backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

Bronchoscopy (လေပြွန် မှန်ပြောင်းစစ်ဆေးခြင်း)

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လေပြွန်မှန်ပြောင်းစစ်ဆေးခြင်းဆိုတာဘာလဲ။

အသက်ရှူလမ်းကြောင်းအတွင်းမှန်ပြောင်းဖြင့် စစ်ဆေးခြင်းဆိုတာဟာအသက်ရှူလမ်းကြောင်းအတွင်းပိုင်းကိုစစ်ဆေးဖို့ ကင်မရာနဲ့ အလင်းရောင်ပါတဲ့ ပြွန်ငယ်ကိုအသက်ရှူလမ်းကြောင်းကနေထည့်သွင်းပြီးစစ်ဆေးရတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။ လည်ချောင်း၊ အသံအိုး၊ လေပြွန်ဝ၊ လေပြွန် စတာတွေကိုစစ်ဆေးပါတယ်။

ဆရာဝန်ဟာ သင့်မှာအဆုတ်နဲ့ လေပြွန်ဆိုင်ရာရောဂါတခုခုရှိမယ်ထင်ရင်၊ ရင်ခေါင်းထဲမှာ ပြန်ရေကြောနဲ့ ပတ်သက်တဲ့ ပြသနာတခုခုရှိမယ်ထင်ရင် ဒီနည်းနဲ့စစ်ဆေးဖို့ ညွှန်ကြားပါလိမ့်မယ်။ တခါတရံမှာရောဂါတချို့ကို (ဥပမာ ပြင်ပပစ္စည်းတခုခု ရှိုက်သွင်းမိတာ) ကုသဖို့ ဒီနည်းကိုအသုံးပြုပါတယ်။

လေပြွန်မှန်ပြောင်းစစ်ဆေးခြင်းဘာကြောင့် ပြုလုပ်သလဲ။

သင့်ရဲ့ဆရာဝန်ဟာ အောက်ပါ ပြဿနာတွေမှာမှန်ပြောင်းထည့်သွင်းကုသဖို့ ညွှန်ပါလိမ့်မယ်။

  • အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများတွင် (သွေးထွက်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ တာရှည်ချောင်းဆိုးခြင်း) အကြောင်းရင်းရှာရန်
  • ဓါတ်မှန်၊ ကွန်ပျူတာဓါတ်မှန်စသည့် အခြားစစ်ဆေးနည်းများဖြင့် အဆုတ်နှင့် ရင်ခေါင်းရှိ ပြန်ရေကြောအကျိတ်များတွင် ပြသနာရှိနေကြောင်းသိရချိန်တွင် အသားစနမူနာယူရန်
  • အဆုတ်ရောဂါများကိုရှာဖွေစစ်ဆေးရန် အသားစ (သို့) သလိပ်နမူနာယူစစ်ဆေးရန်
  • အဆုတ်ကင်ဆာပမာဏကိုခန့်မှန်းရန်
  • အသက်ရှူလမ်းကြောင်းအတွင်းမှ ပြင်ပပစ္စည်းကိုဖယ်ရှားရန်
  • အသက်ရှူလမ်းကြောင်းတွင် ဖြစ်လာသောအကျိတ်ကိုစစ်ဆေးဖယ်ရှားရန်
  • အသက်ရှူလမ်းကြောင်းကျဉ်းခြင်းကိုကုသအဖြေရှာရန်
  • ဓါတ်ရောင်ခြည်ကုသနည်းဖြင့်အသက်ရှူလမ်းကြောင်းရှိကင်ဆာရောဂါကိုကုသရန် စတာတွေဖြစ်ပါတယ်။
  • လေပြွန်မှန်ပြောင်းစစ်ဆေးခြင်းပြုလုပ်တဲ့အခါ ဖြစ်နိုင်ခြေအန္တရာယ်တွေကဘာတွေလဲ။

    များသောအားဖြင့် ဘေးကင်းတဲ့ စစ်ဆေးခြင်း ဖြစ်ပါတယ်။ နောက်ဆက်တွဲပြဿနာရှားပေမယ့် ဆရာဝန်ဟာ ဖြစ်နိုင်ခြေတွေအတွက် သင်နဲ့ ဆွေးနွေး ပါလိမ့်မယ်။

    ဒီစစ်ဆေးခြင်းကိုမခံယူနိုင်တဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ ဥပမာသက်သာပျောက်ကင်းနိုင်တဲ့ အခြေအနေမရှိတော့တဲ့အခါနဲ့ တခါတရံစစ်ဆေးမှု မအောင်မြင်ဘဲရောဂါရှာဖွေမှုအတွက် အထောက်အကူမပြုတော့တဲ့အခါ ဖြစ်ပါတယ်။ အောက်ပါအခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။

    • အသားစနမူနာဟာသေးငယ်လွန်းပြီးစစ်ဆေးဖို့ မလုံလောက်ခြင်း
    • အသားစယူတဲ့နေရာဟာကင်ဆာဖြစ်နေတဲ့ နေရာကိုလွဲ၍ ယူမိခြင်း

    နောက်ဆက်တွဲပြသနာတွေ ရှားပေမယ့် စစ်ဆေးခြင်းနောက်ပိုင်းအောက်ပါ ပြသနာတွေ ဖြစ်ပွားနိုင်ပါသေးတယ်။

    • အသက်ရှူလမ်းကြောင်းတွင် တင်းကြပ်၍ အသက်ရှူရခက်ခဲခြင်း
    • နှလုံးခုန်မမှန်ခြင်း
    • အဆုတ်ရောင်ရောဂါဖြစ်ခြင်း (ပဋိဇီဝဆေးများဖြင့် ကုသနိုင်ပါသည်)
    • လည်ချောင်းနာခြင်း၊ အသံဝင်ခြင်း၊ ချောင်းဆိုးခြင်းပိုဆိုးလာခြင်း
    • ဓါတ်မတည့်ခြင်း

    ဒီခွဲစိတ်မှုကိုမခံယူခင်မှာသတိပြုရမယ့်အချက်တွေနဲ့ သတိပေးချက်တွေကိုနားလည်သိရှိထားဖို့ လိုပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။

    လေပြွန်မှန်ပြောင်းစစ်ဆေးခြင်းကိုမပြုလုပ်မီဘာတွေပြင်ထားရမလဲ။

    ဒီစစ်ဆေးမှုကိုမခံယူခင် အောက်ပါအချက်တွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

    မှန်ပြောင်းမကြည့်ခင် ၆-၁၂ နာရီအတွင်းအစားအစာမစားရပါ။ အရည်မသောက်ရပါ။

    Asprin၊ Ibuprofen နဲ့ တခြားသွေးကျဲဆေးတွေ မသောက်ရပါ။ ဒီဆေးတွေကိုဘယ်အချိန်မှာရပ်ရမယ်ဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ဆေးရုံအသွား၊ အိမ်အပြန်ကိုကားမောင်းပို့ပေးဖို့ တယောက်ယောက်ကိုအကူအညီတောင်းပါ။

    သင့်အလုပ်ကိစ္စ၊ အိမ်ကိစ္စတွေအတွက် တယောက်ယောက်ကိုအကူအညီတောင်းပါ။ မှန်ပြောင်းကြည့်ပြီးတဲ့နောက် ရက်အနည်းငယ် အနားယူရမှာကြောင့် ဖြစ်ပါတယ်။

    လေပြွန်မှန်ပြောင်းစစ်ဆေးခြင်းပြုလုပ်နေစဉ် ဘာဖြစ်နိုင်လဲ။

    လိုအပ်ရင် ဆရာဝန်ဟာ သင့်ကိုသက်တောင့်သက်သာ ဖြစ်အောင် အိပ်ဆေးပေးကောင်းပေးနိုင်ပါတယ်။

    မှန်ပြောင်းကြည့်တာဟာ၁၅မိနစ်ခန့် ကြာနိုင်ပါတယ်။

    ဆရာဝန်ဟာ နူးညံ့တဲ့ပြွန်ချောင်းလေးကို နှာခေါင်းပေါက်ကတဆင့် ထည့်သွင်းပါလိမ့်မယ်။ မှန်ပြောင်းကိုသု့းပြီးအသက်ရှူလမ်းကြောင်းကိုစစ်ဆေးပါလိမ့်မယ်။ ရောဂါရှာဖွေရာမှာပိုပြီးတိကျအောင် မသင်္ကာတဲ့နေရာကနေအသားစယူပါလိမ့်မယ်။ ဒါ့အပြင် အဆုတ်ထဲကို အရည်တချို့ ထည့်သွင်းကာ ပြန်လည်စုပ်ယူပြီးအဆုတ်အတွင်းကစစ်ဆေးလိုတဲ့ ဆဲလ်တွေကိုအတူပါလာစေပါလိမ့်မယ်။

    သိလိုတဲ့အချက်တွေရှိရင် စိုးရိမ်ပူပန်မှုတွေရှိရင် ပိုသိရအောင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။

    မှန်ပြောင်းကြည့်အပြီးဘာတွေဖြစ်နိုင်သလဲ။

    အိပ်ဆေးအရှိန်ဟာ ၂နာရီလောက်ကြာရင် ပြယ်လာပါလိမ့်မယ်။

    မှန်ပြောင်းကြည့်စဉ် ဘာတွေတွေ့တယ်၊ ဘယ်လိုကုသရမယ်ဆိုတာသင့်ကိုပြောပြဆွေးနွေးပါလိမ့်မယ်။

    အောက်ပါအချက်တွေကိုသတိရပါ။

    • တစ်နာရီ၊ နှစ်နာရီအတွင်း အစာမစားပါနဲ့။ အရည်မသောက်ပါနဲ့။ ပြီးရင်တော့ ပုံမှန်ပြန်စားနိုင်ပါတယ်။ ရေကို အာဆွတ်ရုံက စသောက်သင့်ပါတယ်။
    • အခက်အခဲမရှိ မျိုချနိုင်သည့်အချိန်အထိ တံတွေးထွေးထုတ်ပစ်ပါ။
    • စစ်ဆေးပြီး ၈နာရီအတွင်း ကားမမောင်းပါနဲ့။
    • ၂၄နာရီအတွင်း ဆေးလိပ်မသောက်ပါနဲ့။

    တခြားညွှန်ကြားထားတာ မရှိရင် နောက်တရက်မှာ အလုပ်ပြန်သွားနိုင်ပါတယ်။ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement