backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အိမ်သုံးဆားရဲ့ တခြားအသုံးဝင်ပုံ (၇) မျိုး


Yun Sandi Nan Mon မှ ရေးသားသည်။ · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အိမ်သုံးဆားရဲ့ တခြားအသုံးဝင်ပုံ (၇) မျိုး

အိမ်မှာ ရှိတဲ့အိမ်သုံးဆားဆိုတာ ဟင်းချက်တဲ့နေရာ၊ အစားအသောက်ပြင်ဆင်တဲ့နေရာမှာပဲ အသုံးဝင်တယ်ထင်နေလား။ တကယ်တမ်း သူ့ရဲ့အသုံးဝင်တဲ့နေရာတွေအများကြီးရှိပါတယ်။ တချို့ကို သိပြီးသားဖြစ်ရင်ဖြစ်မှာပေမယ့် သိပ်မသိသေးတဲ့အသုံးဝင်ပုံတွေကို ပြောပြချင်လို့ပါ။

ဘာတွေအသုံးဝင်လဲ ဆိုတော့…

(၁) ကော်ဖီကို အခါးလျော့အောင် လုပ်လို့ရတယ်

ကော်ဖီကို သိပ်မပြင်းတဲ့ ခါးဆိမ့်ဆိမ့်လေးဖြစ်ဖို့ဆိုရင် ဆားလေးတစ်ပွင့်နှစ်ပွင့်လောက်ထည့်လိုက်ပါ။ လက်လွန်ရင်တော့ အရသာပျက်နိုင်ပါတယ်နော်။ ဆားမှာ ကော်ဖီရဲ့အခါးဓာတ်ကို ပြယ်စေနိုင်တဲ့ ဆိုဒီယမ်အိုင်းရွန်းတွေပါဝင်တယ်လို့ သုတေသနက တွေ့ရှိထားပါတယ်။

(၂) ရေခဲသေတ္တာသန့်ရှင်းရေး လုပ်လို့ရတယ်

ရေခဲသေတ္တာကို သုံးလတစ်ကြိမ် သို့မဟုတ် ခြောက်လတစ်ကြိမ်တော့ အနံ့အသက်ကင်းအောင်၊ သန့်ရှင်းသပ်ရပ်အောင် လုပ်ပေးသင့်ပါတယ်။ ဒါပေမယ့် ဆပ်ပြာနဲ့တိုက်ဆေးချလို့မဖြစ်တာကြောင့် ကပ်ငြိနေတဲ့ အစွန်းအထင်းတွေနဲ့ အနံ့ဆိုးတွေပျောက်အောင် ရေနွေးနွေးနဲ့ဖျော်ထားတဲ့ ဆားရည်ကိုသုံးပြီး လိုတဲ့နေရာ ပွတ်တိုက်ပေးပါ။

(၃) ပန်းကန်ဆေး ရေမြှုပ်ကို သန့်စင်လို့ရတယ်

အဆီနဲ့အညစ်အကြေးတွေအမြဲ ထိတွေ့နေရတဲ့ ရေမြှုပ်လေးတွေကို တစ်ခါသုံးလို အမြဲစွန့်ပစ်လို့တော့ ဘယ်တွက်ခြေကိုက်ပါ့မလဲ။ အကြာကြီးမဟုတ်ပေမယ့် သုံးလို့ရသလောက်တော့ ပြန်သန့်စင်ပြီး သုံးဖို့၊ တာရှည်အသုံးခံဖို့အတွက် ဆားက အသုံးဝင်ပါတယ်။ ရေမြှုပ်တွေကို ဆားရည်ကျဲကျဲထဲ တစ်ညလောက်စိမ်ထားလိုက်ရုံပါပဲ။

(၄) မီးပူမှာ ကပ်နေသမျှ ဖယ်ရှားလို့ရတယ်

မီးပူမှာ ကပ်နေတဲ့အရာတွေကြောင့် အဝတ်အစားတွေမှာ စွန်းပေကုန်တာ၊ တိုက်လို့တွန့်ကြေကုန်တာ၊ ကပ်စေးကပ်စေးဖြစ်ကုန်တာ၊ မီးကျွမ်းတာတွေဖြစ်လာရင် စိတ်ညစ်ဖို့ကောင်းတယ်မလား။ ပွတ်တိုက်လို့လည်းမရ၊ ‌ဆေးချလည်းမရနဲ့ သန့်စင်ဖို့မလွယ်ကူပါဘူး။

မီးပူကို အပူပြင်းပြင်းတင်ထားပါ၊ သတင်းစာစက္ကူပေါ်ဆားနည်းနည်းဖြူးထားပြီး အပေါ်ကနေ မီးပူတိုက်လိုက်ပါ။

(၅) ဖိနပ်အနံ့ပျောက်အောင် လုပ်လို့ရတယ်

ဆားမှာ အနံ့ဆိုးပျောက်စေနိုင်တဲ့အာနိသင်ရှိတာမို့ ဖိနပ်တွေကို အနံ့မနံအောင် လုပ်လို့ရပါတယ်။

အိမ်က ရှူးဖိနပ်တွေထဲကို ညဘက် ဆားလေးတစ်မှုန့်နှစ်မှုန့်လောက် ဖြူးလိုက်ပါ။ မနက်ကျ ဘရက်ရှ်နဲ့ ပွတ်ခါလိုက်ပါ။ ဘာနံ့မှမနံစေရဘူး။

(၆) ပါးစပ်အနာ သက်သာစေတယ်

ဆားရည်နဲ့ပလုတ်ကျင်းတာ၊ ပါးစပ်ကိုဆေးတာ လုပ်ပေးရင် အနာသက်သာပြီး မြန်မြန်အနာကျက်စေနိုင်ပါတယ်။ ရေတစ်ခွက်ထဲ ဆားတစ်ဇွန်းထည့်ရင် ရပါပြီ။

(၇) လည်ချောင်းနာသက်သာစေတယ်

ဆားရည်နွေးနွေးနဲ့ပလုတ်ကျင်းတာက  လည်ချောင်းနာတာ၊ လည်ချောင်းယားတာတွေ အကုန်သက်သာပြီး နေလို့ကောင်းစေပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Yun Sandi Nan Mon မှ ရေးသားသည်။ · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement