အဓိပ္ပါယ်ဖွင့်ဆိုချက်
Behcet’s Syndrome (Behcet ရောဂါလက္ခဏာစု) ကဘာလဲ။
Behcet ရောဂါလက္ခဏာစုဆိုတာ သွေးကြောတွေ ရောင်ရမ်းတဲ့ အခြေအနေဖြစ်ပါတယ်။ ကိုယ်ခန္ဓါ အစိတ်အပိုင်း အတော်များများမှာ ပြသနာဖြစ်စေပါတယ်။ ရောဂါဖြစ်ရတဲ့ အကြောင်းအရင်းကို မသိရပေမယ့် ရောဂါပေါင်းစုံကြောင့် စနစ်ပေါင်းစုံ ထိခိုက်ရောင်ရမ်းတဲ့ ပြသနာလို့ သိထားကြပါတယ်။ နောက်ဆက်တွဲပြသနာတွေ၊ ရောဂါလက္ခဏာတွေဟာ ပထဝီအနေအထားအရ အမျိုးမျိုး ကွဲပါတယ်။
Behcet’s Syndrome (Behcet ရောဂါလက္ခဏာစု) က ဘယ်လောက်အဖြစ်များသလဲ
အမေရိကမှာ ရှားပါးပြီး အရှေ့အလယ်ပိုင်းနဲ့ အာရှမှာ တွေ့ရများပါတယ်။ အသက် ၂၀-၃၀ အရွယ်မှာ အဓိက ဖြစ်တတ်ပါတယ်။ ဒီရောဂါလက္ခဏာတွေ ပေါ်လာဖို့ လနဲ့နှစ်နဲ့ချီပြီး ကြာတတ်တာကြောင့် ရောဂါရှာဖွေဖို့လည်း ကြာမြင့်တတ်ပါတယ်။
ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။
ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
လက္ခဏာများ
Behcet’s Syndrome (Behcet ရောဂါလက္ခဏာစု) ရဲ့လက္ခဏာတွေကဘာတွေလဲ
တယောက်နဲ့တယောက် မတူနိုင်ပါဘူး။ သူ့ဖာသာပျောက်ကွယ်သွားပြီး ပြန်လည်းဖြစ်တတ်ပါတယ်။ အချိန်ကြာလာရင် ပြင်းထန်မှု လျော့လာတတ်ပါတယ်။ ဘယ်နေရာမှာ ဖြစ်တယ်ဆိုတာပေါ် မူတည်ပြီး လက္ခဏာတွေ ကွဲပြားပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- ပါးစပ်။ ပါးစပ်ထဲမှာ မှိုစွဲနာနဲ့ဆင်တူတဲ့ အနာတွေ ဖြစ်နိုင်ပါတယ်။ အကွင်းလိုက်ဖြစ်တတ်ပြီး နာကျင်တဲ့ အနာတွေအဖြစ် ပြောင်းသွားနိုင်ပါတယ်။ ပြန်ဖြစ်တတ်ပေမယ့် တပတ်ကနေ ၃ပတ်အတွင်း ပျောက်သွားတတ်ပါတယ်။
- အရေပြား။ အရေပြားပြသနာလည်း အမျိုးမျိုးရှိပါတယ်။ တချို့မှာ ဝက်ခြံနဲ့ဆင်တူပါတယ်။ တခြားတွေ့ရတတ်တာကတော့ အနီဖုတွေ ပုံစံဖြစ်လာပြီး နာနေတတ်ခြင်း ဖြစ်ပါတယ်။ ခြေထောက်မှာ တွေ့ရများတတ်ပါတယ်။
- လိင်အင်္ဂါ။ လိင်အင်္ဂါမှာ အနာပေါက်နေတတ်ပါတယ်။ ကပ္ပယ်အိတ်၊ မိမ်းမကိုယ် အပြင်ပိုင်း စတာတွေမှာ တွေ့ရများပါတယ်။ နာတတ်ပြီး အမာရွတ်တွေ ကျန်တတ်ပါတယ်။
- မျက်စိ။ မျက်လုံးရောင်တတ်ပါတယ်။ နီရဲပြီး အမြင်ေဝဝါးတတ်ပါတယ်။ ပေါ်လိုက်ပျောက်လိုက် ဖြစ်တတ်ပါတယ်။
- အရိုးအဆစ်များ။ အဆစ်ရောင်ပြီး နာခြင်းကို ဒူးဆစ်မှာ အများဆုံး တွေ့ရပါတယ်။ ခြေကျင်းဝတ်၊ လက်ကောက်ဝတ်၊ တံတောင်ဆစ်တွေမှာလည်း တွေ့ရတတ်ပါတယ်။ တပတ်-၃ပတ်လောက်မှာ ပျောက်သွားတတ်ပါတယ်။
- သွေးကြောစနစ်။ သွေးကြောတွေရောင်ပြီး သွေးခဲဖြစ်ပေါ်ရင် လက်နဲ့ခြေထောက်မှာ နီရဲနာကျင်ပြီး ရောင်ရမ်းတတ်ပါတယ်။ ကြီးမားတဲ့ သွေးလွှတ်ကြောတွေမှာဖြစ်ရင် သွေးကြောထုံးခြင်း၊ သွေးကြောပိတ်ခြင်းတွေ ဖြစ်တတ်ပါတယ်။
- အစာခြေစနစ်။ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောပြီး သွေးပါခြင်းတွေ ဖြစ်တတ်ပါတယ်။
- ဦးနှောက်။ ဦးနှောက်နဲ့ အာရုံကြောစနစ်တွေ ရောင်ရမ်းနိုင်ပြီး ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ ပတ်ဝန်းကျင်ကို မသိခြင်း၊ ကောင်းစွာမရပ်နိုင်ခြင်း၊ လေဖြတ်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။