home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဘူဖေးစားရတာ ကြိုက်တယ်ဆိုရင် ဒါတွေသိထားသင့်တယ်နော်

ဘူဖေးစားရတာ ကြိုက်တယ်ဆိုရင် ဒါတွေသိထားသင့်တယ်နော်

ဒီဘက်ခေတ်မှာ ကြိုက်ရာစား၊ ပုံသေဈေးနှုန်း သတ်မှတ်ထားတဲ့ ဘူဖေးစားသောက်ဆိုင်တွေ တော်တော်များလာပါတယ်။ အထူးသဖြင့် ကုမ္ပဏီညစာစားပွဲတွေ၊ မိသားစု၊ သူငယ်ချင်းလိုက် ပျော်ပျော်ပါးပါး စုပြီး ထွက်စားတော့မယ်ဆိုရင် ဘူဖေးဆိုင်တွေက အကောင်းဆုံးပဲပေါ့။ ဒီတော့ ဘူဖေးစားတော့မယ်ဆိုရင် လူတွေတော်တော်များများ လုပ်မိတတ်တဲ့ အမှားနဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

၁။ ဘူဖေးမစားခင် အစာအငတ်မခံပါနဲ့။

လူတော်တော်များများက ညဘက် ဘူဖေးစားတော့မယ်ဆိုရင် မနက်စာ၊ နေ့လည်စာတွေကို ရှောင်ပြီး အစာငတ်ခံတတ်တဲ့ အကျင့်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခုခုစားပြီး ဗိုက်ဝသွားရင် ညကျ ကောင်းကောင်းမစားနိုင်မှာ စိုးကြတာကိုး။ ကိုယ်က ညဘက်မှာ အပြည့်အဝ အစားအစာ အစုံအလင်ကို စားတော့မယ်ဆိုတာ ကြိုသိထားရင် မနက်စာနဲ့ နေ့လည်စာကို လုံးဝရှောင်တာထက် သေချာပြင်ဆင်ပြီး စားသင့်ပါတယ်။ ကစီဓါတ်၊ အဆီဓါတ်များပြီး ရင်ပြည့်လောက်မယ့် အစားအစာတွေထက် ဟင်းသီးဟင်းရွက်၊ သစ်သီးတွေ များများစားပေးပါ။ အထူးသဖြင့် ကိုယ်ခန္ဓာ ရေဓါတ်ြပည့်ဝနေဖို့နဲ့ ညဘက်မှာ စားသမျှ ကောင်းကောင်းအစာချေဖျက်နိုင်ဖို့ ရေများများသောက်ပါ။ စားနေတဲ့အချိန်အတွင်းမှာ ဂက်စ်ပါတဲ့ အအေးတွေ၊ အရက်တွေကို တတ်နိုင်သမျှရှောင်ပါ။

၂။ ဘာမှမစားခင် ဘူဖေးမှာ ဘာရနိုင်လဲဆိုတာ အရင်ကြည့်ပါ။

တချို့ဆိုင်တွေမှာတော့ အာရှအစားအစာ၊ ဥရောပအစားအစာဆိုပြီး အစုံရသလို တချို့ဆိုင်တွေမှာလည်း ဂျပန်စာ၊ ထိုင်းစာ၊ တရုတ်စာဆိုပြီး သီးသန့်ရောင်းတာမျိုးလည်း ရှိပါတယ်။ အရင်ဆုံး ကိုယ့်ပန်းကန်ထဲ ဘာမှမထည့်ခင် ဘူဖေးမှာကျွေးတဲ့ အစားအစာတွေကို အကုန်ကြည့်ပြီးမှ ကိုယ့်အတွက် အဆင်ပြေဆုံး၊ များများစားနိုင်မယ့် အစားအစာတွေကို ရွေးပါ။ ဟင်းသီးဟင်းရွက်တွေကို မပါမဖြစ်ထည့်ပါ။

၃။ လောဘမကြီးပါနဲ့။ နည်းနည်းစီထည့်ပါ။

လူတော်တော်များများလုပ်တတ်ကြတဲ့ အမှားက ဘူဖေးဆိုင်ရောက်ပြီဆိုတာနဲ့ ကိုယ့်ပန်းကန်ထဲကို ထမင်း၊ ဟင်းတွေ အပြည့်ထည့်တာပါပဲ။ အဲ့မှာ ဘာဖြစ်သလဲဆိုတော့ ကိုယ်က တစ်မျိုးတည်းကိုပဲ အဝအလင်စားပြီး တခြား အရသာတွေကို မြည်းစမ်းတော့မယ့်အချိန်မှ ဗိုက်က ပြည့်သွားတော့ စားရတာမတန်တော့ဘူးပေါ့။ ဒါကြောင့် ကိုယ်သွားစားမယ့်ဆိုင်မှာ ဘာရသလဲ အရင်ကြည့်ပြီးရင် ကိုယ်စားချင်တဲ့ ဟင်းတစ်မျိုးစီကို နည်းနည်းစီထည့်ပြီး စားပါ။ အပြည့်အဝစားတာထက် ပမာဏနည်းနည်းကို ဖြည်းဖြည်းချင်းစားတာက အစာကြေလွယ်စေသလို ရင်ပြည့်တာ၊ လေပွတာတွေလည်း သိပ်မဖြစ်စေတော့ဘူးပေါ့။

၄။ ကစီဓါတ်ကို ရှောင်ပါ။

ကစီဓါတ်ပါဝင်မှုများတဲ့ ထမင်းတွေ၊ အာလူး၊ ပေါင်မုန့်၊ အီတလီခေါက်ဆွဲတွေကို လူတွေအရင်ဆုံးစားအောင် များများစားစား ပြင်ဆင်ထားတတ်ကြပါတယ်။ ကစီဓါတ်ဟာ ဗိုက်ကိုပြည့်စေရုံသာမက ရင်ပြည့်ရင်ကယ် ဖြစ်စေတယ်။ လေပွစေတယ်။ ဒါကြောင့် ကိုယ်က နည်းနည်းနဲ့ အစုံစားဖို့ စဉ်းစားထားတယ်ဆိုရင်တော့ ဒါတွေကို လျှော့စားဖို့တော့ လိုပါတယ်။

၅။ ကိုယ်ပုံမှန်စားလေ့စားထ မရှိတာတွေ ရွေးစားပါ။

ဘူဖေးစားတယ်ဆိုမှတော့ ကိုယ်အမြဲစားနေကျ ဟင်းတွေစားမယ့်အစား အသစ်အဆန်းတွေ ရွေးစားတာက ပိုကောင်းပါတယ်။ နောက်တစ်ချက်က ကိုယ်ပေးလိုက်တဲ့ ပိုက်ဆံနဲ့ စားလိုက်တဲ့အစားအစာတွေက တန်၊ မတန် ပြန်တွက်ကြည့်ဖို့ပါပဲ။ ဘူဖေးကို ဈေးကြီးပေးစားပြီး ကိုယ့်အိမ်နားမှာ အလွယ်တကူ ဝယ်စားလို့ရတဲ့ အကြော်တွေ၊ ထမင်းကြော်တွေ၊ ခေါက်ဆွဲကြော်လောက်ပဲ စားပြီး ဗိုက်ဝသွားတယ်ဆိုရင်တော့ ဘယ်တန်တော့မလဲ။

၆။ ဖြည်းဖြည်းပဲ စားပါ။

ဘူဖေးမှမဟုတ်ပါဘူး။ ကိုယ့်အိမ်မှာဖြစ်ဖြစ် အစာစားတော့မယ်ဆိုရင် ဖြည်းဖြည်းချင်းစားပါ။ အစာကို ကျေညက်အောင် သေချာဝါးပါ။ အလောသုံးဆယ်စားလိုက်ရင် ဗိုက်ပြည့်ဖို့ ပိုမြန်သလို အစာအိမ်ကလည်း အစာချေဖျက်ဖို့ ပိုနှေးသွားပါတယ်။ ဒါကြောင့် အစာစားလိုက်၊ နားလိုက်၊ ရေလေး အာစွတ်ရုံလောက် သောက်ပေးလိုက် လုပ်ပေးပါ။ အစာစားရင်းနဲ့လည်း အသက်ရှူဖို့ မမေ့ပါနဲ့ဦးနော်။

၇။ ကယ်လိုရီပမာဏ များတာတွေ ရှောင်ပါ။

ဘူဖေးဆိုကတည်းက စားစရာတွေ အစုံပါမှာပါပဲ။ ဒီထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တာတွေလည်း ရှိသလို မညီညွတ်တာတွေလည်း အများကြီးပါပဲ။ ကိုယ့်ကျန်းမာရေးအတွက် သေချာရွေးစားဖို့ကတော့ ကိုယ့်တာဝန်ပါပဲ။ ဒါကြောင့် ကယ်လိုရီေတွ၊ ကိုလက်စထရော အရမ်းများမယ့် ဟင်းတွေရှောင်ပါ။ ဆီတွေရွှဲနေတဲ့ ဟင်းတွေဆိုရင်လည်း ဗိုက်ပြည့်စေဖို့ ပိုလွယ်တာကြောင့် လုံးဝမရှောင်နိုင်ရင်တောင် လျှော့စားတာ အကောင်းဆုံးပါပဲ။

၈။ နိုင်သလောက်ထည့်ပါ။ ထည့်သလောက် အကုန်စားပါ။

ကိုယ်က စားနိုင်ပါတယ်ဆိုပြီး ပန်းကန်မှာ ဟင်းတွေအများကြီးထည့်၊ တကယ်လည်း စားတော့မှ တစ်ဝက်ပဲ ကျိုးသေးတယ်၊ ဗိုက်ကပြည့်သွားပြီဆိုရင် စားစရာတွေက နှမြောဖို့ ကောင်းပါတယ်။ ဒါကြောင့် ကိုယ်က ဘယ်ဟာစားရမလဲ ရွေးတော့မယ်ဆိုရင် အဆီနည်းတာ၊ ဗိုက်အလွယ်တကူ မပြည့်စေတဲ့ အစားအစာတွေပဲ ရွေးပါ။ ကိုယ်စားနိုင်တယ်ထင်တဲ့ ပမာဏထက် လျှော့ထည့်ပါ။ ဗိုက်မဝသေးရင် အချိန်မရွေး ထပြီးစားစရာတွေ ယူလို့ရတယ်ဆိုတာကို မမေ့ပါနဲ့။

၉။ အချိုပွဲတွေကို အကုန်မတည်းပါနဲ့။

စားစရာတွေ စားလို့ပြီးပြီဆိုရင် အချိုတည်းကြတာ ထုံးစံပါပဲ။ အချိုပွဲမှာ သကြားပါဝင်မှုများတဲ့ ကိတ်တွေ၊ ရိုးရာမုန့်တွေလည်း ရှိသလို ဖျော်ရည်၊ အအေး၊ ကော်ဖီ၊ သစ်သီးတွေလည်း ပါဝင်ပါတယ်။ ကိုယ်က ဗိုက်တွေပြည့်အောင် စားပြီးသွားရင် တတ်နိုင်သလောက် အချိုများတဲ့ မုန့်တွေကို ရှောင်ပါ။ စားနိုင်သေးတယ်ဆိုရင်လည်း နည်းနည်းလောက်ပဲ စားပေးပါ။ အဓိက အသီးအနှံတွေကို စားပေးပါ။ ခဏလောက် ဗိုက်ကို အနားပေးပါ။ လေပွစေမယ့် ဂက်စ်ပါတဲ့ အအေးတွေကို တတ်နိုင်သလောက်က ရှောင်ပါ။ ဒီအအေးတွေက ရင်ပြည့်စေတဲ့အပြင် အခန့်မသင့်ရင် စားထားသမျှပါ အကုန်ပြန်အန်ထွက်လာနိုင်ပါတယ်။

၁၀။ ကြိုတင်ပြင်ဆင်သွားပါ။

ကိုယ်က လေထိုးလေအောင့်တာ၊ လေပွတာ ဖြစ်တတ်တဲ့သူဆိုရင် လေပွတာသက်သာစေမယ့် လေဆေးတွေ ဆောင်သွားပါ။ မနက်နဲ့ နေ့လည်ကို အစာလုံးဝမစားတာထက် အစာကြေလွယ်စေတာလေးတွေ ရွေးစားပါ။ ဗိုက်ကို ရှင်းတဲ့အနေနဲ့ ဘူဖေးသွားမစားခင် တစ်နာရီအလိုမှာ ဝမ်းသွားထားပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

How To Eat Buffet Healthily –https://delishably.com/dining-out/How-to-Eat-a-Buffet (June 7, 2019)

What To Choose While Eating Buffet –https://spoonuniversity.com/lifestyle/buffet-what-to-do-before-during-and-after (June 7, 2019)

စာရေးသူ ဓာတ်ပုံbadge
Ye Myo Myat မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။