home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကျောရိုး အတက်ထွက်သူများတွင် မသင့်တော်သော လေ့ကျင့်ခန်းများ

ကျောရိုး အတက်ထွက်သူများတွင် မသင့်တော်သော လေ့ကျင့်ခန်းများ

သင့်တွင် ကျောရိုးအတက်ထွက်ခြင်းကြောင့် ဝေဒနာများ ခံစားနေရပါက လေ့ကျင့်ခန်းများပြုလုပ်ခြင်းသည် သက်သာစေနိုင်ပါသည်။ သို့သော် အရိုးအတက်ထွက်သူများနှင့် မသင့်တော်သော လေ့ကျင့်ခန်းများကို ပြုလုပ်မိလျှင် ရောဂါအခြေအနေပိုဆိုးလာနိုင်သောကြောင့် ယင်းတို့ကို ရှောင်ကျဉ်သင့်ပါသည်။

ကျောရိုး အတက်ထွက်ခြင်း

နောက်ကျောရိုး လက်ပင်းရိုးများတွင် အတက်ထွက်ခြင်းဆိုတာ သင်ဘယ်လို နားလည်ပါသလဲ။ ကျောရိုးအတက်ဆိုသည်မှာ အရိုးပေါ်တွင် ကာလကြာရှည်စွာ ကြီးထွားနေသော ချောမွေ့သည့်အရိုးအစိတ်အပိုင်းဖြစ်ပါသည်။ ယင်းသည် ကျောရိုးတွင် ဖြစ်ခြင်းကြောင့် ကျောရိုးအတက်ထွက်ခြင်းဟု ခေါ်ခြင်းဖြစ်ပါသည်။

ကျောရိုးတလျှောက်တွင် အတက်အများဆုံးဖြစ်သော နေရာများမှာ ခါးနှင့် လည်ပင်းနေရာများဖြစ်ပါသည်။ ထိုသို့အရိုးအတက်ထွက်လျှင် ခံစားရနိုင်သော ရောဂါ လက္ခဏာများမှာ

· အချိန်ကြာမြင့်စွာ လမ်းလျှောက်ခြင်း၊ မတ်တပ်ရပ်ခြင်းများ ပြုလုပ်လိုက်လျှင် ခါးနာခြင်း၊ လည်ပင်း၊ ပခုံးများနာကျင်ခြင်း(လည်ပင်းအရိုး အတက်ကြောင့်)၊ပေါင်ကြောများနာခြင်း (ခါးရိုးအတက်ထွက်ခြင်းကြောင့် )

· ထိုသို့နာကျင်ခြင်းသည် လှုပ်လိုက်လျှင် ပိုဆိုးပြီး နားနေလိုက်လျှင် သက်သာသွားခြင်း

· ဝမ်းသွားခြင်း၊ ဆီးသွားခြင်းများကို မထိန်းချုပ်နိုင်တော့ခြင်း

· ပိုဆိုးလာပါက လက်မောင်းများ၊ ခြေထောက်များပါ နာခြင်း၊ ကျင်ခြင်းနှင့် အားနည်းခြင်းများဖြစ်လာခြင်း တို့ဖြစ်ပါသည်။

ကျောရိုးအတက်ကြီးထွားလာခြင်းသည် အစာအာဟာရ မျှတမှု၊ ကိုယ်ဟန်အနေအထား၊ ထိခိုက်ဒဏ်ရာရခြင်း (အထူးသဖြင့် အားကစားသမားများနှင့် ယာဉ်မတော်တဆဖြစ်မှုများတွင်)စသည့် အခြေအနေများနှင့် ဆက်စပ်မှုရှိပါသည်။

ကျောရိုးအတက်ဖြစ်သူများအနေဖြင့် မပြုလုပ်သင့်သော လေ့ကျင့်ခန်းများ

မပြုလုပ်သင့်သော လေ့ကျင့်ခန်းများကို ပြုလုပ်လိုက်ခြင်းဖြင့် ကျောရိုးအတက်ကို ပိုဆိုးလာစေမည်ဖြစ်ပါသည်။

အောက်ပါတို့သည် ကျောရိုးအတက်ဖြစ်သူများအတွက် ရှောင်ကျဉ်သင့်သော လေ့ကျင့်ခန်းများဖြစ်ပါသည်။

· ခေါင်းနှင့် ပခုံးပေါ်တွင် လေးပင်သော အရာများကို မမပါနှင့်။

· ထထိုင်ပြီး ပြုလုပ်ရသော လေ့ကျင့်ခန်းများသည် သင့်ခါးနှင့် လည်ပင်းများအတွက် အကျိုးရှိစေနိုင်သော်လည်း ကျောရိုးအတက်ဖြစ်သူများတွင်မူ ပိုဆိုးစေသောကြောင့် ရှောင်ကျဉ်ရမည်ဖြစ်ပါသည်။

· ဒိုက်ထိုးခြင်းသည် သင့်ကိုကြံ့ခိုင်စေနိုင်သော်လည်း ပခုံးများနှင့် ကျောကို ထိခိုက်စေသည့်အတွက် ကျောရိုးအတက်ဖြစ်သူများတွင် ရှောင်ကျဉ်ရမည်ဖြစ်ပါသည်။

· ပြေးလွှားခြင်း၊ ဘတ်စကတ်ဘော ကစားခြင်းစသည့် ပင်ပန်းသည့်လေ့ကျင့်ခန်းများကို မပြုလုပ်ပါနှင့်၊ ထိုအစား လမ်းလျှောက်ခြင်း၊ ရောဂလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းက သင့်အတွက် ပိုပြီးအကျိုးရှိစေပါသည်။

· ကင်းမြီးကောင်ထောင်ခြင်းများသည် သင့်ဦးခေါင်းနှင့် ပခုံးများကို ဖိအားများသက်ရောက်စေသည့်အတွက် မပြုလုပ်သင့်ပါ။

ကျောရိုးအတက်ဖြစ်သူများတွင် မပြုလုပ်သင့်သော အခြားအရာများ

· ကိုယ်နေကိုယ်ဟန်မှန်ကန်စွာ နေထိုင်သင့်သည်။ သင်ထိုင်နေသော ၊ မတ်တပ်ရပ်နေသော အနေအထားများကို ပြုပြင်သင့်ပါသည်။

ကျောမှီပါသော ခုံတွင် မတ်မတ်ထိုင်ခြင်း၊ လည်ပင်းများကို အကွေးအဆန့်ပြုလုပ်နိုင်သော ထိုင်ခုံများကို ရွေးချယ်ခြင်းတို့ပြုလုပ်ရန် လိုအပ်ပါသည်။ လမ်းလျှောက်လျှင်လည်း အရှေ့သို့ တည့်တည့်ကြည့်ပါ။ ခေါင်းကို ပခုံးနှစ်ဖက်ကြားတွင်ထားပြီး ခါးမတ်မတ်လျှောက်ပါ။

လေ့ကျင့်ခန်းများပြုလုပ်ခြင်းသည် ကောင်းမွန်ပါသည်။ သို့သော် အရိုးအတက်ထွက်သူများနှင့် မသင့်တော်သော လေ့ကျင့်ခန်းများကို ပြုလုပ်မိလျှင် ရောဂါအခြေအနေပိုဆိုးလာနိုင်သောကြောင့် ယင်းတို့ကို ရှောင်ကျဉ်သင့်ပါသည်။

ထို့ကြောင့် သင်ပြုလုပ်နေသော လေ့ကျင့်ခန်းများသည် သင့်ကို ပိုနာကျင်စေခြင်း၊ သင့်ဆရာဝန်က ထောက်ခံခြင်းမရှိခြင်းဖြစ်ပါက ထိုလေ့ကျင့်ခန်းများကို မပြုလုပ်သင့်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
  1. Bone Spurs (Osteophytes) and Back Pain. http://www.spine-health.com/conditions/arthritis/bone-spurs-osteophytes-and-back-pain. Accessed January 23, 2017.
  2. Low Back Pain: What Can You Do?. http://www.webmd.com/back-pain/lower-back-pain-10/slideshow-exercises. Accessed January 23, 2017.
  3. Treatment Options for Bone Spurs. http://www.spine-health.com/conditions/arthritis/treatment-options-bone-spurs. Accessed January 23, 2017.
  4. Cervical Osteophytes: Bone Spurs in the Neck. http://www.spine-health.com/conditions/neck-pain/cervical-osteophytes-bone-spurs-neck. Accessed January 23, 2017.

Clinical Symptoms of Bone Spurs. http://www.spine-health.com/conditions/arthritis/clinical-symptoms-bone-spurs. Accessed January 23, 2017.

စာရေးသူ ဓာတ်ပုံbadge
Dr. K Zin Thwe မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။