backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးတွေအတွက် မသင့်တော်တဲ့အစားအစာ (၇)မျိုး။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးတွေအတွက် မသင့်တော်တဲ့အစားအစာ (၇)မျိုး။

ကိုယ့်ကလေးကို သူများတွေထက်၊ ပိုထွားစေချင်တာ ၊ ဉာဏ်ပိုကောင်း အာဟာရပိုပြည့်စေချင်တာ မိဘတိုင်းရဲ့ ရင်တွင်းက ဆန္ဒပါ။ ကလေးအသက်၂ နှစ်ကျော် လူကြီးစားတဲ့ အစာကျွေးလို့ရတဲ့ အချိန်ရောက်ပြီဆိုတာနဲ့ ကိုယ့်ကလေး အာဟာရပြည့်ပါစေဆိုတဲ့ စိတ်နဲ့ မေမေတို့ စကျွေးပါပြီ။ ကလေးက အစားမက်တဲ့သူဖြစ်လို့ကတော့ ပွဲပြီးပြီပေါ့။ ကလေးစားရင် ပြီးရောဆိုပြီး ကလေးနဲ့ တည့်တာ မတည့်တာ မစဉ်းစားတော့ဘဲ ရှိသမျှ အကုန်ကျွေးပါတော့တယ်။ ခက်တာက လူကြီးစားတဲ့ အစားအသောက်တိုင်းက ကလေးနဲ့ မတည့်တတ်ပါဘူး။ ဒါကြောင့် ကိုယ့်စေတနာကြောင့် ကလေးကို ဝေဒနာတွေ မပေးမိစေဖို့ ကလေးအတွက် မကောင်းတဲ့ အစားအသောက် ၇ မျိုးအကြောင်း ပြောပြပေးချင်ပါတယ်။

ကလေးကိုကျွေးဖို့ မသင့်တော်တဲ့အစားအစာ။ ။

၁။ ပျားရည်

သိမ်းထားတာ ကြာတဲ့ ပျားရည်မှာ အစာအဆိပ်သင့်ခြင်းကိုဖြစ်စေနိုင်တဲ့Clostridium botulinum ဘက်တီးရီးယားတွေရဲ့မျိုးမှုန်တွေ တစ်ခါတစ်လေ ပါဝင်တတ်ပါတယ်။ လူကြီးတွေရဲ့အူလမ်းကြောင်းကတော့ ပျားရည်မှာပါတဲ့ အဆိပ်တွေကို လွယ်လွယ်လေးကာကွယ်ရှင်းလင်းနိုင်ပေမယ့် ကလေးအတွက်တော့ အန္တရာယ်ရှိနိုင်ပါတယ်။

၂။ ဂက်စ်ပါတဲ့အချိုရည်

ဂက်စ်ပါတဲ့အချိုရည်တွေ၊ အချိုပြင်းတဲ့ အချိုရည်တွေက ကလေးတွေကို အဝလွန်စေပါတယ်။ အာဟာရဓာတ်ကင်းမဲ့တဲ့ ဒီအချိုရည်တွေက ကလေးရဲ့ နုနယ်တဲ့ခန္ဓာကိုယ်အတွက်ဘေးဖြစ်စေတာပဲရှိပါလိမ့်မယ်။ ဒီလိုအချိုရည် တစ်ပုလင်းလောက်မှာ သကြား ၆၀ ဂရမ်လောက်ပါဝင်တတ်တာမို့ ကလေးရဲ့တစ်နေ့တာမှာ ရရှိသင့်တဲ့ပမာဏ ထက်လေးဆကျော် ပိုများနေနိုင်ပါတယ်။

၃။ အချိုများတဲ့အရာ

သကြားလုံး၊ အချိုရည်၊ အချိုများတဲ့မုန့်တွေက အများကြီးစားလို့မသင့်တော်တဲ့ အရာတွေပါ။ ကလေးအတွက် သွားပိုးစားမယ့်၊၊အဝလွန်မယ့်အန္တရာယ်တွေ ရှိသလိုချောင်းဆိုးရင်ကျပ်ဝေဒနာကိုပိုဆိုးစေနိုင်ပါတယ်။ ဒါ့အပြင် ပိုဆိုးတာကအမျိုးအစား ၂ ဆီးချိုသွေးချိုဖြစ်နိုင်တဲ့အန္တရာယ်လည်း များစေပါလိမ့်မယ်။

၄။ အသင့်စားခေါက်ဆွဲ

အလုပ်ရှုပ်သက်သာတယ်၊ မြန်မြန်စားလို့ရတယ်ဆိုပြီး ကလေးတွေကို ကိုယ်စားနေကျ ခေါက်ဆွဲပြုတ်တွေ မကျွေးလိုက်ပါနဲ့။ အသင့်စားခေါက်ဆွဲတွေမှာဗီတာမင်တွေ၊အာဟာရတွေဘာမှမပါတဲ့အပြင် –

  • အသွင်ပြောင်းဆီ(transfats) တွေ၊
  • ဖယောင်း(ကလေးတွေပုံမှန်စားသုံးမိရင်အသည်းထိခိုက်နိုင်ပါတယ်)၊
  • Propylene glycol ( ခေါက်ဆွဲသားကို အစိုဓာတ်ထိန်းနိုင်ဖို့ သုံးတဲ့ဓာတုပစ္စည်းတွေဟာ နှလုံး၊ အသည်းနဲ့ ကျောက်ကပ်တို့မှာ မြန်မြန်ဆန်ဆန်စုလာပြီး ကျန်းမာရေးကို ထိခိုက်ပျက်စီးစေနိုင်တဲ့အတွက် နုနယ်သေးတဲ့ ကလေးတွေအတွက် လုံးဝ မသင့်တော်ပါဘူး။)
  • အချိုမှုန့် (MSGလို့ခေါ်တဲ့အချိုမှုန့်တွေ ခေါက်ဆွဲခြောက်ထုပ်တွေထဲ အများကြီးပါတတ်လို့ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုနှောင့်ယှက်တတ်ပါတယ်)၊
  • အငန်ဓာတ်
  • တခြားအန္တရာယ်ရှိဓာတုပစ္စည်းတွေ (ခေါက်ဆွဲထုပ်ပိုးတဲ့ ပလတ်စတစ်၊ဘူးတွေမှာ Dioxinနဲ့ တခြားဓာတုပစ္စည်းတွေ ပါရှိတတ်လို့ အပူနဲ့ထိတွေ့တဲ့အခါ ဒီဓာတ်တွေထွက်လာပြီး ခေါက်ဆွဲနဲ့ ရောကုန်ပါတယ်။ ဒါတွေကို စားမိရင် ကင်ဆာရောဂါအထိ ဖြစ်စေနိုင်လို့ ကလေးတွေရဲ့ ကျန်းမာရေးအတွက် ထိခိုက်နစ်နာမှုများပါလိမ့်မယ်။

၅။ အသက်ရှူလမ်းကြောင်း ပိတ်ဆို့နိုင်လောက်တဲ့စားစရာ

ကလေးဆိုတော့ သွားပေါက်ကာစအရွယ်မှာ ဘာပဲစားစား တစ်ကိုက်ပဲ ကိုက်ချလိုက်မှာ၊ မဝါးနိုင်ရင် မျိုချပစ်မှာစိုးရပါတယ်။ ဒါ့ကြောင့် အသက်ရှူလမ်းကြောင်းမှာပိတ်ဆို့စေနိုင်လောက်တဲ့ အရွယ်အစားတွေကိုမကျွေးပါနဲ့။ ဥပမာ သကြားလုံးကို အလုံးလိုက်မစားပါစေနဲ့၊ ကိုက်ခွဲပြီးမှကျွေးပါ။ အစေ့အဆန်တွေ၊ ပီကေ၊ ဂျယ်လီအမာလေးတွေကိုလည်း မကျွေးပါနဲ့ဦး။

၆။ ကော်ဖီနဲ့ လက်ဖက်ရည်

ကလေးအတွက်က ကဖင်းပါတဲ့ ဘယ်သောက်စရာကမှ မသင့်တော်ပါဘူး။ လူကြီးတွေ  ကော်ဖီသောက်ချိန်မှာ လာတောင်းလို့ နည်းနည်းခွဲတိုက်တာမျိုးလည်း အကျင့်မလုပ်ပါနဲ့။ လက်ဖက်ရည်မှာပါတဲ့ tanninဓာတ်က အစားအစာတွေထဲကနေ သံဓာတ်စုပ်ယူနိုင်စွမ်းကို ဟန့်တားနိုင်ပါတယ်။ ကဖင်းဓာတ်ရဲ့ သက်ရောက်မှုတွေက ကလေးရဲ့ ဖွံ့ဖြိုးကြီးထွားမှုတွေအတွက် မကောင်းတာကြောင့် အားဖြည့်အချိုရည်အပါအဝင်၊ ကော်ဖီ၊ လက်ဖက်ရည်တွေ မတိုက်ကျွေးသင့်တာ ဖြစ်ပါတယ်။ မဖြစ်မနေ စိတ်ကျေနပ်အောင်လုပ်ပေးချင်တယ်ဆိုရင် ကလေးရဲ့ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေမယ့် နို့မှုန့်တွေကို ရွေးချယ်နိုင်ပါတယ်။

၇။ အကင် နဲ့ အချဉ်ဆော့စ်

အသားကင်တွေ၊ ရယ်ဒီမိတ်အသားလုံးတွေမှာ နိုက်ထရိတ်ပါဝင်မှုမြင့်မားလို့ ကင်ဆာအန္တရာယ် စိုးရိမ်ရပါတယ်။ အသားချောင်း၊ ဝက်/ကြက်အူချောင်းတွေမှာ ဆိုဒီယမ်နဲ့ တိရစ္ဆာန်အဆီတွေ ပါဝင်မှုလည်းများတာကြောင့် ကလေးအာဟာရကောင်းကျိုးထက် ဆိုးကျိုးပိုများစေနိုင်ပါတယ်။

အရောင်အသွေးနီနီနဲ့ ဖျော်စပ်ထားတဲ့အချဉ်ရည်ေတွနဲ့တို့စားရတာ နှစ်သက်လွန်းတဲ့ကလေးတွေရှိပါတယ်။ တုတ်ထိုး၊ အကင်၊ ကြက်ကြော် စတဲ့စားစရာတွေကို အချဉ်ရည်လေး၊ ဆော့စ်လေးနဲ့မှ ကြိုက်ကြတာ။ တစ်ခါတလေလေးစားတာထက်ကျော်လွန်ပြီး မကြာခဏစားခွင့်ပေးထားတယ်ဆိုရင် အချဉ်ရည်တွေမှာပါတဲ့အရောင်ဆိုးဆေးတွေ၊ တာရှည်ခံပစ္စည်းတွေလို ပါဝင်ပစ္စည်းတချို့က ကလေးတွေအတွက် မသင့်တော်ပါဘူး။

ကလေးတွေကို ဘာတွေပိုကျွေးသင့်လဲ။ ။

အပေါ်က ပြောခဲ့တာတွေက မကျွေးသင့်တာတွေပဲဆိုတော့ မေမေတို့ အနေနဲ့ ဘာကျွေးရမလဲဆိုပြီး အတော်လေးစဉ်းစားရကြပ်သွားနိုင်ပါတယ်။ ဒါကြောင့် ခုပြောချင်တာကတော့ ကလေးကို ဘာတွေပိုကျွေးရမလဲဆိုတာ ပြောပြပေးချင်တာပါ။

ကလေးတွေကို ကျွေးတဲ့ အစားသောက်တွေမှာ အစာခြေစနစ်ကို ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရ (Prebiotics) တွေပါသင့်ပါတယ်။ ဒါမှ အူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယားတွေ အားကောင်းလာပြီး အပြင်ကဝင်လာတဲ့ ပိုးတွေကို မြန်မြန်တိုက်ထုတ်နိုင်မှာပါ။ ဒါ့အပြင် ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးစေဖို့အတွက် အရေးပါတဲ့ ဓာတ်တွေဖြစ်တဲ့ DHA၊ Omega-3 နဲ့ Omega-6 ပါတဲ့ အစားအသောက်တွေကိုလည်း ကလေးတွေကို ကျွေးသင့်ပါတယ်။ ဒါကြောင့် ကြီးထွားဖွံဖြိုးစေတဲ့DHA၊ Omega-3 ၊Omega-6 နဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရ (Prebiotics) တို့ ကြွယ်ဝစွာတဲ့ အာဟာရနို့မှုန့်တွေကို ကလေးတွေကို ပိုတိုက်ပေးပါ။

ကိုယ့်ကလေးကို အခြားသူတွေထက်သာစေချင်တာမှန်ပေမယ့်လည်း စေတနာကနေ ဝေဒနာ မပြောင်းဖို့ ပြောပြခဲ့တဲ့ အချက်တွေကို မေမေတို့ လိုက်နာဖို့တော့ လိုလိမ့်မယ်နော်။ ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement