home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သင်ဟာ Single mother တစ်ယောက်လား

သင်ဟာ Single mother တစ်ယောက်လား

ဒီစာလုံးလေးဟာ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတယ်ဆိုပေမယ့် လူအတော်များများနဲ့ ရင်းနှီးပြီးသား စာလုံးလေးပါ။ မသိသေးသူတွေအတွက် နည်းနည်းလေး မိတ်ဆက်ပေးရမယ်ဆိုရင် Single mother ဆိုတာဟာ မိမိကလေး ကြီးပြင်းလာသည်အထိ (ခင်ပွန်းသည် မရှိဘဲ) တစ်ဦးတည်း ပြုစုပျိုးထောင်ပေးနေတဲ့ မိခင်တွေကို ဆိုလိုပါတယ်။ လူသိများထင်ရှားသူတွေထဲမှာလည်း Single mother တွေ ဒုနဲ့ဒေး ရှိပါတယ်။Single mother ဖြစ်လာရခြင်း နောက်ခံအကြောင်းရင်းတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် တူချင်မှ တူပါလိမ့်မယ်။ လက်ထပ်ပြီး ကိုယ်ဝန်ရှိချိန်မှာမှ ခင်ပွန်းသည်နဲ့ ကွဲသွားလို့၊လက်မထပ်ခင် ကိုယ်ဝန်ရှိခဲ့ပေမယ့် ယောက်ျားလေးဖက်က တာဝန်မယူ၊လက်မထပ်လို့၊ ခင်ပွန်းသည် ဆုံးပါးသွားလို့ စသဖြင့် အကြောင်းရင်းအမျိုးမျိုးကြောင့် Single mother ဖြစ်လာရပါတယ်။

ဒီဆောင်းပါးလေးမှာတော့ Single mother တစ်ဦးအနေနဲ့ မိမိရဲ့ ကလေးကို ပြုစုပျိုးထောင်ရာမှာ အသုံးဝင်နိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ အချိန်ဇယားဆွဲပါ

ပုံမှန် အိမ်ထောင်တစ်ခုနဲ့ မတူတဲ့အချက်က ဘာလဲဆိုတော့ Single mother တွေဟာ စီးပွားရေး၊ လူမှုရေးကိုပါ တာဝန်ယူရခြင်းပဲ ဖြစ်ပါတယ်။ နဂိုကတည်းက ငွေကြေးတောင့်တင်းတဲ့ အသိုင်းအဝန်းက ဆင်းသက်လာသူအဖို့ မထောင်းသာလှပေမယ့် ကိုယ့်တစ်ယောက်တည်း ဝင်ငွေနဲ့ မိသားစုရပ်တည်နေရတဲ့ Single mother တွေအတွက်တော့ အချိန်တိုင်းဟာ အရေးကြီးလှပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အချိန်ပြည့်အလုပ်တစ်ခုကိုလည်း လုပ်နေရတယ်ဆိုရင် အချိန်ဇယားကောင်းကောင်းတခုကို ဆွဲထားဖို့ လိုပါလိမ့်မယ်။

မနက်အိပ်ရာထမယ့်အချိန်၊ ချက်ပြုတ်ရမယ့်အချိန်၊ ကလေးဝေယျာဝေစ္စ လုပ်ရမယ့်အချိန်၊ အလုပ်သွားဖို့ ပြင်ဆင်ရမယ့်အချိန် စသဖြင့် အကွက်ကျကျ စီမံရပါမယ်။ ဒါမှသာ စီးပွားရေး၊လူမှုရေး၊သားသမီး ပြုစုရေးတို့မှာ တတ်နိုင်သမျှ အလစ်အဟင်း နည်းမှာ ဖြစ်ပါတယ်။ တစ်နေကုန် ကလေးနဲ့ ခွဲပြီး အလုပ်လုပ်နေရတဲ့အတွက် ညဖက်ကျမှ ညဉ့်နက်တဲ့အထိ ကလေးနဲ့ အတူနေလိုက်မဟဲ့လို့လည်း မလုပ်ပါနဲ့။ ကလေးငယ်တွေဟာ ကျွန်တော်တို့ထက် အိပ်ချိန်ပိုမို လိုအပ်သလို မိခင်အနေနဲ့လည်း နေ့သစ်အတွက် အားမွေးဖို့ လိုပါတယ်။ ဒါကြောင့် အပတ်ကုန်အားလပ်ရက်တွေကျမှ ကလေးကို အချိန်ပိုပေးပါ။ အဓိက အချက်ကတော့ ကိုယ့်အတွက် အဆင်ပြေဆုံးဖြစ်မယ့် အချိန်ဇယားကို ရေးဆွဲပြီး အမှန်တကယ် လိုက်နာဖို့ပဲ ဖြစ်ပါတယ်။

၂။ ကလေးနဲ့ ကစားပေးပါ

သာမန်လူလွတ်တစ်ယောက်အတွက်တောင် ဒီခေတ်ကြီးက ဖိစီးပင်ပန်းလှပါတယ်။ အိမ်ထောင်တစ်ခုရဲ့ တာဝန်၊ကလေးတစ်ယောက်ရဲ့ တာဝန်ကို တစ်ယောက်တည်း ထမ်းနေရသူအဖို့ ပိုလို့တောင် ဖိစီးမှုတွေများပါလိမ့်ဦးမယ်။ ဒါပေမယ့် ဘယ်လောက်ပဲ အလုပ်များများ သင့်ကလေးနဲ့ အတူကစားပေးဖို့ အချိန်ကိုတော့ မရရအောင် ထားပေးပါ။ အနည်းဆုံး တစ်ပတ်တစ်ခါလောက် ကစားကွင်းလိုက်ပို့ပါ။အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက် မလည်ဖြစ်တဲ့ အပတ်တွေမှာလည်း အိမ်မှာ ကစားပါ။ ရင်သွေးလေး သဘောကျတဲ့၊သူကြိုက်တတ်တဲ့ ကစားနည်းလေးတွေ လိုက်ကစားပေးပါ။ ပျော်စရာအချိန်လေးတွေကို ဖန်တီးပါ။

၃။ အကူအညီ ရယူပါ

သင့်မိဘဆွေမျိုးတွေဆီက အကူအညီကို တတ်နိုင်သမျှ ရယူဖို့ ဝန်မလေးပါနဲ့။ ကလေးတစ်ယောက် ရချိန်အထိ မိဘတွေကို ဒုက္ခဆက်ပေးနေရတယ်လို့ သင့်ကိုယ်သင် အပြစ်ရှိသလို ခံစားမိနိုင်ပေမယ့် ကလေးထိန်းနဲ့ ထားခဲ့ရတာထက်စာရင် အဘိုးအဘွားတွေဆီမှာ အပ်ထားခဲ့ရတာ ပိုစိတ်ချရသလို သင်လည်း အလုပ်မှာ ပိုပြီးနောက်ကြောင်းအေးပါလိမ့်မယ်။ မိဘဆိုတာကတော့ ကိုယ့်သားသမီး ဘယ်အရွယ်ရောက်ရောက် ကလေးလို့ပဲ မျက်စိထဲမြင်ပြီး ကူညီဖို့ အသင့်ရှိနေတာပါ။

၄။ ကလေးကို နားလည်တတ်အောင် သင်ပေးထားပါ

သင့်ကလေး အနည်းငယ် အရွယ်ရောက်လာပြီဆိုရင် ကြုံတွေ့ဖြတ်သန်းနေရတဲ့ အနေအထားတွေကို နားလည်တတ်လာအောင် ပြောပြပါ။ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ တာဝန်လေးတွေကိုလည်း ခွဲဝေပေးပါ။ဥပမာ သင် ညနေငါးနာရီ အိမ်ပြန်ရောက်နေကျကို အကြောင်းအမျိုးမျိုးကြောင့် မရောက်ဖြစ်သေးဘူးဆိုရင် ညစာပြင်ဆင်ထားဖို့၊ သန့်ရှင်းရေး (တနိုင်)လုပ်ထားဖို့ သင်ပေးထားပါ။ ဒါဆိုရင် သူတို့လေးတွေအနေနဲ့ တာဝန်ပိုသိတတ်လာမှာဖြစ်သလို မိမိကိုယ်ကို တန်ဖိုးထားစိတ်တွေလည်း ပိုလာမှာပါ။ သင်လည်း အနည်းနဲ့အများ ဝန်ပေါ့တာပေါ့။

၅။ သင်ကိုယ်တိုင်လည်း အနားယူပါ

လေယာဉ်တွေမှာ အရေးပေါ်အခြေအနေတစ်ခုခုဖြစ်လို့ အောက်ဆီဂျင်ရှူရတော့မယ့်အခါ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ ရှူဖို့ နောက်မှကူညီပေးရပြီး သန်သန်မာမာ လူငယ်၊ လူရွယ်တွေက အရင်ရှူရပါတယ်။ ဘာလို့လဲဆိုတော့ အရေးရယ်အကြောင်းရယ်ဆိုရင် ကလေးနဲ့ သက်ကြီးရွယ်အိုတွေကို ကူညီနိုင်ဖို့ပါ။ မြန်မာစကားမှာလည်း ‘တောင်ဝှေးလဲရင် ဖိုးသူတော်ထူလို့ရတယ်၊ ဖိုးသူတော်လဲရင် တောင်ဝှေးထူလို့ မရဘူး’ ဆိုတဲ့ စကားလည်း ရှိပါတယ်။ ဒါကြောင့် သင်ကိုယ်တိုင် ကျန်းမာရေးကောင်းပြီး စိတ်ရောကိုယ်ပါ သန်စွမ်းကြံ့ခိုင်နေဖို့ အထူးပဲ အရေးကြီးပါတယ်။ ဒါကြောင့် သင့်ကိုယ်ပိုင်အားလပ်ချိန်၊မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တွေ့ဆုံဖို့အချိန်ကိုလည်း ဖဲ့ထုတ်ပြီး ရယူတတ်ပါစေ။ ဒါမှ စိတ်ဖိစီးမှုတွေ ပြေလျော့သွားမှာပါ။

လင်မယားနှစ်ယောက် ပေါင်းပြီး ပြုစုစောင့်ရှောက်ဖို့တောင် မလွယ်ကူလှတဲ့ ကလေးပြုစုပျိုးထောင်ရေး လုပ်ငန်းကို မိန်းမသားတစ်ကိုယ်တည်း လုပ်ဆောင်ဖို့ဆိုတာ စိန်ခေါ်မှုတွေတော့ အများကြီးရှိနေတာ အသေအချာပါပဲ။ ဒါပေမယ့် ဒီစိန်ခေါ်မှုတွေကို အောင်မြင်မှုတွေအဖြစ် ပြောင်းလဲပြီး ရင်သွေးလေးနဲ့အတူ ဘဝခရီးလမ်းကို ကြံ့ကြံ့ခံ လျှောက်လှမ်းနိုင်ဖို့အတွက် အရေးပါတဲ့ အချက်အချို့ကို မျှဝေပေးလိုက်ရပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 27/07/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။