သားဆက်ခြားနည်းတစ်ခုကို ရွေးတော့မယ်ဆို အဓိက စဉ်းစားရမှာက ဒီနှစ်ခုပါပဲ။ ဘယ်နှနှစ်တားချင်တာလဲ၊ ဟော်မုန်းပါတာဆို အဆင်ပြေမလား။ ဒီလောက်ဆို တော်တော်လေးလည်း စဉ်းစားရလွယ်လာပြီ။ ပြီးတော့မှ အသေးစိတ် ထပ်စဉ်းစားရမှာတချို့ကို ဆက်ရေးပါမယ်။
၃။ ရာသီပုံမှန်ပေါ်မှ အဆင်ပြေတာလား
ကွန်ဒုံးနဲ့ သားအိမ်တွင်းထည့်ပစ္စည်းကတော့ ရာသီပုံမှန်ပေါ်တယ်။ နေ့စဉ်သောက်ဆေးကတ်ကလည်း နောက်ဆုံးတန်း အားဆေးလုံးတွေ သောက်နေပြီဆိုရင် သွေးဆင်းလာတတ်တယ်။ ၃လခံထိုးဆေးနဲ့ လက်မောင်းတွင်းထည့်ပစ္စည်းကတော့ ရာသီမပေါ်တာများတယ်။ အဲ့လိုမပေါ်လို့လည်း ဘာရောဂါမှတော့ မဖြစ်ဘူး။ သူ့ရဲ့ အာနိသင်ကြောင့် ဖြစ်တာပဲ။ ဒီအခါ တချို့အမျိုးသမီးတွေက အလုပ်ရှုပ်တောင် သက်သာသေးတယ် ဆိုပြီး သဘောကျပေမယ့် တချို့အမျိုးသမီးတွေကတော့ ရာသီမပေါ်ရင် မနေတတ်ဘူး၊ မိန်းမမဆန်သလို ခံစားရတယ်လို့ ထင်တတ်ကြတယ်။ ဒီလိုဆိုရင်တော့ ရာသီမပေါ်တတ်တဲ့နည်းတွေကို အသုံးပြုဖို့ အဆင်ပြေနိုင် မပြေနိုင် သေချာစဉ်းစားသင့်တယ်။
၄။ ကလေး ချက်ချင်းပြန်ရမှ အဆင်ပြေတာလား
သားဆက်ခြားနည်းတွေ အားလုံးထဲမှာ ၃ လခံထိုးဆေးမှာပဲရှိတဲ့ ထူးခြားချက်တစ်ခုက အာနိသင်ကျန်တတ်တာပါပဲ။ ဆိုလိုတာက ဆေးထိုးရပ်လိုက်ပေမယ့် ကလေးချက်ချင်း ပြန်မရတတ်ဘူး။ လုံးမဝမရနိုင်တော့တာ မဟုတ်ပေမယ့် လအနည်းငယ်စောင့်ရတတ်တယ်။ ပြီးတဲ့အခါ ကိုယ်ဝန်ပြန်ရလာလိမ့်မယ်။ ဒါပေမယ့်လည်း ကိုယ်ဝန်လိုချင်ရင် ချက်ချင်းရမှဖြစ်မယ် ဆိုတဲ့ စုံတွဲမျိုးတွေအတွက်တော့ ဒါကို သေချာစဉ်းစားရမယ်။ အထူးသဖြင့်၊ ကလေးရပြီးသားစုံတွဲဆို ပြဿနာမရှိပေမယ့် ကလေးတစ်ခါမှ မမွေးဖူးသေးရင်တော့ ပိုလို့ သတိထားရပါလိမ့်မယ်။
၅။ တစ်နေ့တစ်လုံး သောက်ဖို့ အဆင်ပြေနိုင်လား
ဒါက နေ့စဉ်သောက်ဆေးကတ်ကို ရွေးတော့မယ်ဆို ကိုယ့်ကိုယ်ကိုယ် မဖြစ်မနေ မေးသင့်တဲ့မေးခွန်းပါ။ နေ့စဉ်နေ့တိုင်း အချိန်မှန်ဆေးသောက်ဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ ဒါကြောင့်မို့ ကိုယ်ဟာ ဒီလိုသောက်နိုင်တဲ့ အခြေအနေရှိလား စဉ်းစားပါ။ နောက်ပြီး ဆေးသောက်ဖို့ မေ့ခဲ့ရင် ဘယ်လိုလုပ်ရမယ်ဆိုတာကိုလည်း သိအောင် လုပ်ထားစေချင်ပါတယ်။ ဒီဆေးကတ် သောက်နေတဲ့ အမျိုးသမီးအများစုဟာ သောက်သာသောက်နေကြတယ်၊ မေ့ခဲ့ရင် ဘယ်လိုလုပ်ရမလဲဆိုတာကို မှန်မှန်ကန်ကန် သိမနေကြပါဘူး။
၆။ အမျိုးသားရဲ့ ဆန္ဒ
သားဆက်ခြားတဲ့ကိစ္စဟာ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဆိုပေမယ့် ကွန်ဒုံးလို နည်းလမ်းမျိုးကျ အမျိုးသားရဲ့ပူးပေါင်းပါဝင်မှု လိုအပ်ပါတယ်။ သားအိမ်ထဲထည့်တာဆိုလည်း အမျိုးသားက သဘောမကျဘူး ဆိုတာတွေ ရှိတတ်တာမို့ သူနဲ့တိုင်ပင်ပြီးမှ ရွေးချယ်တာ ပိုအဆင်ပြေပါတယ်။ ဆေးခန်းသွားတဲ့အခါ ဆရာဝန်နဲ့ ဆွေးနွေးရင် သူ့ကိုပါ တစ်ပါတည်း ခေါ်သွားတာမျိုး လုပ်နိုင်ပါတယ်။
၇။ သောက်နေတဲ့ဆေးနဲ့ ဖြစ်နေတဲ့ရောဂါတွေ
ဥပမာ တီဘီဆေးသောက်နေတဲ့အချိန်ဆို ဟော်မုန်းပါတဲ့နည်းတွေ သုံးလို့မရဘူး။ သုံးရင် အာနိသင်ကျတတ်လို့ ကိုယ်ဝန်ရသွားတာမျိုး ဖြစ်တတ်တယ်။ နောက်ပြီး လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ၊ သားအိမ်အနေအထား အဆင်မပြေတာတွေ ရှိနိုင်ရင်လည်း ဆရာဝန်နဲ့ စစ်ဆေးပြီး စိတ်ချရမှ သားအိမ်ထဲထည့်တာမျိုး လုပ်သင့်တယ်။ ဒီလိုမျိုး ဘယ်ဆေးက မတည့်ဘူး၊ ဘယ်ရောဂါနဲ့ဆို အဆင်မပြေဘူးဆိုတာတွေကတော့ သာမန်လူတစ်ယောက်အနေနဲ့ မသိနိုင်တာမို့ ဆရာဝန်ကိုသာ သေချာပြောပြရမှာဖြစ်ပါတယ်။ ဒါမှ သူက အကောင်းဆုံးအကြံဉာဏ်တွေ ပေးနိုင်မှာပါ။
ခုပြောခဲ့တဲ့အချက်တွေကတော့ သားဆက်ခြားနည်းတစ်ခု သုံးတော့မယ်ဆိုရင် ကိုယ်နဲ့ဘယ်နည်းလမ်းနဲ့က သင့်တော်သလဲဆိုတာကို ရွေးချယ်နိုင်ဖို့အတွက် အဆင့်ဆင့်စဉ်းစားသင့်တာလေးတွေ ဖြစ်ပါတယ်။ ဒီအပေါ် အခြေခံ၊ ဆရာဝန်ဆရာမက ပြောပြတဲ့ အချက်တွေနဲ့ ပေါင်းစပ်ပြီး ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်မယ့် သားဆက်ခြားနည်းကို ရွေးချယ်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။