backup og meta

ဘေဘီလေးတွေ အရေပြားအတွက်သင့်တော်တဲ့ ပိတ်စအမျိုးအစားများ

ဘေဘီလေးတွေ အရေပြားအတွက်သင့်တော်တဲ့ ပိတ်စအမျိုးအစားများ

အိမ်မှာ အိမ်သားအသစ်စက်စက် ပိစိကွေးလေးတိုးလာတဲ့အခါ ဂရုစိုက်လုပ်ဆောင်ရတာတွေများလာပါမယ်။ သူတို့လေးတွေဘေးကင်းစေဖို့ အစားအစာကစလို့ အသုံးအဆောင်တွေအထိသေချာဂရုစိုက်ရပါမယ်။ ဒီလိုဂရုစိုက်တဲ့အထဲမှာ မဖြစ်မနေအရေးတကြီးလုပ်ပေးသင့်တာက ကလေးကို ဝတ်ပေးမယ့် အဝတ်အစားတွေပါ။ အဝတ်အစားရွေးချယ်တဲ့အခါ အမြင်လှဖို့ထက် ကလေးအတွက် သက်သောင့်သက်သာဖြစ်စေပြီး ကလေးအသားအရေကို ထိခိုက်မှုမရှိနိုင်တဲ့ အဝတ်အထည်မျိုးကို အဓိကထားရွေးချယ်ဖို့ လိုပါမယ်။ ဒါကြောင့် ဘေဘီလေးတွေ အရေပြားအတွက်သင့်တော်တဲ့ ပိတ်စအမျိုးအစားများ အကြောင်း ပြောပြပေးလိုက်ပါတယ်။

ဘေဘီလေးတွေ အရေပြားအတွက်သင့်တော်တဲ့ ပိတ်စအမျိုးအစားများ က ဘာတွေများဖြစ်မလဲ

ဘေဘီလေးတွေ အရေပြားအတွက်သင့်တော်တဲ့ ပိတ်စအမျိုးအစားများ ကတော့ –

ချည်သား

ချည်သားကတော့ ဘေဘီလေးတွေနဲ့ အသင့်တော်ဆုံးဖြစ်မှာပါ။ ချည်သားက နူးညံ့ပြီးအေးမြနေသလို ချွေးစုပ်ယူမှုအားလည်းကောင်းတာကြောင့် ထိခိုက်လွယ်တဲ့ဘေဘီလေးတွေ အသားအရေနဲ့ ကွက်တိပါ။ အသားအရေကို ထိခိုက်ပွန်းပဲ့မှုကင်းစေပြီး အပူအအေးမျှတနေစေမှာပါ။ ဒါပေမယ့် ဘေဘီလေးကို ချည်သားဝတ်ဆင်ပေးမယ်ဆိုရင် အရင်ဆုံးလျှော်ဖွတ်ပြီးမှ ဝတ်ဆင်ပေးဖို့ မမေ့ပါနဲ့။

ချည်သားနဲ့ Polyesterရောစပ်ထားတဲ့ အထည်

ဒီပိတ်စအမျိုးအစားကခြောက်သွေ့မြန်သလို၊ တွန့်ကြေခဲပါတယ်။ နောက်ထပ် အားသာချက်တစ်ခုက ကလေးတွေ အဝတ်အထည်အတွက် အသုံးများတဲ့ ချည်သားစစ်စစ်လောက်လည်း စရိတ်စကမကြီးပါဘူး။ အလုပ်များတဲ့ မေမေဖေဖေတို့အတွက် ရွေးချယ်သင့်တဲ့ ပိတ်စတစ်မျိုးပါ။ ဘေဘီလေးရဲ့ အရေပြားကို ထိခိုက်မှုမရှိစေတဲ့အပြင် နေရထိုင်ရတာလည်း သက်သောင့်သက်သာဖြစ်စေမှာပါ။

ချည်သားနဲ့ Spandexရောစပ်ထားတဲ့ အထည်

ကျုံ့နိုင်ဆန့်နိုင်တာကြောင့် ကလေးက လူးလွန့်လှုပ်ရှားတဲ့အခါ အဆင်ပြေပြေ ဖြစ်စေမှာပါ။ အသားကလည်း မကြမ်းတာကြောင့် အရေပြားထိခိုက်မှုရှိမှာကို မစိုးရိမ်ရပါဘူး။ ကလေးကို နွေးထွေးမှုရရှိစေမှာဖြစ်တာကြောင့် ဘေဘီလေးတွေအတွက် သင့်တော်တဲ့ ပိတ်စတွေထဲက တစ်မျိုးလို့ဆိုပါရစေ။

မွေးပွအထည်

ကလေးငယ်ငယ်လေးတွေရဲ့ အနွေးထည်တွေအဖြစ် မြင်ရများနိုင်ပါတယ်။ ရာသီမရွေးဝတ်ဆင်ပေးလို့ရပြီး ကလေးကို အအေးဒဏ်ကနေ အကာအကွယ်ပေးနိုင်မှာပါ။ လျှော်ဖွတ်တဲ့ အခါမှာလည်း အခြောက်မြန်တာကြောင့် ကလေးအတွက်ရော လူကြီးတွေအတွက်ပါ အဆင်ပြေစေမယ့် အထည်တစ်မျိုးပါ။

သိုးမွှေးထည်

ဒါကတော့ အထက်တန်းဆန်တဲ့ ကလေးအသုံးအဆောင်တစ်ခုပါ။ အချုပ်အလုပ်ကျွမ်းကျင်တဲ့မေမေတို့ကတော့ မွေးမလာသေးတဲ့ဘေဘီလေးတွေအတွက် ကိုယ်တိုင် သိုးမွေးထိုးချုပ်လုပ်ပေးထားတာတွေရှိပါတယ်။ သိုးမွေးက နူးညံ့တာကြောင့် ဘေဘီလေးတွေကို အသားအရေထိခိုက်မှုမရှိစေဘဲနွေးထွေးမှုအပြည့်အဝပေးနိုင်မှာပါ။

ဖလန်ထည်

ဒီအသားကတော့ နူးညံ့ပြီးနွေးထွေးမှုရှိစေနိုင်တဲ့ ပိတ်စတစ်မျိုးပါ။ မိုးရာသီလိုမျိုး အချိန်တွေမှာလျှော်ရဖွတ်ရလွယ်သလို ဘေဘီလေးကို မိုးတွင်းရဲ့ အအေးဒဏ်ကနေ အကာအကွယ်ပေးနိုင်မှာပါ။ အဆင်လှလှလေးနဲ့ ဖလန်ထည်လေးဝတ်ဆင်ပေးပြီး အရေပြားပြဿနာကင်းစင်တဲ့ ချစ်စဖွယ်ဘေဘီလေးတစ်ယောက်ဖြစ်အောင်လုပ်ပေးလိုက်ပါ။

ဝါးချည်

ဒါကတော့ အခုနောက်ပိုင်းမှာ အသုံးများလာတဲ့ သဘာဝပစ္စည်းစစ်စစ်ကနေထုတ်ထားတဲ့ ချည်တစ်မျိုးနဲ့ ဖန်တီးထားတာပါ။ အပူအအေးကို ထိန်းညှိပေးနိုင်ပြီး ကလေးရဲ့ အသားအရေကို ထိခိုက်မှုမရှိလောက်အောင်ကို နူးညံ့တာပါ။ မွေးကင်းစဘေဘီလေးတွေ အတွက်စိတ်ချရတဲ့ အထည်တစ်မျိုးပေါ့။

နောက်ဆုံးအနေနဲ့ သတိပေးချင်တာတစ်ခုကတော့ ကလေးအသားအရေနဲ့ ဘယ်လိုသင့်တော်တဲ့ ပိတ်စမျိုး အထည်မျိုးပဲဖြစ်ဖြစ် ကလေးရဲ့ ခန္ဓာကိုယ်ပေါ်မှာ မဝတ်ဆင်ပေးခင်အရင်ဆုံးလျှော်ဖွတ်လိုက်ပါ။ ဒါမှသာ အဝတ်အထည်ပေါ်မှာ အသုံးပြုထားတဲ့ တာရှည်ခံဆေးတွေနဲ့ ပိုးသတ်ဆေးတွေကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ ကလေးအဝတ်အထည်တွေကို လျှော်တဲ့အခါ လူကြီးတွေအဝတ်အစားတွေနဲ့ရောလျှော်တာမျိုး မလုပ်ပါနဲ့။ ဆပ်ပြာမှုန့်တွေမှာပါတဲ့ ဓာတုပစ္စည်းတွေကြာင့် ကလေးအရေပြားကို ထိခိုက်နိုင်တာကြောင့်ပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

13 types of fabric suitable for baby clothes & children’s clotheshttps://sewguide.com/fabric-for-baby-clothes-childrens-clothes/ Accessed Date 26 June 2018

Best Fabrics to Dress Babyhttp://www.littlecrunchy.com/2012/09/fabrics-dress-baby.html Accessed Date 26 June 2018

What Fabrics are Infant Clothes Available In?https://www.liveabout.com/what-fabrics-are-infant-clothes-available-in-285981 Accessed Date 26 June 2018

ယခုပုံစံ

09/04/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေးကို ပုခက် နဲ့သိပ်တော့မယ်ဆိုရင်

ဆောင်းအေးအေးမှာ ဘေဘီလေးကျန်းမာနေစေဖို့ဆိုရင်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 09/04/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement