backup og meta

အသည်းအတွက်လိုအပ်မယ့် ဗီတာမင်တွေက

အသည်းအတွက်လိုအပ်မယ့် ဗီတာမင်တွေက

တစ်နေ့တာမှာ အရေးကြီးတဲ့လုပ်ငန်းတာဝန်ပေါင်း ၄၀၀ကျော်လုပ်ပေးရင်း ခန္ဓါကိုယ်ကို ကျန်းမာနေအောင်လုပ်ဆောင်ပေးနေတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုရှိနေပါတယ်။ ဒီလိုမျိုးခန္ဓါကိုယ် ကျန်းမာနေအောင် မနားမနေလုပ်ဆောင်ပေးနေတဲ့ အင်္ဂါအစိတ်အပိုင်းလေးက ဘယ်အင်္ဂါအစိတ်အပိုင်းလို့ထင်လဲ။ ဒီအင်္ဂါအစိတ်အပိုင်းလေးကသွေးတွင်းပရိုတင်းတွေကိုထုတ်ပေးတယ်။ ကိုယ်ခံအားကောင်းအောင်လုပ်ပေးတယ်။ အကျိုးပြုကိုလက်စထရောထုတ်ပေးတယ်။ သည်းခြေရည်ထုတ်ပေးတယ်၊သွေးနီဥဆဲလ်တွေအတွက် သံဓါတ်ကိုထုတ်ပေးတယ်။ ကိုယ်တွင်းအဆိပ်အတောက်တွေဖယ်ရှားပေးတယ်။ ဒီလောက်ဆိုရင်တော့ တစ်ကိုယ်လုံးရဲ့ အလုပ်အရှုပ်ဆုံးအင်္ဂါအစိတ်အပိုင်းက ဘာလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။ အသည်းလေ။ ဒီတော့ ကျန်းမာပျော်ရွှင်ချင်တယ်ဆိုရင် အသည်းကိုကျန်းမာအောင်ဂရုစိုက်ဖို့လိုပါမယ်။

ဒီတော့မေးစရာရှိလာတာက အသည်းကျန်းမာအောင် ဘာတွေလိုအပ်မလဲ။ ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာပေါ့။ အဖြကတော့ ရိုးရှင်းပါတယ်။ အသည်းကျန်းမာဖို့လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွြေပည့်ဝအောင်နေထိုင်စားသောက်ဖို့လိုအပ်ပါမယ်။

အသည်းကျန်းမာစေဖို့အတွက် လိုအပ်မယ့် ဗီတာမင်တွေက

ဗီတာမင် B-12 – ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ကို ထုတ်ပေးပါတယ်။ အသည်းရောဂါတွေကို ကာကွယ်ရာမှာအရေးပါတဲ့ ဓါတ်တွေကို အသည်းကနေထုတ်လုပ်ပေးနိုင်ဖို့အတွက်လည်း ဗီတာမင် B-12 ကလုပ်ဆောင်ပေးပါတယ်။ ဗီတာမင် မင် B-12 ကို အပင်တွေဆီကနေမရရှိနိုင်ပါဘူး။ တိရစ္ဆာန်တွေကနေရရှိတဲ့ အစားအစာတွေကနေသာရရှိနိုင်တာပါ။ ဒါကြောင့် အသည်းအတွက် လိုအပ်တဲ့ ဗီတာမင် B-12 ရရှိစေဖို့အတွက် ဆယ်လမွန်ငါး၊ ကြက်သား၊ ဥအမျိုးမျိုး၊ နွားနို့၊ ကြက်အသည်းတို့ကို စားသုံးပေးလို့ရပါတယ်။

ဗီတာမင် A – ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ သံဓါတ်ကို အသည်းကသိမ်းဆည်းထားနိုင်စေဖို့လုပ်ဆောင်ပေးတဲ့ ဓါတ်တစ်ခုပါ။ ခန္ဓါကိုယ်မှာ ဗီတာမင် A နည်းတဲ့အခါ သံဓါတ်အားနည်းတာ၊သွေးအားနည်းတာမျိုးတွေခံစားရနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် Aပြည့်ဝနေမှ အသည်းကျန်းမာမှာဖြစ်သလို ခန္ဓါကိုယ်လည်း ကျန်းမာမှာပါ။

ဗီတာမင် D – အဆီတွေကိုပျော်ဝင်စေနိုင်တဲ့ ဗီတာမင် တစ်မျိုးပေါ့။ အသည်းထဲမှာ သိမ်းဆည်းထားပြီး အဆီပိုတွေကိုပျော်ဝင်စေဖို့ လုပ်ဆောင်ရာမှာ အထောက်အကူပြုပေးပါတယ်။ ကိုယ်တွင်းမှာ ဗီတာမင် D နည်းလာတဲ့အခါ အစားစားချင်စိတ်မရှိတာ၊ ပင်ပန်းနွမ်းနယ်တာ၊အော့အန်တာ၊သွေးတွင်း ကယ်လ်စီယမ်ပမာဏများတာ၊ ကြီးထွားမှုနှေးတာလိုမျိုးဝေဒနာတွေကိုခံစားရနိုင်ပါတယ်။ ဗီတာမင် D က အသည်းရောင်တာခံစားရနိုင်ခြေကိုလျော့ကျစေနိုင်သလို နာတာရှည်အသည်းရောဂါတွေခံစားရနိုင်ခြေကိုလည်းလျော့ကျစေပါတယ်။ နေရောင်ခြည်ခံပေးတာ၊မှို၊ ဥအမျိုးမျိုး၊ ငါးတွေ စားသုံးပေးမယ်ဆိုရင် လိုအပ်တဲ့ ဗီတာမင် D ကိုဖြည့်တင်းပြီးသားဖြစ်မှာပါ။

ဗီတာမင် C – ဗီတာမင် C ကသွေးတွင်းကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပါတယ်။ အသည်းအဆီဖုံးရောဂါတွေကို ကာကွယ်ပေးပြီး အသည်းကိုကျန်းမာအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ဗီတာမင် C ရဲ့နောက်ထပ်အားသာချက်တစ်ခုက ကိုယ်ခံအားကိုကောင်းစေတာကြောင့် ဖျားနာမှု ကင်းစေပြီး မလိုအပ်ဘဲဆေးဝါးတွေသောက်သုံးရတဲ့အနေအထားကနေ ကာကွယ်ပေးနိုင်တဲ့အပြင် ဆေးဝါးတွေသောက်သုံးမှုကြောင့် အသည်းထိခိုက်ပျက်စီးမှုအန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် C က အနာကျက်လည်းမြန်စေပါတယ်။ ဗီတာမင် C ပြည့်ဝဖို့ဆိုရင် စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး၊ ငရုတ်ပွ နဲ့ လိမ္မော်သီးတွေ စားသုံးပေးပါ။

ဗီတာမင် K – ဒီဗီတာမင်က အသည်းရဲ့တာဝန်တစ်ခုဖြစ်တဲ့သွေးတိတ်အောင်လုပ်ပေးတဲ့ လုပ်ငန်းစဉ်မှာ အထောက်အကူပြုပေးပါတယ်။ ဗီတာမင် K ကသွေးခဲစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ဗီတာမင် တစ်ခုပေါ့။ ဒါကြောင့် ကျန်းမာတဲ့ အသည်းကို ပိုင်ဆိုင်ဖို့ဆိုရင် ဗီတာမင် K ကလည်းမေ့ထားလို့ မဖြစ်တဲ့ ဗီတာမင် တစ်မျိုးပါ။

ဗီတာမင် E – ဗီတာမင် E က ခန္ဓါကိုယ်ကိုရောဂါတွေအန္တရာယ်ကနေ ကာကွယ်ပေးနိုင်သလို အသည်းကျန်းမာရေးကိုလည်း အထောက်အကူပြုပေးပါတယ်။ အရက်၊ဆေးဝါးနဲ့ အခြားသောအသည်းထိခိုက်စေနိုင်တဲ့အရာတွေကြောင့် အသည်းထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။ အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါတွေနဲ့ အသည်းရောင်အသားဝါ Cရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဟင်းနုနွယ်နေကြာစေ့၊ အယ်လ်မွန်စေ့၊မြေပဲထောပတ် နဲ့ ဗီတာမင် Eဖြည့်စွက်ထားတဲ့ အစားအသောက်တွေကို စားသုံးပေးပြီး အသည်းကျန်းမာအောင်စောင့်ရှောက်ပေးပါ။

တစ်နေ့တာ စားသုံးမှာမှာ အခုပြောပြခဲ့တဲ့ အသည်းအတွက်လိုအပ်တဲ့ ဗီတာမင်တွေပြည့်ဝစွာ ပါဝင်အောင်စားသုံးပြီး အသည်းကျန်းမာရေးကို ဂရုစိုက်လိုက်ပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Does Taking Vitamins Affect Your Liver?https://www.livestrong.com/article/508733-does-taking-vitamins-affect-your-liver/ Accessed Date 2 October 2018

Vitamins that Help Your Liverhttps://healthyeating.sfgate.com/vitamins-liver-5479.html Accessed Date 2 October 2018

Best Vitamins for Your Liverhttps://www.livestrong.com/article/81109-vitamins-liver/ Accessed Date 2 October 2018

ယခုပုံစံ

20/09/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသည်းအားဖြည့်ဆေးများက အသည်းရောင်အသားဝါ ဘီရောဂါ အတွက် အကျိုးရှိနိုင်သလား။

အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားကြမယ်



Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement