brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ

သွေးလွန်တုပ်ကွေးက ကလေးတွေမှာ အဖြစ်များတယ်ဆိုပေမယ့် လူကြီးတွေလည်း မလွတ်ပါဘူး။ သွေးလွန်တုပ်ကွေးက ရှော့ဖြစ်တတ်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ဖျားနာပြီး သွေးလွန်တုပ်ကွေး လက္ခဏာတွေရှိတယ်ဆိုရင် ဘယ်အရွယ်ပဲဖြစ်ဖြစ် သွေးလွန်တုပ်ကွေး စစ်ဆေးသင့်ပါတယ်။ သွေးလွန်တုပ်ကွေးအတွက် တစ်ဖက်က ဆေးကုသဖို့လည်း လိုအပ်သလို တစ်ဖက်ကနေလည်း အာဟာရဖြည့်တင်းဖို့ လိုပါတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ ဆိုတာ သိထားဖို့ လိုပါတယ်။

သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ

သွေးလွန်တုပ်ကွေးနဲ့ အာဟာရ

သွေးလွန်တုပ်ကွေးဖြစ်ချိန်မှာ လူနာက ပါးစပ်ပျက်တာကြောင့် အစားမဝင်ဘဲ အားနည်းနိုင်သလို အဖျားကြီးတာ၊ ချွေးထွက်များတာကြောင့် ရေနဲ့ ဓာတ်ဆား ဆုံးရှုံးနိုင်ပါတယ်။ ဒါ့ပြင် သွေးလွန်တုပ်ကွေးကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်က သွေးကြောတွေကို တိုက်ခိုက်တာကြောင့် ကိုယ်တွင်းအရည်စိမ့်တာ၊ သွေးဥမွှားတွေကို တိုက်ခိုက်တာကြောင့် ခန္ဓာကိုယ် သွေးယိုတာ စတာတွေကြောင့် ရေဓာတ်ဆုံးရှုံးသလို ဖြစ်ပြီး ရှော့ရတတ်ပါတယ်။

သွေးလွန်တုပ်ကွေးက ဗိုင်းရပ်စ်ကြောင့် ဖြစ်တာကြောင့် ပိုးသတ်ဆေးနဲ့ ကုလို့ မရသလို သွေးလွန်တုပ်ကွေးပျောက်ဆေးဆိုတာလည်း သီးသန့်မရှိတာကြောင့် လက္ခဏာတွေ သက်သာစေဖို့၊ နောက်ဆက်တွဲတွေ မဖြစ်စေဖို့ လိုအပ်တာတွေ လုပ်ပေးပြီး စောင့်ကြည့်ရပါတယ်။ 

ဥပမာ ကိုယ်တွင်းအရည်တွေ အများကြီး ဆုံးရှုံးနေတယ်ဆိုရင် ဆေးရုံမှာ ပုလင်းကြီးတွေ ချိတ်ပြီး စောင့်ကြည့်သလို သိပ်မဆိုးတဲ့ အခြေအနေဆိုရင်လည်း အိမ်မှာ ဓာတ်ဆားဝင်အောင် သောက်စေပြီး ဆေးခန်းကို ပုံမှန်ခေါ်ကြည့်ရပါတယ်။

ဒါကြောင့် သွေးလွန်တုပ်ကွေး လူနာတွေမှာ ရေနဲ့ ဓာတ်ဆားဓာတ် ပြည့်ဝဖို့၊ အာဟာရပြည့်ဝဖို့က အရေးကြီးပါတယ်။

သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ကြမလဲ 

စားသင့်တဲ့ အစားအစာတွေကတော့ 

  • ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာတွေ

ဗီတာမင်စီက ကိုယ်ခံအားကို တက်စေတာကြောင့် ဗိုင်းရပ်စ်ကို တိုက်ထုတ်တဲ့နေရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ သွေးကြောတွေကို ကျန်းမာစေတာကြောင့် ကိုယ်တွင်းအရည်စိမ့်တာကို အထိုက်အလျောက် သက်သာစေပါတယ်။ 

လိမ္မောသီး၊ နာနတ်သီး၊ သင်္ဘောသီး စတာတွေက ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။

  • သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ

သွေးလွန်တုပ်ကွေးဖြစ်တဲ့အခါ ခန္ဓာကိုယ်မှာ အနီစက်ထွက်တာ၊ နှာ‌ခေါင်းသွေးလျှံတာ၊ သွားဖုံးသွေးယိုတာတွေက သွေးဥမွှားနည်းသွားလို့ပါ။ ဒီလို သွေးထွက်တဲ့ ကိစ္စရပ်တွေက သွေးအားနည်းတာကို ဖြစ်စေနိုင်တာကြောင့် သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။

အစိမ်းရောင်အရွက်၊ အသည်း၊ အနီ‌ရောင်အသား စတာတွေက သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ 

  • ဗီတာမင်ကေ

ဗီတာမင်ကေကလည်း သွေးတိတ်စေတဲ့ ဗီတာမင်ဖြစ်တာကြောင့် သွေးလွန်တုပ်ကွေးလူနာတွေ စားပေးသင့်တဲ့ ဗီတာမင် ဖြစ်ပါတယ်။

အစိမ်းရောင်အရွက်တွေ၊ အညွန့်တွေ၊ ပန်းပွင့်စိမ်းစတာတွေက ဗီတာမင်ကေ ပါဝင်မှုများတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ 

  • ကယ်လိုရီ များတဲ့ အစားအစာ

ဖျားနာနေချိန်မှာ ခံတွင်းပျက်နေပြီး အစားဝင်တာ နည်းတာကြောင့် နည်းနည်းစားရုံနဲ့ များများအာဟာရဖြစ်စေတဲ့ ကယ်လိုရီများတဲ့ အစားအစာတွေဖြစ်တဲ့ ထမင်း၊ အာလူး၊ နို့ စတာတွေ စားပေးသင့်ပါတယ်။

  • ဓာတ်ဆားအားဖြည့်အချိုရည်

သွေးလွန်တုပ်ကွေးဖြစ်တဲ့အခါ ကိုယ်တွင်းအရည်စိမ့်တာရော၊ ဖျားပြီး ချွေးထွက်တာကြောင့်ရော ရေနဲ့ ဓာတ်ဆားဆုံးရှုံးနေတတ်ပါတယ်။ ဒါက အခန့်မသင့်ရင် သွေးလွန်တုပ်ကွေး ရှော့အထိ ဖြစ်သွားနိုင်တာကြောင့် ဓာတ်ဆားဓာတ် ပါဝင်တဲ့ ဓာတ်ဆားအားဖြည့်အချိုရည်၊ အုန်းရည် စတာတွေကို များများသောက်ပေးသင့်ပါတယ်။

သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေရှောင်ကြမလဲ 

ရှောင်ရမယ့် အစားအသောက်တွေကတော့

  • အညိုရောင် အမည်းရောင် အစားအစာတွေ

ဒါက အားလုံးလည်း သိထားပြီးသားပါ။ သွေးလွန်တုပ်ကွေးလူနာတွေက သွေးယိုစိမ့်မှုကြောင့် အမည်းရောင် အန်တာ၊ ဝမ်းမည်းမည်းသွားတာတွေ ဖြစ်တတ်ပါတယ်။ အညိုရောင်၊ အမည်းရောင် အစားအစာတွေကို စားထားရင် မှားနိုင်တာကြောင့် ရှောင်ခိုင်းတာ ဖြစ်ပါတယ်။

  • ကဖင်းပါတဲ့ သောက်စရာတွေ

ရေနဲ့ ဓာတ်ဆား လိုအပ်နေချိန်မှာ ကဖင်းသောက်တာက ပိုဆိုးစေနိုင်တဲ့အတွက် ကဖင်းပါတဲ့ သောက်စရာမှန်သမျှကို ရှောင်သင့်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်၊ ချောကလက် စတာတွေက ကဖင်းပါတာကြောင့် ရှောင်ထားပါ။

အားဖြည့်အချိုရည်တွေက ထင်သလောက် အားပြည့်တာမျိုး မဟုတ်ဘဲ ကဖင်းကြောင့် ရင်တုန်တာ၊ အိပ်မပျော်တာကြောင့် အနားမရတာ၊ ရေဓာတ်ဆုံးရှုံးစေတာကြောင့် ရှောင်သင့်ပါတယ်။ 

  • အပူအစပ်တွေ

နဂိုတည်းက အစာအိမ် သွေးယိုချင်နေတဲ့ လူနာတွေမှာ အစပ်စားတာက ပိုဆိုးစေနိုင်တာကြောင့် ဒါကိုလည်း ရှောင်ရပါမယ်။

  • အဆီများတာတွေ 

အဆီအစိမ့်တွေက အစာခြေစနစ်ကို ဝန်ပိစေတာကြောင့် ရှောင်ကြဉ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ကြေညက်လွယ်တာတွေကိုပဲ စားသင့်ပါတယ်။

သွေးလွန်တုပ်ကွေးက သေချာဂရုမစိုက်ရင် ရှော့ဖြစ်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။ တစ်ဖက်ကလည်း စနစ်တကျ ဆေးကုသဖို့ လိုသလို တစ်ဖက်ကလည်း လိုအပ်တဲ့ အာဟာရကို ဖြည့်ပေးနေမှ မြန်မြန်သက်သာလာမှာ ဖြစ်ပါတယ်။

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/10/2024 ဖြစ်ပါသည်။