သင် လစဉ်သုံးသန္ဓေတားဆေး သောက်ဖို့မေ့သွားရင် သတိရတဲ့ အချိန်မှာ ချက်ခြင်း ပြန်သောက်ပါ။ နောက်နေ့အထိ မေ့သွားရင် သတိရရခြင်းပဲ မေ့သွားတဲ့ ဆေးလုံးကို သောက်ပါ။ ပြီးရင် အဲ့နေ့ သောက်ရမယ့် ဆေးကို သောက်ပါ။၂ ရက်လောက် ဆေးသောက်ဖို့ မေ့သွားရင် သတိရတဲ့ ရက်မှာ မေ့သွားတဲ့ ဆေးလုံးကိုသောက်ပါ။ ပြီးရင် အဲ့နေ့ သောက်ရမယ့် ဆေးကို သောက်ပါ။ ရှေ့၂ရက်မေ့လို့ ၃လုံးသောက်စရာ မလိုပါ။ ဒါပေမယ့် ပြီးရင်တော့ ၇ရက်တိတိ ရက်ရှောင်တာ ဒါမှမဟုတ် အတူနေမယ်ဆို ကွန်ဒုံးသုံးပေးပါ။
၂ ရက်ကျော်ပြီးမှ သတိရတယ် ဆိုရင်တော့ ဆရာဝန်နဲ့ သွားတွေ့ဖိုလိုလာပါပြီ။ သင်အနေနဲ့ တစ်နေ့တစ်ခါ ဆေးကို တစ်ပတ်အထိ ပုံမှန်သောက်ဖို့ လိုအပ်သလို ဆေးပတ်လည်အောင် ပြန်လည်မှီဝဲဖို့ လိုပါလိမ့်မယ်။ ဒါမှမဟုတ် လက်ရှိသောက်နေတဲ့ ဆေးလုံးတွေကို ပစ်ပြီး ဆေးကဒ်အသစ်ကို ပုံမှန်သောက်ဖို့လိုပါလိမ့်မယ်။
သင် သန္ဓေတားဆေးသောက်ဖို့မေ့သွားတာနဲ့ တစ်ပြိုင်နက်နဲ့ ဒီဆေးကဒ် မကုန်မချင်း တခြား သန္ဓေတားအကာအကွယ် တစ်ခုခု ဆောင်ထားဖို့လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သင့် သန္ဓေတားဆေးကဒ်ကို သောက်ဖို့မေ့တာနဲ့ သင့်ရဲ့ မျိုးဥအိမ်က မျိုးဥဟာ ထွက်လာနိုင်လို့ပါပဲ။
ဒါပေမဲ့ သင်ဟာ ၂၈ လုံးပါဝင်တဲ့ ဆေးကဒ်ထဲက နောက်ဆုံး ၇ လုံးကို သောက်ဖို့မေ့သွားရင်တော့ စိုးရိမ်စရာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါတွေဟာ Placebo ဆေးတွေဖြစ်ပြီး တကယ့်ဆေးနှင့် အသွင်တူသော်လည်း အာနိသင်မရှိတာကြောင့် ဒီဆေးတွေ သောက်ဖို့မေ့သွားလည်း ကိုယ်ဝန်ရနိုင်ခြေ မရှိပါဘူး။
ဒါပေမဲ့ တစ်ခုသတိထားရမှာတော့ တချို့တော့ ဆေးကဒ်တွေမှာ Placebo ဆေးလုံး တစ်လုံးမှ မပါပါဘူး။ ဒါကြောင့် ဆေးလုံးတွေကို အချိန်မှန်မှန်သောက်သုံးဖို့က အရေးကြီးပါတယ်။ တကယ်လို့ သင်က ဓမ္မတာလာချိန်မှာလည်း မလာဘူး၊ ဆေးကိုလည်း တစ်လုံးထက်မက မေ့ခဲ့တယ် ဆိုရင်တော့ ကိုယ်ဝန်ရနေပြီလားဆိုတာ သေချာအောင်သွားစစ်ဆေးသင့်ပါတယ်။ ဒါပေမဲ့ မိန်းကလေးအများစုဟာ low-dose လစဉ်သုံးသန္ဓေတားဆေးများကို မှီဝဲနေရင် ဆေးလုံးမှန်မှန်သောက်နေရင်တောင် ဓမ္မတာ လာလေ့မရှိကြပါဘူး။ ဒါ့ကြောင့် ဒါဟာ ပုံမှန်ဖြစ်လို့ သိပ်တော့စိုးရိမ်စရာမလိုပါဘူး။
ဒီနေရာမှာ low-dose ဆိုတာ သန္ဓေတားဆေးအမျိုးအစားတစ်ခုပါ။ လစဉ်သုံးသန္ဓေတားဆေးတွေထဲမှာ ပါဝင်တဲ့ ဟော်မုန်းတွေက ကိုယ်ဝန်မရအောင် ကာကွယ်ပေးတာဖြစ်ပါတယ်။ ဒီလို လစဉ်သုံးသန္ဓေတားဆေး အများစုမှာ estrogen လို့ခေါ်တဲ့ အမျိုးသမီး လိင်ဟော်မုန်းနဲ့ progestin လို့ခေါ်တဲ့ သားအိမ်တွင်း ပြောင်းလဲမှုများကို ဖြစ်စေတဲ့ ဟော်မုန်း (၂) ခုပါဝင်တတ်ကြပါတယ်။ တချို့ဆေးတွေမှာတော့ estrogen ပိုများကြပါတယ်။ ဒီဆေးတွေမှာ ဟော်မုန်း အနည်းအများအပေါ်မူတည်ပြီး low-dose နဲ့ Ultra-low-dose ဆိုပြီးကွဲသွားကြပါတယ်။ ဟော်မုန်းနည်းနည်းပဲပါတဲ့ ဆေးက ကောင်းသလို ထင်ရပေမဲ့ အားသာချက် အားနည်းချက်တွေကို သိထားဖို့လိုအပ်ပါတယ်။
low-dose ဆိုတာ
အီစထရိုဂျင် များများပါဝင်တဲ့ သန္ဓေတားဆေးတွေသောက်မိရင် ခေါင်းကိုက်ခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ခြင်း၊ ရင်သားများ တင်းလာခြင်းနဲ့ ရှားပါးပေမဲ့ ဖြစ်နိုင်တဲ့ သွေးခဲများ ဖြစ်ပေါ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
သန္ဓေတားဆေးတွေ ၁၉၆၀ ခုနှစ်လောက်က စပေါ်တုန်းက ဒီဆေးတွေမှာ အီစထရိုဂျင်ပမာဏ ၁၅၀ မိုက်ကရို ဂရမ် အထိ ပါဝင်ခဲ့ပါတယ်။ (1 gram = 1,000,000 microgram) နောက်ပိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေ အဖြစ်များလို့ ဈေးကွက်ထဲမှာ မရောင်းချတော့ပါဘူး။ ဒီနေ့ခေတ်မှာ အီစထရိုဂျင်ပမာဏ အမြင့်ဆုံးပါဝင်တဲ့ ဆေးတောင် ၅၀ မိုက်ကရိုဂရမ် အီစထရိုဂျင်သာပါဝင်ပြီး ဆရာဝန်တွေကလည်း သိပ်ညွှန်းလေ့မရှိကြပါဘူး။ ဒီနေ့ခေတ်မှာ အီစထရိုဂျင် ၃၅ မိုက်ကရိုဂရမ် နဲ့ အောက်ပါဝင်တဲ့ သန္ဓေတားဆေးတွေကို Low dose လို့ခေါ်ကြပါတယ်။
Ultra-Low Dose ဆေးဆိုတာ
ဒီဘက်ခေတ်ပိုင်းမှာ ဟော်မုန်းအများအပြားကို ဆေးဝါးတွေထဲ သိပ်ပြီး ထည့်သွင်းအသုံးမပြုလာကြတဲ့အတွက် Ultra-Low Dose သန္ဓေတားဆေးတွေ ပေါ်လာပါတယ်။ ဒီဆေးတွေမှာဆိုရင် အီစထရိုဂျင်ပမာဏ ၂၀ မိုက်ကရို ဂရမ်နဲ့ အောက် ပမာဏသာပါဝင်ပါတယ်။ Low Dose ပဲဖြစ်ဖြစ် Ultra-Low Dose ပဲဖြစ်ဖြစ် သန္ဓေတားဆီးနိုင်ပါတယ်။ ဒါပေမဲ့ Ultra-Low Dose ဆေးတွေကတော့ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ် အရည်ဓာတ်များလားခြင်း (fluid retention) စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နှုန်းနည်းပါးစေပါတယ်။ Ultra-Low Dose ဆေးတွေကိုတော့ သွေးဆုံးချိန် နီးနေတဲ့ အမျိုးသမီးတွေ အများစု အသုံးပြုလေ့ရှိကြပါတယ်။
ရေးသားသူ− Arkar Hein
[embed-health-tool-ovulation]