backup og meta

သင့်အသည်း ဘယ်လိုအလုပ်လုပ်သလဲ

သင့်အသည်း ဘယ်လိုအလုပ်လုပ်သလဲ

အသည်းဟာ အရေးကြီးတဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေကို လုပ်ဆောင်ပေးပါတယ်။ သူဟာ ၁.၅ ကီလိုဂရမ် လေးပြီး ကိုယ်ခန္ဓါရဲ့ အကြီးမားဆုံး အင်္ဂါအစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ အသည်းလုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဒီဆောင်းပါးမှာ ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

အသည်းတည်နေရာ

အသည်းဟာ ဗိုက်အပေါ်ပိုင်းညာဘက်အခြမ်း ရင်ဝမ်းခြားကြွက်သား အောက်မှာ ရှိနေတာ ဖြစ်ပါတယ်။ သူဟာ နံရိုးအောက်က နေရာအတော်များများနဲ့ ဘက်ဘက်အခြမ်း ဗိုက်အပေါ်ပိုင်းမှာ နေရာအချို့ကို ယူထားတာဖြစ်ပါတယ်။ အပြင်ကနေ ကြည့်မယ်ဆိုရင် ညာဘက်က ကြီးမားတဲ့ အပိုင်းနဲ့ ဘယ်ဘက်က သေးငယ်တဲ့အပိုင်းတွေဟာ ကွာခြားမှု ရှိပါတယ်။ ဒီအပိုင်းနှစ်ခုကို အသည်းကို ဝမ်းဗိုက်ပိုင်းမှာ မြဲနေစေတဲ့ သွယ်ဆက်တစ်ရှူး နဲ့ ခွဲခြားထားပါတယ်။ သည်းခြေရည် တွေထုတ်ပေးတဲ့ သည်းခြေအိတ်ဟာ အသည်းရဲ့ အောက်ဘက်မှာ သေးငယ်ပြီး အခေါင်းပေါက်ပါတဲ့ အင်္ဂါအဖြစ် တည်ရှိပါတယ်။

အသည်းလုပ်ငန်းဆောင်တာများ

အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကတော့

  • ကိုယ်ခန္ဓါရဲ့ မကောင်းတဲ့ အရာဝတ္ထုတွေကို သွေးအတွင်းမှစွန့်ထုတ်ခြင်း (ဆေး၊အရက် အပါအဝင်)
  • ပြည့်ဝဆီကို ဖြိုခွင်းပြီး ကိုလက်စထရော ထုတ်လုပ်ခြင်း
  • သွေးခဲခြင်း၊ အောက်စီဂျင် သယ်ပို့ခြင်း၊ ကိုယ်ခံအားစနစ် လုပ်ငန်းဆောင်တာများအတွက် ကူညီပေးတဲ့ သွေးပရိုတင်းဓါတ် ထုတ်လုပ်ခြင်း
  • သကြားဓါတ် (glucose) ကို glycogen အနေနဲ့ သိုလှောင်ခြင်း
  • အာဟာရဓါတ်အပိုကို သိုလှောင်ခြင်းနဲ့ အချို့အာဟာရဓါတ်တွေကို သွေးအတွင်း ပြန်ပို့ပေးခြင်း
  • အစာခြေရန်လိုအပ်တဲ့ သည်းခြေရည် ကို ထုတ်လုပ်ခြင်း

အသည်းဟာ ဘယ်လိုအလုပ်လုပ်သလဲ။

အသည်းတစ်ရှူးဟာ Lobules လို့ခေါ်တဲ့ အသည်းဆဲလ် အစုအဝေးပေါင်းများစွာနဲ့ ဖွဲ့စည်းထားပါတယ်။ သွေးနဲ့ သည်းခြေရည် တွေကို သယ်ဆောင်ထားတဲ့ အခေါင်းပေါက်များစွာဟာ အသည်းဆဲလ်တွေအတွင်းမှာ လှုပ်ရှားနေပါတယ်။ အစာခြေ အင်္ဂါတွေက လာတဲ့သွေးတွေဟာ portal vein သွေးပြန်ကြော က တစ်ဆင့် အသည်းကို အာဟာရဓါတ်တွေ၊ ဆေးတွေနဲ့ အဆိပ်သင့်စေတဲ့ အရာဝတ္ထုတွေကို သယ်လာပေးပါတယ်။ သူတို့ဟာ အသည်းကိုရောက်တဲ့အခါမှာ ဒီအရာဝတ္ထုတွေကို သန့်စင်၊ သိုလှောင်၊ ပြောင်းလဲ၊ အဆိပ်ထုတ်ပြီး သွေးအတွင်းပြန်ပို့ခြင်း (သို့) ကိုယ်ခန္ဓါ အပြင်ဘက်ကို အူလမ်းကြောင်းမှတစ်ဆင့် စွန့်ထုတ်ခြင်းတွေကို ပြုလုပ်ပါတယ်။ ဒီနည်းအားဖြင့် အသည်းဟာ အရက်ကို သွေးအတွင်းမှ ထုတ်ပေးပြီး ဆေးတွေကိုလည်း ချေဖျက်ပြီး စွန့်ထုတ်ပစ္စည်း အနေနဲ့ ထုတ်ပေးပါတယ်။

ဗီတာမင် ကေ ရဲ့ အကူအညီနဲ့ အသည်းဟာ သွေးတိတ်မှုမှာ အရေးကြီးတဲ့ ပရိုတင်းတွေကို ထုတ်လုပ်ပေးပါတယ်။ သူဟာ အိုမင်းပျက်စီးနေတဲ့ သွေးနီဥတွေကို ခြေဖျက်ပေးတဲ့ ကိုယ်အင်္ဂါတစ်ခုလည်း ဖြစ်ပါတယ်။

အသည်းနဲ့ ဇီဝကမ္မ ဖြစ်စဉ်များ

အသည်းဟာ ကိုယ်ခန္ဓါရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေအတွက် အရေးကြီးတဲ့ အပိုင်းကနေ ပါဝင်ပါတယ်။ အဆီဖြိုခွင်းမှုမှာ အသည်းဆဲလ်တွေဟာ အဆီကို ဖြိုခွင်းပြီး စွမ်းအင်ကို ထုတ်လုပ်ပါတယ်။ သူတို့ဟာ တစ်နေ့ကို သည်းခြေရည် တွေကို 800 ကနေ 1000 ml အထိ ထုတ်လုပ်ပါတယ်။ ဒီအဝါညိုရောင် (သို့) အစိမ်းရောင်အရည်တွေဟာ သေးငယ်တဲ့ ပြွန်အတွင်းမှာ စုစည်းနေပြီးတော့ အဓိက သည်းခြေပြွန် ကို ရောက်ရှိသွားပါတယ်။ ဒီ အဓိကသည်းခြေပြွန် ဟာ သည်းခြေရည်တွေကို duodenum လို့ခေါ်တဲ့ အူသိမ် ဆီကိုပို့ပေးပါတယ်။ သည်းခြေရည် ဟာ အဆီချေဖျက်မှုနဲ့ စုပ်ယူမှုအတွက် အရေးကြီးတဲ့ အပိုင်းကနေ ပါဝင်ပါတယ်။

ကာဗိုဟိုက်ဒရိတ်ဖြိုကွဲမှုဖြစ်စဉ်မှာတော့ အသည်းဟာ သွေးသကြားဓါတ်ပမာဏကို ထိန်းညှိပေးပါတယ်။ သင့်သွေးသကြားဓါတ်ပမာဏဟာ မြင့်တက်လာရင် (ဥပမာ အစာစားပြီးချိန်) အသည်းဟာ portal vein သွေးပြန်ကြောက ထောက်ပံ့ပေးတဲ့ သွေးတွေက သကြားကို ဖယ်ရှားလိုက်ပြီး glycogen အဖြစ်နဲ့ သိမ်းထားပေးပါတယ်။ တကယ်လို့ သွေးသကြားဓါတ်ဟာ အရမ်းနည်းနေရင် အသည်းဟာ glycogen ကို ဖြိုခွင်းပြီး သွေးအတွင်းကို သကြားဓါတ်ထုတ်လွှတ်ပေးပါတယ်။ သကြားလိုမျိုးပဲ အသည်းဟာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို သိုလှောင်ပေးပြီး လိုအပ်ရင် သွေးအတွင်းကို ပြန်ထုတ်ပေးပါတယ်။

အသည်းဟာ ပရိုတင်းတွေရဲ့ ဇီဝဓါတု ဖြစ်စဉ်တွေအတွက်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အသည်းဆဲလ်တွေဟာ အစားအသောက်တွေမှာ ပါတဲ့ အမိုင်နိုအက်ဆစ်တွေကို ပြောင်းလဲပြီး စွမ်းအင်ထုတ်လုပ်ပေးခြင်း (သို့) ကာဗိုဟိုက်ဒရိတ် (သို့) အဆီပြုလုပ်ပေးခြင်းတွေ ပြုလုပ်ပါတယ်။ အမိုးနီးယား လို့ခေါ်တဲ့ အဆိပ်သင့်နိုင်တဲ့ အရာဝတ္ထုဟာ ဒီဖြစ်စဉ်ကြောင့် ထွက်လာတဲ့ စွန့်ထုတ်ပစ္စည်း တစ်ခု ဖြစ်ပါတယ်။ အသည်းဆဲလ်တွေဟာ အမိုးနီးယား ကို ယူရီးယား (Urea) လို့ခေါ်တဲ့ ပိုမို အဆိပ်သင့်မှုနည်းတဲ့ အရာအဖြစ်ပြောင်းလဲပေးပြီး သွေးအတွင်းထုတ်လွှတ်ပေးပါတယ်။ Urea ကို ကျောက်ကပ်ကို သယ်ပို့လိုက်ပြီး ဆီးအဖြစ် ကိုယ်ခန္ဓါ ပြင်ပကို ထုတ်လွှတ်လိုက်ပါတယ်။

အသည်းဟာ ကိုယ်ခန္ဓါရဲ့ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေအတွက် အရေးပါပါတယ်။ အသည်းအလုပ်လုပ်ပုံနဲ့ ပတ်သက်ပြီး သိချင်တာတွေရှိရင် ဆရာဝန် ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How does the liver work? http://www.ncbi.nlm.nih.gov/pubmedhealth/PMH0072577/. Accessed January 15, 2017.
How The Liver Works. http://www.liver.ca/liver-health/how-liver-works.aspx. Accessed January 15, 2017.
Picture of the Liver. http://www.webmd.com/digestive-disorders/picture-of-the-liver. Accessed January 15, 2017.
Cirrhosis of the Liver. http://www.webmd.com/digestive-disorders/cirrhosis-liver?page=1. Accessed January 15, 2017.

ယခုပုံစံ

12/05/2020

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အပူအစပ်တွေ စားပြီးရင် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်း

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement