အဓိပ္ပါယ်ဖွင့်ဆိုချက်
Nursemaid’s Elbow (တံတောင်ဆစ် အရိုးလွဲခြင်း) ကဘာလဲ။
- Nursemaid’s Elbow ဆိုတာ မူလနေရာကနေ တံတောင်ဆစ်အရိုးများ ချော်ထွက်သွားခြင်းကို ခေါ်ပါတယ်။
- လက်ဖံရိုး (Radius) နဲ့ လက်မောင်းရိုး (Ulna) တို့ကို ကြုံ့နိုင်ဆန့်နိုင်သော အရွတ်တို့ဖြင့် တွယ်ဆက်ထားပါတယ်။ ထိုအရွတ်တို့က အသက်ကြီးလာတာနဲ့ အမျှ ပိုမိုခိုင်ခန့်လာပါတယ်။ ငယ်ငယ်ရွယ်ရွယ်လေးတွေနဲ့ မွေးကင်းစလေးတွေမှာ အရွတ်များဟာ လျော့ရဲစွာ တွယ်ဆက်ထားကြပါတယ်။ ထိုသို့ဖြစ်နေခြင်းက တံတောင်ဆစ်လွဲဖို့ လွယ်ကူသွားစေပါတယ်။
- Nursemaid’s Elbow ဖြစ်သွားတဲ့ ကလေးတစ်ယောက်ဟာ လက်နာကျင်ခြင်းကို ခံစားရမှာပါ။ ဒါပေမယ့်လည်း ရေရှည်ထိခိုက်မှုတွေတော့ ဖြစ်စေမှာ မဟုတ်ပါဘူး။ ဆေးခန်းတို့ အရေးပေါ်ခန်းတို့မှာပဲ ကျွမ်းကျင်သူတွေက တံတောင်ဆစ်ကို ပြန်တည့်ပေးနိုင်ပါတယ်။ မြန်မြန်ဆန်ဆန်နဲ့ ပြီးသွားမှာပါ။
Nursemaid’s Elbow (တံတောင်ဆစ် အရိုးလွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ
ကလေးငယ်ငယ်လေးတွေနဲ့ မူကြိုအရွယ်လေးတွေမှာ အဖြစ်များပါတယ်။ ၁နှစ်ကနေ ၄နှစ်အတွင်း ကလေးတွေမှာ အရွတ်များလျော့ရဲစွာတွယ်ဆက်နေပြီး အရိုးများကလည်း အပြည့်အ၀ မဖွံ့ဖြိုးသေးတာကြောင့် Nursemaid’s Elbow ဖြစ်နိုင်ခြေ များပြားပါတယ်။