backup og meta

ကလေးမှာ ဆင်တုပ်ကွေးမဖြစ်စေဖို့ ဘယ်လိုဂရုစိုက်မလဲ

ကလေးမှာ ဆင်တုပ်ကွေးမဖြစ်စေဖို့ ဘယ်လိုဂရုစိုက်မလဲ

ကလေးတစ်ယောက်ကျန်းမာနေမှုက မေမေတို့အတွက် ပျော်စရာအကောင်းဆုံးအရာတွေထဲကတစ်ခုပါ။ ကိုယ့်ရဲ့ ကိုယ်ပွားလေးတွေကျန်းမာစေဖို့က မေမေတိုင်းရဲ့ ဆန္ဒဖြစ်မယ်ထင်ပါတယ်နော်။ ဒီတစ်ခေါက်တော့ လူကြီးတွေမှာတောင် ခံစားရတော်တော်လေးခက်တဲ့ ဆင်တုပ်ကွေးအန္တရာယ်ကနေ ကိုယ့်ရဲ့ကလေးကို ကာကွယ်ဖို့အတွက် ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးပါရစေလား……….

ကလေးတွေမှာ ဆင်တုပ်ကွေးဖြစ်နိုင်လား……….

ဆင်တုပ်ကွေးက လူကြီးတွေမှာတင်မဟုတ်ပါဘူး။ ကလေးတွေမှာလည်းဖြစ်နိုင်ပါတယ်။ ခြင်ကိုက်ခံရနိုင်ခြေရှိသူတိုင်းမှာဖြစ်နိုင်ပါတယ်။ ဆင်တုပ်ကွေးက ခြင်ကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး တစ်ခါတလေမှာ သွေးလွန်တုပ်ကွေးရောဂါ နဲ့ ခပ်ဆင်ဆင်တူတတ်ပါတယ်။ ဆင်တုပ်ကွေးက အသက်သေဆုံးစေနိုင်တာမျိုးမရှိပေမယ့် အဖျားကြီးတာနဲ့အဆစ်တွေနာတာမျိုးဖြစ်နိုင်ပါတယ်။ ဆင်တုပ်ကွေးရောဂါကြောင့်ဖြစ်တဲ့ အဆစ်နာတာက သီတင်းပတ် တစ်ပတ်ကနေ နှစ်ပတ်လောက်အထိကြာနိုင်ပါတယ်။

ကလေးမှာ ဆင်တုပ်ကွေးဖြစ်နေပြီလား ဘယ်လိုသိနိုင်မလဲ…..

ကလေးမှာဆင်တုပ်ကွေးဖြစ်နေပြီဆိုရင် အခုလိုလက္ခဏာလေးတွေတွေ့ရနိုင်ပါတယ်။

  • အဖျားတက်မယ် (ကိုယ်အပူချိန်က ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်ထက်ပိုများနေမယ်)
  • ကလေးက ပုံမှန်ထက်ပိုပြီး ဂျီကျနေမယ်
  • ပုံမှန်ထက်ပိုအိပ်နေမယ်
  • အစားမစားဘဲနေမယ်
  • အရေပြားမှာ အနီရောင်အကွက်တွေဖြစ်မယ် စတဲ့လက္ခဏာတွေတွေ့ရနိုင်ပါတယ်။

ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ………..

ဆင်တုပ်ကွေးအတွက်က ကာကွယ်ဆေးမရှိသလို ပျောက်ကင်းစေတဲ့ ဆေးဝါးဆိုတာကလည်း မရှိသေးပါဘူး။ ဒီလိုဆိုတာနဲ့ ဆင်တုပ်ကွေးဖြစ်ရင် မပျောက်တော့ဘူးလားဆိုတော့ မဟုတ်ပါဘူး။ ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်လေးတွေကိုတော့ ဂရုစိုက်စေချင်ပါတယ်။

  • ကလေးကို ပြည့်ပြည့်ဝဝအနားယူခိုင်းပါ
  • ရေများများတိုက်ပေးပါ။ (ကလေးက ၆ လအောက်ဆိုရင် မိခင်နို့များများတိုက်ပေးပါ။ ကလေးက ၃ လအထက်ဆိုရင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ရေဓါတ်ဖြည့်ပေးမယ့် သောက်စရာတွေကိုသောက်ပေးပါ၊ ၆ လအထက်ဆိုရင်တော့ အုန်းစိမ်းရည်နဲ့ရေအပါအဝင် ရေဓါတ်ပြည့်ဝစေမယ့် သောက်စရာတွေကို တိုက်ပေးပါ။)
  • ကလေးကို အဖျားကျစေဖို့ ဆရာဝန်ညွှန်းကြားတဲ့ ဆေးတွေတိုက်ပေးပါ
  • အာဟာရြပည့်ဝအောင်ကျွေးပေးပါ။

ကလေးကို ဆင်တုပ်ကွေးမဖြစ်စေဖို့ ဘယ်လိုကာကွယ်မလဲ……..

အပေါ်မှာပြောခဲ့သလိုပဲ ဆင်တုပ်ကွေးအတွက်က ကာကွယ်ဆေးမရှိသေးပါဘူး။ ဒါကြောင့် ကလေးကို ဆင်တုပ်ကွေးမဖြစ်စေဖို့ဆိုရင် အခုပြောပြမယ့် အချက်လေးတွေကို ဂရုစိုက်ပေးလို့ရပါတယ်။

ကလေးကို ခြင်ထောင်နဲ့ သိပ်ပေးပါ – ခြင်ကနေအဓိကကူးစက်တာဖြစ်တာကြောင့် ခြင်ကိုက်မခံရအောင် ကာကွယ်မှုက အထိရောက်ဆုံးသော ရောဂါကာကွယ်နည်းပါ။

ခြင်ဆေးသုံးပါ – ကလေးကို ခြင်ကိုက်မခံရစေဖို့အတွက် ခြင်ဆေးဖြန်းတာမျိုးကလည်း ထိရောက်တဲ့နည်းလမ်းတစ်ရပ်ပါ။ ဒါကြောင့် ကလေးနေမယ့်အခန်းကို ခြင်ဆေးဖြန်းတာမျိုးလုပ်ပေးပါ။ ကလေးက အရမ်းငယ်မယ်ဆိုရင်တော့ ခြင်ဆေးမသုံးဖို့ ပြောပါရစေ။

ကလေးကို လုံခြုံအောင်ဝတ်ဆင်ပေးပါ – ကလေးကို ခြင်ကိုက်ခံရမှုကနေ အထိရောက်ဆုံးကာကွယ်ဖို့အတွက် ချည်သားပွပွချောင်ချောင် လက်ရှည်၊ဘောင်းဘီရှည်လေးတွေ ဝတ်ဆင်ပေးလို့ရပါတယ်။

လေဝင်လေထွက်ကောင်းဖို့ဂရုစိုက်ပါ – ခြင်ကိုက်မခံရစေဖို့အတွက် ကလေးကို လေဝင်လေထွက်ကောင်းပြီး အလင်းရောင်ကောင်းတဲ့နေရာမှာထားပေးပါ။

အာဟာရြပည့်ဝအောင်ကျွေးပါ – ဆင်တုပ်ကွေးကိုကာကွယ်ဖို့ အထိရောက်ဆုံးနည်းလမ်းတစ်ရပ်က ကိုယ်ခံအားကောင်းဖို့ပါ။ ဒါကြောင့် ကလေးကို ပရိုတင်း၊ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကို မျှတအောင်ကျွေးပြီး ကိုယ်ခံအားကောင်းအောင်ဂရုစိုက်ပေးဖို့လိုပါမယ်။ ကလေးရဲ့ နေ့စဉ်စားသုံးမှုကို အာဟာရပြည့်ဝစေဖို့ ဂရုစိုက်ပေးပါ။ ကလေးကိုယ်ခံအားကောင်းစေဖို့အတွက် အရေးပါတဲ့ ဗီတာမင် C၊ ဗီတာမင် A၊ ဗီတာမင် E အပြင် သံဓါတ်ပြည့်ဝနေစေဖို့လည်း ဂရုစိုက်စေချင်ပါတယ်။ ကလေးကို ကိုယ်ခံအားကောင်းစေတဲ့ ဖြည့်စွက်စာတွေလည်း ကျွေးမွေးလို့ရပါတယ်။

ပြည့်ဝတဲ့ အိပ်စက်ချိန်ရှိပါစေ – ကလေးကို ပြည့်ပြည့်ဝဝအိပ်စက်ချိန်ရှိစေဖို့ ဂရုစိုက်ပေးပါ။ ဒါကလည်း ကိုယ်ခံအားကောင်းစေပြီး ကလေးကို ရောဂါတွေ အန္တရာယ်ကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။

ကဲ..အခုပြောခဲ့တဲ့အချက်လေးတွေကို ဂရုစိုက်လို့ ဘေဘီလေးကို ဆင်တုပ်ကွေးအန္တရာယ်ကနေ ကာကွယ်ပေးလိုက်ပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Chikungunya in babies https://www.babycenter.com/0_chikungunya-in-babies_10412710.bc Accessed Date 23 September 2019

Chikungunya In Children https://parenting.firstcry.com/articles/chikungunya-in-children/ Accessed Date 23 September 2019

ယခုပုံစံ

25/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသက်နှစ်နှစ်နောက်ပိုင်းမှာ အာဟာရပြည့်ဝစေဖို့ မျှတတဲ့ အစားအစာများနဲ့အတူ ဖော်မြူလာနို့တိုက်စို့

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement