backup og meta

လက်ဖက်သုပ်လေးစားကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်ဖက်သုပ်လေးစားကြမယ်

    လက်ဖက်သုပ်လေးစားကြမယ် ….. မိုးအေးအေးမှာ လက်ဖက်သုပ်လေး စားရင်း ရေနွေးကြမ်းလေးသောက်ရရင်ဖြင့် တော်တော်လေး အရသာရှိမှာပဲနော်။ မြန်မာလူမျိုး အများစုက လက်ဖက်သုပ်စားရတာကို နှစ်သက်ကြပါတယ်။ ဧည့်သည်ကို ဧည့်ခံတဲ့အခါမှာပဲဖြစ်ဖြစ် မိသားစုတွေ စုစုဝေးဝေးနဲ့ စကားဝိုင်း ထိုင်ပြောရင်းဖြစ်ဖြစ် တီဗွီကြည့်ရင်းဖြစ်ဖြစ် လက်ဖက်သုပ်စားကြသလို သူငယ်ချင်းတွေ ဆုံမိတဲ့အခါ အထူးသဖြင့် မိန်းကလေးသူငယ်ချင်းတွေ စုမိကြရင် လက်ဖက်လေးစားရင်း စကားပြောကြတာများပါတယ်။

    လက်ဖက်စိမ်းရေနွေးကြမ်း က ဆေးဖက်ဝင်တယ်၊ရေနွေးကြမ်းကဘယ်လိုဆေးဖက်ဝင်တယ်လို့ပြောကြပေမယ့် ကိုယ်တွေနှစ်နှစ်သက်သက်နဲ့စားနေတဲ့ လက်ဖက်သုပ်က ဆေးဖက်ဝင်တယ်ဆိုတာကို သတိထားမိကြရဲ့လား။ လက်ဖက်ကို တရုတ်နဲ့အိန္ဒိယနိုင်ငံတွေမှာလည်းရှေးအစဉ်အဆက်ကတည်းကဆေးဖက်ဝင်တဲ့ စားစရာအဖြစ်လက်ခံထားကြပါတယ်။မြန်မာလူမျိုးတွေကလည်းရှေးအစဉ်အဆက်ကတည်းက လက်ဖက်ကို နှစ်နှစ်ခြိုက်ခြိုက်စားသုံးခဲ့ကြတာပါ။ အလှူအတန်းတွေမှာ တည်ခင်းဧည့်ခံကြသလို အမှုအခင်းတွေပြေငြိမ်းတဲ့အခါမျိုးမှာလည်း လက်ဖက်စားပြီးပြေငြိမ်းကြတာမျိုးရှိပါတယ်။

    လက်ဖက်ကို မြေပဲ၊နှမ်း၊ကြက်သွန်ကြော်၊ ပုစွန်ခြောက်လေးနဲ့ပဲ ရိုးရိုးရှင်းရှင်းသုပ်ပြီး ကြက်သွန်ဖြူလေးငရုတ်သီးစိမ်းလေးနဲ့ တွဲစားတာကလည်း စားကောင်းပါတယ်။ နောက်တစ်မျိုးကတော့ လက်ဖက်ကို အကြော်စုံ နဲ့ သုပ်ပြီး ခရမ်းချဉ်သီး၊ ဂေါ်ဖီ တွေကို ပါးပါးလေးလှီးထည့်ပြီးသုပ်စားတာမျိုးလည်းရှိပါတယ်။ လက်ဖက်ကိုအချို့နယ်ဘက်တွေမှာဆိုရင် သင်္ဘောရွက် နုနုလေးတွေ၊ပြောင်းဖူးပြုတ်၊ ပန်းဂေါ်ဖီဆလတ်ရွက်တို့ကို ထည့်ပြီး သုပ်စားတာမျိုးတောင်ရှိပါတယ်။ လက်ဖက်က စားလို့ ကောင်းတာတင်မဟုတ်ဘဲ ဆေးဖက်လည်း ဝင်ပါသေးတယ်။

    လက်ဖက်သုပ်လေးစားကြမယ်

    လက်ဖက်သုပ်လေးစားကြမယ် ဆိုရင် အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။

    ခန္ဓာကိုယ် ကျန်းမာဖို့အတွက် လက်ဖက် -လက်ဖက်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်မှာ Oxidative stressကြောင့် ထိခိုက်ပျက်စီးတာမျိုးတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လက်ဖက်မှာပါဝင်နေတဲ့ catechins က ဆဲလ်တွေ ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးတဲ့နေရာမှာ ဗီတာမင် C နဲ့ ဗီတာမင် Eတွေထက် ပိုသာပါတယ်။ လက်ဖက်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက အချို့ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးပါသေးတယ်။

    နှလုံးကျန်းမာရေးအတွက် လက်ဖက် – နောက်တစ်ချက်က လက်ဖက်စားသုံးပေးတာက နှလုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ လက်ဖက်စိမ်းမှာဖြစ်ဖြစ် နေပူပြပြီးလုပ်ထားတဲ့ လက်ဖက်မှာပဲဖြစ်ဖြစ် ဓာတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝစွာပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။ လက်ဖက်ကို နေ့စဉ်စားသုံးတာပဲဖြစ်ဖြစ် လက်ဖက်စိမ်း ရေနွေးကြမ်းကိုနေ့စဉ်သောက်သုံးတာပဲဖြစ်ဖြစ် လုပ်ပေးမယ်ဆိုရင် သွေးတိုးကျစေမှာသေချာပါတယ်။

    ကိုယ်အလေးချိန်ကျစေဖို့အတွက် လက်ဖက် – လက်ဖက်မှာ ကဖင်းဓာတ်က ပါဝင်နေမယ်ဆိုတာတော့ ပြောစရာတောင်မလိုပါဘူး။ လက်ဖက်မှာပါတဲ့ ကဖင်းဓာတ်က ဦးနှောက်နဲ့အာရုံကြောတွေကို လှုံ့ဆော်ပေးပြီး ပင်ပန်းနွမ်းနယ်မှုကို ယာယီသက်သာစေနိုင်ပါတယ်။ လက်ဖက်စိမ်းက ကိုယ်အလေးချိန်ကျဖို့ လုပ်ဆောင်ပေးနိုင်သလို လက်ဖက်ရွက်ကို စားသုံးပေးမယ်ဆိုရင်လည်း ကိုယ်အလေးချိန်ကို ကျဆင်းစေမှာ အသေအချာပါ။နေ့စဉ် လက်ဖက်ကိုစားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်ကအဆီတွေကိုလျော့ကျစေမှာဖြစ်ပါတယ်။

    လက်ဖက်သုပ်စားသင့်တဲ့ အကြောင်းအရင်းတွေ

    လက်ဖက်သုပ်က အိပ်ချင်ပြေစေသလို ညဘက်အိပ်ခါနီးမှစားရင် အိပ်မပျော်တာမျိုးလည်းရှိနိုင်ပါတယ်။ ဒီလိုမဖြစ်ဖို့ဆိုရင် လက်ဖက်ထဲကို သံပရာသီးညှစ်ပြီးစားပေးလို့ရပါတယ်။ လက်ဖက်ရည်သောက်တာထက်စာရင်တော့ လက်ဖက်သုပ်စားတာက ခန္ဓာကိုယ်ကို ပိုပြီးအကျိုးပြုပါတယ်။ လက်ဖက်ရည်သောက်တာက အဆီပိုများသလို ကယ်လ်လိုရီလည်းပိုများပါတယ်။

    နောက်တစ်ချက်က လက်ဖက်မှာ စိတ်ပူပန်မှုတွေ နဲ့ ADHD (လှုပ်ရှားလွန်းပြီး အာရုံမစိုက်နိုင်တဲ့ရောဂါ)ကို သက်သာစေနိုင်တဲ့ အမိုင်နိုအက်ဆစ်လို့သိကြတဲ့ L-theanineဒြပ်ပေါင်းတစ်မျိုးပါဝင်နေပါတယ်။ ဒါတွေတင်မကပါဘူး လက်ဖက်မှာရောဂါတော်တော်များများကို တိုက်ဖျက်ပေးနိုင်တဲ့ အာဟာရဓာတ်တွေပါဝင်နေပါသေးတယ်။

    ဘယ်သူတွေလက်ဖက်မစားသင့်ဘူးလဲ

    လက်ဖက်က ကျန်းမာရေးကို အကျိုးပြုတဲ့အချက်တွေအများကြီးဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုသလိုပါ။ အများကြီးတော့မစားသင့်ဘူးပေါ့။ ဘယ်သူတွေက ပိုမစားသင့်ဘူးလဲဆိုရင် ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေကျောက်ကပ်ဝေဒနာသည်တွေ၊ အသည်းဝေဒနာသည်တွေကတော့ မစားသုံးသင့်ပါဘူး။နောက်တစ်ချက်က သံဓာတ်အားနည်းသူတွေပါ။

    ကဖင်းဓာတ်ပါတဲ့အစားအစာတွေကို အလွန်အကျွံစားမယ်ဆိုရင် သာမန်ကျန်းမာတဲ့သူတွေမှာတောင် အိပ်မပျော်တာ၊ ခေါင်းထဲမှာ ငြီးစီစီဖြစ်တာ၊ မအီမသာဖြစ်တာအော့အန်တာဝမ်းသွားတာခေါင်းကိုက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ လက်ဖက်မှာလည်း ကဖင်းဓာတ်ပါတာကြောင့် အလွန်အကျွံစားသုံးတာမျိုးမလုပ်ဖို့ပါ။ တစ်နေ့တာလုံး လက်ဖက်သုပ်လည်းစား၊ လက်ဖက်ရည်လည်းသောက်၊ ကော်ဖီလည်းသောက်တာမျိုးဆိုရင်တော့ ကဖင်းဓာတ်ကို အလွန်အကျွံစားသုံးတယ်မည်တာပေါ့နော်။ အသက်ကိုဉာဏ်စောင့်တယ်ဆိုတဲ့စကားအတိုင်းဆေးဖက်ဝင်တဲ့လက်ဖက်ကို အတိုင်းအချင့်လေးနဲ့စားသုံးပြီးကောင်းမွန်တဲ့ အကျိုးရလဒ်ကို ခံစားလိုက်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement