backup og meta

အစားအသောက်ကြောင့်လဲ စိတ်ကျန်းမာရေး ထိခိုက်နိုင်တယ်နော်


Ye Zon Aung မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစားအသောက်ကြောင့်လဲ စိတ်ကျန်းမာရေး ထိခိုက်နိုင်တယ်နော်

    လူတစ်ယောက်ဟာ ခန္တာကိုယ် ကြံ့ခိုင်နေဖို့သာမက စိတ်ပိုင်းဆိုင်ရာလည်း ကျန်းမာနေဖို့ လိုအပ်ပါတယ်။ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမယ်ဆိုတဲ့ စကားတစ်ခုတောင် ရှိသေးတယ်မဟုတ်လား။ တကယ်လို့များ ကိုယ့်က စိတ်မချမ်းသာရင်၊ စိတ်ပူပင်သောကရောက်နေရင်၊ စိတ်ဖိစီးမှုတွေများနေရင် ရုပ်ခန္တာကြီးလည်း ကျန်းမာကြံ့ခိုင်နေဖို့ မလွယ်ကူတော့ပါဘူး။ စိတ်ထောင်းရင် ကိုယ်ကျေတတ်တာကိုး။

    လူတစ်ယောက် စိတ်ပိုင်းဆိုင်ရာအရ ခိုင်မာအားကောင်းနေဖို့ ကျန်းမာနေဖို့ စိတ်ဖိစီးမှုနဲ့ စိတ်ဝေဒနာတွေ ကင်းဝေးနေဖို့ဆိုရင် တခြားသောကျန်းမာရေးကိစ္စတွေလိုပဲ စားသောက်နေထိုင်မှုပုံစံက သိပ်ကို အရေးကြီးပါတယ်။

    အစားအသောက်မမှန်ရင်၊ မသင့်တော်တာတွေ လျှောက်စားနေမိမယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအခြေအနေကို ဆိုးရွားစေမှာဖြစ်ပါတယ်။ ကိုယ်က စိတ်ပိုင်းဆိုင်ရာအရ ဘာပြဿနာမှရှိမနေရင်တောင်မှ အစားအသောက် ပုံစံမမှန်တာကြောင့် ဒီလိုဝေဒနာတွေဖြစ်လာဖို့ တွန်းအားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေမယ့် ဘယ်လိုအစားအသောက်မျိုးတွေကို ဂရုစိုက်ဆင်ချင်ပြီး စားသုံးသင့်သလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    • အသင့်သောက် သစ်သီးဖျော်ရည် – အံ့အားသင့်စရာကောင်းလွန်းလှပါတယ်။ လူကြိုက်များလွန်းလှတဲ့ အသင့်သောက် သစ်သီးဖျော်ရည်တွေဟာ စိတ်ကျန်းမာရေးအတွက်တော့ အထောက်အကူမဖြစ်စေပါဘူး။ အထူးသဖြင့် ဘူးနဲ့ ထုတ်လုပ်ထားတဲ့ အသင့်သောက် သစ်သီးဖျော်ရည်ဘူးတွေဟာ စိတ်ကျန်းမာရေးအတွက် ပိုပြီး ဆိုးကျိုးပေးနိုင်ပါတယ်။ ဒီလို အသင့်ဖျော်အချိုရည်တွေကို သောက်သုံးတာဟာ ဒေါသထွက်လွယ်တာမျိုး၊ မလိုအပ်ပဲ ဗိုက်ဆာတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရေဆာရင် ရေပဲသောက်တာက အကောင်းဆုံးဖြစ်ပါတယ်။
    • Regular Soda – Soda (ဆိုဒါ) ဟာ မြန်မာပြည်မှာ ကြိုက်နှစ်သက်သူ နည်းပါးပေမယ့် အနောက်တိုင်းမှာတော့ လူကြိုက်များကြပါတယ်။ ဆိုဒါဟာလည်း စိတ်ကျန်းမာရေးအတွက် သင့်လျော်ကောင်းမွန်တဲ့ အစားအသောက်မဟုတ်ပါဘူး။ ဆိုဒါသောက်တာဟာ တိုက်ရိုက် စိတ်ဖိစီးမှုဖြစ်စေနိုင်တယ်။
    • Diet Soda – ကိုယ်အလေးချိန် လျှော့ချလိုသူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Diet Soda တွေဟာ သကြားပါဝင်မှုမရှိပါဘူး။ ဒါပေမယ့် သကြားမပါဝင်ရုံနဲ့ ကျန်းမာရေးနဲ့ ကိုက်ညီနေပြီလို့ ဆိုလို့ရနိုင်ပါရဲ့လား။ အဖြေကတော့ ‘နိုး’ ပါ။ Diet Soda တွေဟာလည်း စိတ်ဖိစီးမှုဖြစ်စေတဲ့ အစားအသောက် တစ်မျိုး ဖြစ်ပါတယ်။
    • ပေါင်မုန့်မီးကင် – ဟုတ်ပါတယ်။ ပေါင်မုန့်မီးကင်ဟာလည်း စိတ်ကျန်းမာရေးကို အထောက်အကူမပြုတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ပေါင်မုန့်မီးကင်ဟာလည်း သွေးထဲကို သကြားဓာတ်ပမာဏတွေ အလျှင်အမြန်ပျော်ဝင်စေနိုင်တဲ့အစားအစာမျိုးဖြစ်တာမို့ ပူပင်သောကနဲ့ စိတ်ဖိစီးမှုဖြစ်စေဖို့ တွန်းအားပေးတဲ့ အစားအစာဖြစ်ပါတယ်။
    • ‘Light’ Dressing အနှစ် – အစားအသောက်တွေကို ပိုပြီးအရသာရှိရှိဖြစ်စေဖို့ ထည့်လေ့ရှိတဲ့ Dressing အနှစ်တွေဟာလည်း စိတ်ကျန်းမာရေးအတွက် အကျိုးမပြုပါဘူး။ တချို့ ‘Light’ Dressing တွေမှာ သကြားပါဝင်ပေမယ့် တစ်ချို့တွေမှာတော့ အချိုအရသာအတွက် သကြားအစား Artificial Sweetener တွေထည့်ထားတတ်ပါတယ်။ နှစ်မျိုးစလုံးဟာ စိတ်ဖိစီးမှုမြင့်တက်စေတဲ့အရာတွေဖြစ်ပါတယ်။
    • Ketchup ဆော့စ် – ကြက်ကြော်လိုအစားအစာမျိုးတွေ စားတဲ့အခါမှာ Ketchup ဆော့စ်လေးတွေက မပါမဖြစ် တွဲဖက်စာဖြစ်ပါတယ်။ ဒီ Ketchup တွေထဲမှာ သကြားပမာဏအများအပြားပါဝင်နေပါတယ်။ ဒါ့အပြင် Artificial Sweeteners တွေလည်း ပါဝင်တတ်ပါတယ်။ ဒါကြောင့်ဖြစ်နိုင်ရင် Ketchup တွေထက် အိမ်လုပ်အချဉ်ကို အစားထိုးပြီးစားသင့်ပါတယ်။
    • ကော်ဖီ – စွဲလမ်းစိတ်ကိုဖြစ်ပေါ်စေတဲ့ ကော်ဖီဟာ စိတ်ကျန်းမာရေးနဲ့ ကိုက်ညီမှုမရှိဘူးလို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းက ထောက်ပြမှုတွေရှိခဲ့ပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်ဟာ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပေမယ့် စိတ်ကျန်းမာရေးအခြေအနေအမျိုးမျိုးအတွက် သင့်လျော်မှုမရှိပါဘူး။ ဒါပေမယ့် ကဖိန်းဓာတ်ကြောင့်ချည်းပဲလို့တော့ ဆိုလိုမရသေးပါဘူး။ ကဖိန်းဓာတ်ကို ဖယ်ထုတ်လိုက်မယ်ဆိုရင်တောင်မှ စိတ်ကျန်းမာရေးအတွက် သင့်လျော်မှုမရှိတဲ့ အစားအစာဖြစ်နေဆဲဖြစ်ပါတယ်။
    • ခွန်အားဖြည့်အချိုရည်တွေ – ခွန်အားဖြည့်အချိုရည်တွေဟာ စိတ်ပိုင်းဆိုင်ရာပြဿနာ အများအပြားကို ဖန်တီးနိုင်တဲ့ သောက်စရာတစ်မျိုးဖြစ်ပါတယ်။ ဒီအဖျော်ယမကာမှာပါဝင်တဲ့ Guarana ဟာ အိပ်မပျော်တာမျိုး၊ စိတ်သောကရောက်တာမျိုးတွေဖြစ်စေနိုင်တဲ့အပြင် နှလုံးခုန်နှုန်းမမှန်အောင်လည်း လုပ်ပါတယ်။ ဒါ့အပြင် အဆိုပါအချိုရည်တွေမှာ သကြားပါဝင်မှုပမာဏလည်း အလွန်မြင့်မားပါတယ်။
    • အယ်လ်ကိုဟော – အယ်လ်ကိုဟောပါဝင်တဲ့ အရက်၊ ဘီယာစတာတွေဟာ စိတ်ကျန်းမာရေးအတွက် ဘယ်တော့မှ အကျိုးမပြုတဲ့ အဖျော်ယမကာမျိုးတွေဖြစ်ပါတယ်။ အရက်စွဲလမ်းသွားရင် စိတ်ဖောက်ပြန်တဲ့အထိဖြစ်နိုင်ချေရှိပါတယ်။ သာမန်အနေအထားမှာတောင် အိပ်မပျော်တာတွေ၊ စိတ်ဖိစီးမှုများတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့်ထူးခြားချက်ကတော့ အရက်ဟာ နည်းမှန်လမ်းမှန်နဲ့ သင့်လျော်ရုံ သောက်သုံးရင် စိတ်ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်တယ်ဆိုတဲ့ ယူဆချက်လည်းရှိနေပါသေးတယ်။
    • Frosting – Frosting တွေမှာ သကြားဘယ်လောက်ပါသလဲဆိုရင် သူတို့ ဘယ်လောက်တောင်ချိုလဲဆိုတာ တွေးကြည့်ရုံနဲ့ သိပြီးသားဖြစ်မှာပါ။ Frosting တွေမှာ Hydrogenated Oils လို ကျန်းမာရေးနဲ့ သင့်လျော်မှုမရှိတဲ့ အဆီမျိုးတွေလည်းပါဝင်နေပါသေးတယ်။ ဒါကြောင့် Frosting တွေဟာ အဝလွန်ခြင်းကိုလည်း ဖြစ်စေဦးမယ့်အရာဖြစ်ပါတယ်။
    • ပဲပိစပ်ဆော့စ် – ပဲပိစပ်ဆော့စ်တွေကို ပေါင်မုန့်၊ ခေါက်ဆွဲ၊ ပါစတာတွေနဲ့ တွဲဖက်စားသောက်ကြပါတယ်။ သူ့မှာ Gluten ပမာဏ အတော်များများပါဝင်နေပါတယ်။ တကယ်လို့ သင်ဟာ Gluten နဲ့ ဓာတ်မတည့်မှုရှိနေမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံရစေနိုင်တဲ့ အစားအစာဖြစ်ပါတယ်။
    • အသင့်စား အစားအစာတွေ – အသင့်စားအကြော်အလှော်တွေ၊ Refined Cereals ၊ သကြားလုံး၊ အဝလွန်စေနိုင်တဲ့ Ready-made နို့ထွက်ပစ္စည်းတွေ၊ ဂျုံမုန့်ညက်၊ စတာတွေအားလုံးဟာ ကျန်းမာရေးနဲ့ မညီညွတ်သလို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
    • ဒိုးနတ် – ဘိုစာ ဒိုးနတ်ပဲဖြစ်ဖြစ် မြန်မာတွေရဲ့ မုန့်လက်ကောက်ကြော်ပဲဖြစ်ဖြစ် အဆီပါဝင်မှုမြင့်မားပြီး သကြားဓာတ်လည်းပါဝင်နေတာမို့ အလွန်အကျွံစားသောက်ရင် ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေကို ထိခိုက်စေနိုင်ပါတယ်။ တစ်ခါတစ်ရံထက်ပိုပြီး မစားသင့်ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement