတဲ့ မျိုးဥအိမ်ကျန်းမာရေးနဲ့ မျိုးရိုးဗီဇအချက် တွေ အများကြီးရှိပါတယ်။ သွေးဆုံးချိန်အကူးအပြောင်းကာလဖြစ်တဲ့ Perimenopause ဟာ သွေးဆုံးချိန်မရောက်ခင် နှစ်ပေါင်းများစွာ ကြိုတင်ပြီးဖြစ်ပါတယ်။ အဲ့အချိန်ဟာ မျိုးဥအိမ်တွေက အီစရိုဂျင် ဟော်မုန်း ထုတ်လုပ်မှုကို တစ်ဖြည်းဖြည်း လျော့ချနေတဲ့ အချိန်လည်းဖြစ်ပါတယ်။ အမျိုးသမီးတွေ အသက် ၄၀ လောက်အရွယ်မှာ သွေးဆုံးချိန်အကူးအပြောင်းကာလ စဖြစ်ပေမဲ့ အသက် ၃၀ အရွယ်လောက်မှာလည်း စဖြစ်နိုင်ပြီး တစ်ခါတစ်ရံ ဒီထက်ပိုငယ်တဲ့ အရွယ်မှာလည်း စဖြစ်နိုင်ပါတယ်။ သွေးဆုံးချိန် အကူးအပြောင်းဟာ တကယ်သွေးဆုံးချိန် မရောက်ခင်အထိ ကြာမြင့်ပြီး သွေးဆုံးချိန် အကူးအပြောင်းရဲ့ နောက်ဆုံး ၁ နှစ်၊ ၂ နှစ် အချိန်အတွင်းမှာ အီစရိုဂျင် ဟော်မုန်း ကပိုပြီး မြန်မြန် ကျဆင်းလာပါတယ်။ ဒီလိုအချိန်မှာဆို အမျိုးသမီးတွေဟာ သွေးဆုံးချိန် ဖြစ်တတ်တဲ့ ဝေဒနာတွေကို စတင်ခံစားရကြမှာ ဖြစ်ပါတယ်။ သွေးဆုံးချိန် အကူးအပြောင်းကာလဟာ ပုံမှန်အားဖြင့် ၄ နှစ်ခန့်ကြာမြင့်ပြီး တစ်ချို့သော အမျိုးသမီးမှာ လအနည်းငယ်ခန့်သာ ကြာမြင့်သလို တစ်ချို့အမျိုးသမီးတွေကျတော့ ၁၀ နှစ်အထိ ကြာမြင့်နိုင်ပါတယ်။ တစ်ချို့သော အမျိုးသမီးတွေကျတော့ သွေးဆုံးချိန် အကူးမပြောင်း မဖြစ်ဘဲ တန်းပြီး သွေးဆုံးသွားကြပါတယ်။

အမျိုးသမီး ၁ ရာခိုင်နှုန်းခန့်က အသက် ၄၀ မတိုင်ခင် သွေးဆုံးတတ်ကြပြီး ၅ ရာခိုင်နှုန်းခန့်ကတော့ အသက် ၄၀ ကနေ ၄၅ နှစ်ကြား သွေးဆုံးသွားတတ်ကြပါတယ်။ ဒီလိုအရွယ်တွေမှာ သွေးဆုံးချိန်ရောက်တယ်ဆိုတာ အရွယ်မတိုင်မှီ သွေးဆုံးချိန်ရောက်တယ်လို့ ဆိုရမှာပါ။

သွေးဆုံးချိန် အကူးအပြောင်းကာလ > သွေးဆုံးချိန် > သွေးဆုံးပြီးကာလ

သွေးဆုံးချိန် အကူးအပြောင်းကာလမှာ ဓမ္မတာ လာတဲ့ အချိန်တွေက ပုံမှန်မဟုတ်တော့ပါဘူး။ အဲ့ဒီအချိန် ဓမ္မတာ လာခြင်းက နောက်ကျရင် နောက်ကျနိုင်သလို ဓမ္မတာ စက်ဝန်း ကျော်သွားတာ မျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲ့အချိန် ဓမ္မတာ စီးဆင်းမှုကလည်း ပိုပြီးနည်းလာနိုင်သလို ပိုပြီးများလာနိုင်ပါတယ်။

သွေးဆုံးချိန်ရောက်ခြင်း။

သွေးဆုံးချိန်ရောက်တယ်ဆိုတာ တစ်နှစ်တိတိ ဓမ္မတာ မလာတော့ခြင်းလို့ အဓိပ္ပါယ် သတ်မှတ်ပါတယ်။ သွေးဆုံးချိန် နောက်ပိုင်းကာလ ဆိုတာကတော့ သွေးဆုံးပြီး နောက်နှစ်ကာလတွေကို ခေါ်တာ ဖြစ်ပါတယ်။

သွေးဆုံးချိန်ရောက်တဲ့ အခါ ဖြစ်ပေါ်တဲ့ ရောဂါလက္ခဏာတွေက ဘာလဲ။

အမျိုးသမီးများရဲ့ သွေးဆုံးချိန် ခံစားရတဲ့ အတွေ့အကြုံဟာ တစ်ယောက် နဲ့ တစ်ယောက် မတူပါဘူး။ သွေးဆုံးချိန်က ရုတ်တရက်ဖြစ်မယ်၊ ပိုပြီးတိုမယ်ဆိုရင် ခံစားရမယ့် ရောဂါ လက္ခဏာတွေက ပိုပြင်းထန်နိုင်ပါတယ်။ မျိုးဥအိမ်ရဲ့ ကျန်းမာရေးအပေါ်သက်ရောက်နေတဲ့ ကင်ဆာ၊ သားအိမ်ထုတ်ထားခြင်း၊ ဆေးလိပ်သောက်တတ်ခြင်း စတဲ့အချက်တွေက သွေးဆုံးချိန် ဝေဒနာပြင်းထန်မှု နဲ့အချိန်ကာလကို ပိုကြာမြင့်စေနိုင်ပါတယ်။ ရာသီလာခြင်းလုံးဝပြောင်းလဲသွားတာကလွဲပြီး သွေးဆုံးချိန် အကူးအပြောင်းကာလ၊ သွေးဆုံးချိန်နဲ့ သွေးဆုံးပြီးကာလမှာ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေဟာ အတူတူပါပဲ။

အတွေ့ရများတဲ့ သွေးဆုံးချိန် အကူးအပြောင်းကာလရဲ့ ရောဂါ လက္ခဏာတွေကတော့-

  • ဓမ္မတာလာချိန် နည်းသွားခြင်း။
  • ပုံမှန်လာနေတဲ့ ရာသီထက် ပိုပြီးများခြင်း (သို့) ပိုပြီးနည်းလာခြင်း။
  • သွေးကြော အရွယ်အစားပြောင်းလဲခြင်း လက္ခဏာတွေ ဖြစ်တဲ့ ခန္ဓါကိုယ်တွင်း ပူလောင်မှုကို ခံစားရခြင်း၊ ညဘက် ချွေး ပြန်ခြင်း၊ လည်ပင်း၊ ရင်ဘတ်အထက်ပိုင်းနဲ့ မျက်နှာတို့မှာ အပူကိုခံစားရပြီး ရုတ်တရက် အနီရောင် ပြောင်းသွားခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

အမျိုးသမီး ၇၅ ရာခိုင်နှုန်းခန့်ဟာ သွေးဆုံးချိန်ရောက်တဲ့ အချိန်မှာ ခန္ဓါကိုယ်တွင်း ပူလောင်ခြင်း။ ညဘက်ချွေးထွက်ခြင်း၊ လည်ပင်း၊ ရင်ဘတ် အထက်ပိုင်းနဲ့ မျက်နှာတို့မှာ ပူလောင်သွားခြင်းဆိုတဲ့ သွေးကြော အရွယ်အစားပြောင်းလဲခြင်းရဲ့ လက္ခဏာတွေကို ခံစားကြရပါတယ်။ သွေးဆုံးခြင်းရဲ့ တစ်ခြားသော ရောဂါ လက္ခဏာတွေကတော့-

  • အိပ်မပျော်နိုင်ခြင်း။
  • မွေးလမ်းကြောင်းခြောက်သွေ့ခြင်း။
  • ကိုယ်အလေးချိန်တက်ခြင်း။
  • စိတ်ကျခြင်း။
  • စိုးရိမ်မှု ခံစားရခြင်း။
  • အာရုံပျံ့လွင့်လွယ်ခြင်း။
  • မှတ်ဉာဏ်ပိုင်းဆိုင်ရာ အားနည်းခြင်း။
  • လိင်စိတ်ဆန္ဒနည်းလာခြင်း။
  • အရည်ပြား၊ ပါးစပ်နဲ့ မျက်လုံးများခြောက်သွေ့ခြင်း။
  • ဆီးသွားနှုန်းများလာခြင်း။
  • ရင်သားများ နာကျင်ခြင်း။
  • ခေါင်းကိုက်ခြင်း။
  • နှလုံးခုန်မြန်လာခြင်း။
  • ဆီးသွားချိန် ပူလောင်ခြင်း။ (urinary tract infections (UTIs))
  • ကြွက်သားများ လျော့ရဲလာခြင်း။
  • အဆစ်အမြစ်များ နာကျင်ခြင်း။
  • အရိုး သိပ်သည်းဆ နည်းလာခြင်း။
  • ရင်သား လျော့ရဲလာခြင်း။
  • ဆံပင်ပါးပြီး ကျွတ်လာခြင်း
  • ခန္ဓါကိုယ်ရဲ့ တစ်ခြား နေရာတွေက အမွှေးများ ပေါက်ရောက်မှု နည်းပါးလာခြင်း။

သွေးဆုံးချိန် ထပ်တိုးလာတတ်သော ရောဂါသစ်များ

သွေးဆုံးချိန် ထပ်တိုးလာတတ်တဲ့ ရောဂါသစ်တွေက-

  • မွေးလမ်းကြောင်းအင်္ဂါ နှုတ်ခမ်းဝတို့ သိမ်လာခြင်း။
  • လိင်ဆက်ဆံချိန် နာကျင်ခြင်း။
  • ဇီဝတွင်းဖြစ်ပျက်မှု နှေးကွေးလာခြင်း။
  • အရိုးပွရောဂါ။
  • စိတ်ခံစားမှု ပြောင်းလဲလာခြင်း။
  • မျက်လုံး တိမ်ဖုံးလာခြင်း။
  • သွားဖုံးနဲ့ သွားများတွင် ရောဂါကူးစက်ခံရပြီး သွားကျိုးလာခြင်း။
  • ဆီးအိမ် တရားလွန် အလုပ်လုပ်လာခြင်း။
  • နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါများ။

ဘာကြောင့် သွေးဆုံးရတာလဲ။

သွေးဆုံးခြင်းဆိုတာ အမျိုးသမီး မျိုးဥအိမ်အသက်ကြီးလာခြင်းနဲ့ မျိုးပွားခြင်းဆိုင်ရာ ဟော်မုန်း ထုတ်လုပ်မှု နည်းပါးလာတဲ့ သဘာဝ ဖြစ်စဉ်တစ်မျိုးပါ။ သွေးဆုံးတဲ့အခါ ခန္ဓါကိုယ်က ဟော်မုန်းတွေ နည်းပါးသွားတဲ့ အတွက် ပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်လာပါတယ်။ နည်းပါးသွားတဲ့ ဟော်မုန်းတွေကတော့-

  • အီစရိုဂျင်
  • သားအိမ်၌သန္ဓေသားတည်နိုင်စေရန်ပြင်ဆင်ပေးသကဲ့သို့ နောက်ထပ်သားဥဖြစ်ပေါ်စေမှု ကိုလည်းတားဆီးပေးသောဟော်မုန်း။ (ပရို ဂျက်စတီရုန်း) progesterone။
  • တက်စတိုစတီရုန်း (testosterone)
  • ပီကျူထရီ ဂလင်းမှ ထုတ်လုပ်ပေးပြီး သားအိမ်နဲ့ မျိုးဥအိမ် အနားသားများ ကြီးထွားခြင်းကို လှုံ့ဆော်ပေးတဲ့ ဟော်မုန်း follicle-stimulating hormone (FSH)
  • မျိုးဥများ ရင့်မှည့်ခြင်းနဲ့ မျိုးဥကြွေပြီးနောက် ဖြစ်ပေါ်တဲ့ ဟော်မုန်း စစ်ထုတ်ပေးသော အဝါရောင် အသားဓါတ် (corpus luteum) ကြီးထွားခြင်းကို ဖြစ်စေတဲ့ luteinizing hormone ။

သွေးဆုံးချိန်မှာ မျိုးဥအိမ်တွင်းမှ မျိုးဥများကို ထုတ်လုပ်ပေးတဲ့ အခေါင်းပေါက်လေးတွေ ပျောက်ကွယ်သွားပါတယ်။ ပထမဆုံးအနေနဲ့ သွေးဆုံးချိန်နီးပြီဆိုရင် အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ ဓမ္မတာလာချိန် မမှန်တော့တာကိုတွေ့ရမှာ ဖြစ်ပြီး ရာသီသွေး စီးဆင်းမှုကလည်း ပိုနည်းလာတာမျိုး၊ ပိုများလာတာမျိုးကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို အချိန်ဟာ အမျိုးသမီးတွေအသက် ၄၀ လောက်မှာ ဖြစ်ပြီး အမေရိက အမျိုးသမီး အများစုကတော့ အသက် ၅၂ နှစ်အရွယ်မှာ သွေးဆုံးချိန်ကြုံရလေ့ရှိကြပါတယ်။ တစ်ခါတစ်ရံမှာလည်း ထိခိုက်ဒဏ်ရာတွေ၊ မျိုးဥအိမ်ခွဲထုတ်ထားခြင်းတွေ၊ တင်ပါးဆုံ အင်္ဂါ အစိတ်အပိုင်းတွေ ခွဲထုတ်ထားခြင်းကြောင့်လည်း သွေးဆုံးချိန်ရောက်တတ်ပါတယ်။

သွေးဆုံးချိန် ဖြစ်တဲ့ ရောဂါ လက္ခဏာတွေကို ဘယ်လို ကုသကြသလဲ။

သင့်အနေနဲ့ သွေးဆုံးချိန် ဖြစ်တဲ့ ရောဂါ လက္ခဏာတွေ ခံစားရတာ ပြင်းထန်နေတယ်၊ အသက် ၄၅ နှစ်နဲ့ အောက်မှာ သွေးဆုံးခြင်းကို ခံစားနေရတယ်ဆိုရင် ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

သွေးဆုံးနေလားဆိုတာကို တိတိကျကျ တိုင်းတာလို့ မရပေမဲ့ ဆရာဝန်များအနေနဲ့ သင့်ရဲ့

သွေးထဲက ပီကျူထရီ ဂလင်းမှ ထုတ်လုပ်ပေးပြီး သားအိမ်နဲ့ မျိုးဥအိမ် အနားသားများ ကြီးထွားခြင်းကို လှုံ့ဆော်ပေးတဲ့ ဟော်မုန်း follicle-stimulating hormone (FSH) ဟော်မုန်း ပမာဏကို တိုင်းတာပြီး စစ်ဆေးနိုင်ပါတယ်။ ဒါ့အပြင် တစ်နှစ်တိတိ ဓမ္မတာ မလာတော့တာကလည်း သွေးဆုံးခြင်းကို အတည်ပြုပေးနိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။

သွေးဆုံးချိန် အကူးအပြောင်းကာလမှာ follicle-stimulating hormone (FSH) ဟော်မုန်းနဲ့ အီစရိုဂျင် ဟော်မုန်းပမာဏတို့ နေ့စဉ်နဲ့ အမျှ ပြောင်းလဲနေနိုင်တဲ့ အတွက် သွေးဆုံးချိန် ရောက်ခါနီးပြီလားဆိုတာကို ဆရာဝန်တွေက ခံစားနေရတဲ့ ရောဂါ လက္ခဏာတွေ ဆေးဝါးမှတ်တမ်းတွေနဲ့ ဓမ္မတာလာခြင်းမှတ်တမ်းတွေကို အခြေခံပြီး ဆုံးဖြတ်လေ့ရှိကြပါတယ်။

ကုသမှုများ။

သွေးဆုံးချိန်ဖြစ်တဲ့ ရောဂါ လက္ခဏာတွေက ပြင်းထန်နေမယ်ဆိုရင်တော့ အသက် ၆၀ အောက် အမျိုးသမီးတွေအတွက် ဟော်မုန်းဆိုင်ရာ ကုသမှုတွေကို ပြုလုပ်လို့ရပါတယ်။ ဒီလို ကုသမှုခံယူမယ်ဆိုရင် သွေးဆုံးချိန် ဖြစ်တဲ့ လက္ခဏာတွေ ဖြစ်တဲ့

  • ခန္ဓာကိုယ်တွင်း ပူလောင်မှုကို ခံစားရခြင်း၊ ညဘက် ချွေး ပြန်ခြင်း၊ လည်ပင်း၊ ရင်ဘတ်အထက်ပိုင်းနဲ့ မျက်နှာတို့မှာ အပူကိုခံစားရပြီး ရုတ်တရက် အနီရောင် ပြောင်းသွားခြင်း
  • မွေးလမ်းကြောင်းသိမ်သွားခြင်း။
  • အရိုးပွခြင်း ဝေဒနာတွေကို လျော့ပါးသွားစေနိုင်ပါတယ်။ တစ်ခြား သွေးဆုံးခြင်းရဲ့ ရောဂါ လက္ခဏာတွေ ဖြစ်တဲ့ ဆံပင်ကျွတ်ခြင်းနဲ့ မွေးလမ်းကြောင်း ခြောက်သွေ့ခြင်းကိုလည်း သက်ဆိုင်ရာ ဆေးဝါးများနဲ့ ကုသနိုင်ပါတယ်။

သွေးဆုံးချိန် ဖြစ်ပေါ်တဲ့ ရောဂါ လက္ခဏာတွေကို ကုသပေးနိုင်တဲ့ ဆေးဝါးတွေကတော့-

  • ဆံပင်ပါးခြင်းနဲ့ ကျွတ်ခြင်းကိုတားဆီးဖို့အတွက် minoxidil ၅ ရာခိုင်နှုန်းပါဝင်တဲ့ ဆေးဝါးများ။
  • ဆံပင်ကျွတ်ခြင်းကို ကာကွယ်ဖို့အတွက် ketoconazole ၂ ရာခိုင်နှုန်းနဲ့ zinc pyrithione ၁ ရာခိုင်နှုန်းပါဝင်တဲ့ ဗျောက်ပျောက်ခေါင်းလျှော်ရည်တွေ။
  • မျက်စိခြောက်သွေ့ခြင်းကို ပျောက်ကုစေနိုင်တဲ့ ချောဆီနဲ့ အရောင်လျော့ဆေးများ
  • ခန္ဓါကိုယ်တွင်း ပူလောင်မှု၊ စိတ်ဖိစီးခြင်းနဲ့ စိတ်ကျခြင်းကို ကုသပေးတဲ့ paroxetine ၇.၅ မီလီဂရမ်ပါဝင်တဲ့ ဆေးဝါးများ။
  • မွေးလမ်းကြောင်း ခြောက်သွေ့ခြင်းကို လျော့ပါးစေတဲ့ ဟော်မုန်းမဲ့ ချောဆီများနဲ့ လိမ်းဆေးဆီများ။
  • အီစရိုဂျင် ဟော်မုန်း နည်းပါးတဲ့ မွေးလမ်းကြောင်းချောဆီများ၊ သောက်ဆေးများ။
  • လိင်ဆက်ဆံချိန် နာကျင်ခြင်းကို ကုသပေးနိုင်တဲ့ Ospemifene ဆေးများ။
  • ဆီးသွားချိန် ပူလောင်ခြင်း။ (urinary tract infections (UTIs)) ကို ကာကွယ်ပေးနိုင်တဲ့ ဆေးများ။
  • အိပ်မပျော်ခြင်းအတွက် အိပ်ဆေးများ။
  • အရိုးပွခြင်းအတွက် denosumab၊ teriparatide၊ raloxifene၊ calcitonin ဆေးများ။

အိမ်တွင်းဆေးနည်းများ။

သွေးဆုံးချိန်ဖြစ်ပေတဲ့ ရောဂါလက္ခဏာတွေကို အိမ်တွင်းဆေးဝါးများ၊ နေထိုင်မှု ပုံစံများ ပြောင်းလိုက်ရုံဖြင့် လျော့ကျစေနိုင်ပါတယ်။ သွေးဆုံးချိန် ဖြစ်ပေါ်တဲ့ ရောဂါ လက္ခဏာတွေကို ကုသနိုင်တဲ့ အိမ်တွင်း ဆေးနည်းတွေကတော့

သက်တောင့်သက်သာနေခြင်း။

အဝတ်အစား ပါးပါးလေးများကို ချောင်ချောင်ချိချိဝတ်ထားခြင်းဖြင့် ခန္ဓါကိုယ်တွင်း ပူလောင်မှုများကို လျော့ကျစေမှာ ဖြစ်ပါတာယ်။ ဒါ့အပြင် အိပ်ခန်းကို အေးမြအောင်ထားပြီး စောင်ပါးပါးလေးများသာ ခြုံခြင်းကလည်း ညဘက်ချွေးထွက်ခြင်းများကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ကိုယ်အလေးချိန် အတွက် လေ့ကျင့်ခန်းလုပ်ခြင်း။

ကိုယ်အလေးချိန် မတတ်စေဖို့အတွက် တစ်နေ့ကို ကယ်လိုရီ ၄၀၀ ကနေ ၆၀၀ အထိသာ စားသုံးသင့်ပြီး တစ်နေ့ကို မိနစ် ၂၀ ကနေ ၃၀ အထိ လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။ ဒီလို လုပ်ပေးခြင်းဖြင့် ညဘက်ပိုအိပ်ပျော်လာခြင်း၊ စိတ်ခံစားချက် ကောင်းမွန်လာခြင်း၊ ကျန်းမာရေး ကောင်းမွန်လာခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ခံစားရမှာ ဖြစ်ပါတယ်။

ကျွမ်းကျင်သူများနဲ့ တိုင်ပင်ဆွေးနွေးခြင်း။

စိတ်ကျရောဂါ၊ စိတ်ဖိစီးမှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှုတွေ ခံစားနေရရင် စိတ်ပိုင်းဆရာဝန်များနဲ့ ဆွေးနွေးသင့်တဲ့ အပြင် ကိုယ့်ရဲ့ မိသားစုဝင်တွေ၊ ကိုယ်ရဲ့ ခင်ပွန်းနဲ့ ကိုယ်ရဲ့ သူငယ်ချင်းတွေကို ကိုယ်ခံစားနေရတဲ့ စိတ်ဖိစီးမှုနဲ့ စိတ်ကျခြင်း စတာတွေကို ဆွေးနွေးသင့်ပါတယ်။

အာဟာရ ဖြည့်တင်းခြင်း။

အရိုးပွခြင်းကို ကာကွယ်ဖို့နဲ့ ညဘက် အိပ်ပျော်စေဖို့အတွက် ကယ်လ်ဆီယမ်၊ ဗီတာမင် D နဲ့ မက်ဂနီဆီယမ်ပါဝင်တဲ့ ဖြည့်ဆွက် အာဟာရများကို မှီဝဲနိုင်ပါတယ်။ သင်က ဘယ်လို အာဟာရတွေကို စားသုံးရမလဲဆိုတာ သေချာ မသိဘူးဆိုရင် ဆရာဝန်ထံ မေးမြန်းဆွေးနွေးသင့်ပါတယ်။

စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ နည်းလမ်းများ။

ယောဂ ကျင့်ခြင်း၊ စိတ်ဖိစီးမှုကို လျော့ကျစေပြီး အာရုံစိုက်နိုင်စွမ်း ကောင်းမွန်စေနိုင်တဲ့လေ့ကျင့်ခန်းဖြစ်တဲ့ အသက်ကို ဖြည်းဖြည်းနဲ့ ပြင်းပြင်း ရူခြင်း၊ တရားထိုင်ခြင်း တို့ကို ပြုလုပ်ပြီး သွေးဆုံးချိန်ဖြစ်ပေါ်တဲ့ ရောဂါ လက္ခဏာတွေကို လျော့ကျစေနိုင်ပါတယ်။

အရေပြားကို ဂရုစိုက်ပါ။

အရေပြားခြောက်သွေ့ခြင်းကို တားဆီးဖို့အတွက် လိမ်းဆေးများလိမ်းနိုင်ပြီး အရည်ပြားကို ခြောက်သွေ့ယားယံစေနိုင်တဲ့ အလွန်အကျွံရေချိုးခြင်းနဲ့ ရေကူးခြင်းတို့ကို မလုပ်ဖို့ လိုပါတယ်။

အိပ်ရေးမဝတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အတွက် ကုသနည်းများ။

ဆေးစာမလိုဘဲ ဝယ်ယူလို့ရတဲ့ ဆေးဝါးများကို သောက်သုံးခြင်းဖြင့် အိပ်မပျော်တဲ့ ဝေဒနာကို ယာယီသက်သာစေနိုင်ပြီး ရေရှည်ဆိုရင်တော့ သဘာဝအတိုင်း အိပ်ပျော်စေနိုင်မယ့် နည်းလမ်းတွေကို ဆရာဝန်ထံမေးမြန်းသင့်ပါတယ်။

ဆေးလိပ်အရက်များကို လျော့ခြင်း၊ ဖြတ်ခြင်း။

ရာသီသွေးဆုံးချိန် ဖြစ်ပေါ်တဲ့ လက္ခဏာတွေ သက်သာစေချင်တယ်ဆိုရင်တော့ ဆေးလိပ်ဖြတ်ဖို့လိုပြီး တစ်ဆင့်ခံ ဆေးလိပ်ငွေ့တွေကို မရူဖို့လည်း လိုပါတယ်။ ဒါ့အပြင် ရောဂါ လက္ခဏာတွေ ပိုမဆိုးလာစေရန်အတွက် အရက်သောက်ခြင်းကိုလည်း လျော့ဖို့လိုပါတယ်။

တခြား ကုသမှုများ။

တချို့သော လေ့လာချက်တွေကတော့ သဘာဝပစ္စည်းတွေက ထွက်တဲ့ ဆေးဝါးတွေက သွေးဆုံးချိန်ဖြစ်ပေါ်တဲ့ ရောဂါ လက္ခဏာတွေကို ကုသပေးနိုင်တယ်လို့ ဆိုထားပါတယ်။ အဲ့ဒါတွေကတော့-

  • ပဲတောင့်ရှည်များ
  • ဗီတာမင် E
  • အီစရိုဂျင်နဲ့ ဆင်တဲ့ အပင်ထွက် ပစ္စည်း isoflavone ( ပဲများတွင် အများဆုံးတွေ့ရသည်)
  • မယ်လာတိုနင် ( အိပ်စက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ အပျိုဖော်ဝင်ခြင်း၊ ဓမ္မတာလာခြင်းတို့ကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်း) တို့ ဖြစ်ပါတယ်။

နိဂုံးချုပ်။

သွေးဆုံးခြင်းဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ဓမ္မတာ စက်ဝန်း သဘာဝတရားအတိုင်း ရပ်တန့်သွားမှုသာဖြစ်ပြီး သန္ဓေမအောင်တော့ခြင်းကို ပြနေတဲ့ လက္ခဏာ တစ်ရပ်လည်း ဖြစ်ပါတယ်။ အမျိုးသမီး အများစုကတော့ အသက် ၅၂ နှစ်ပတ်ဝန်ကျင် မှာ သွေးဆုံးချိန်ကို ခံစားကြရပြီး တင်ပါးဆုံဒဏ်ရာများနဲ့ မျိုးဥအိမ် ထိခိုက်မှုများရှိမယ်ဆိုရင် သွေးဆုံးချိန် ပိုစောနိုင်ပါတယ်။

ဒါ့အပြင် မျိုးရိုးဗီဇနဲ့ ရောဂါများကလည်း သွေးဆုံးချိန်ကို ပိုစောစေနိုင်ပါတယ်။ အမျိုးသမီး အများစုဟာ ခန္ဓါကိုယ်တွင်း ပူလောင်မှုများ၊ ညဘက်ချွေးထွက်ခြင်းများ၊ ရင်ဘတ်အထက်ပိုင်းနဲ့ မျက်နှာတို့မှာ အပူကိုခံစားရပြီး ရုတ်တရက် အနီရောင် ပြောင်းသွားခြင်းကို သွေးဆုံးချိန်မရောက်ခင် နှစ်အနည်းငယ်လောက် ကြိုပြီးခံစားကြရပါတယ်။ ဒီဝေဒနာတွေဟာ သွေးဆုံးပြီး ၄ နှစ်နဲ့ အထက် အထိရှိနေဦးမှာ ဖြစ်ပါတယ်။ ဒီဝေဒနာတွေက သင့်အတွက် ပြင်းထန်နေမယ်ဆိုရင် ဟော်မုန်းဆိုင်ရာကုသမှုတွေ ခံယူသင့်ပါတယ်။ ဒါပေမဲ့ ပုံမှန်အားဖြင့်တော့ သွေးဆုံးချိန်ဖြစ်တဲ့ ရောဂါ လက္ခဏာတွေဟာ အိမ်တွင်းဆေးဝါးများနဲ့ ဘဝနေထိုင်မှု ပုံစံပြောင်းလိုက်ရုံဖြင့် ကုသနိုင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Arkar Hein မှ ရေးသားသည်။ · 01/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement