backup og meta

မုန့်ဈေးတန်းမှာ ကလေးထင်ရာတွေမစားစေဖို့ မေမေတို့ ဘာတွေပြင်ဆင်ပေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မုန့်ဈေးတန်းမှာ ကလေးထင်ရာတွေမစားစေဖို့ မေမေတို့ ဘာတွေပြင်ဆင်ပေးမလဲ

    ကလေးတစ်ယောက်ကို ပျိုးထောင်ရတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ မွေးစကနေစလို့ ဘွဲ့ရတဲ့အထိ မေမေအတွက်တော့ ကိုးလလွယ် ဆယ်လဖွားထားရတဲ့ ကလေးက အရွယ်ကိုရောက်မလာဘူးနော်။ မေမေတစ်ယောက်အနေနဲ့ ကလေးတစ်ယောက်ကြီးပြင်းလာတဲ့ အခိုက်အတန့်တိုင်းကို အကောင်းဆုံးကျော်ဖြတ်ခဲ့နိုင်မှုရလဒ်ကို မှတ်ကျောက်တင်ပေးနိုင်တာက ကလေးက ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းအရွယ်ရောက်လာခြင်းပါ။

    ကလေးတစ်ယောက် ကောင်းစွာကြီးပြင်းလာစေဖို့ မေမေတို့ ကျော်ဖြတ်ခဲ့ရတဲ့ အခိုက်အတန့်

    ကိုးလလွယ် ဆယ်လဖွားရတဲ့ကလေးတစ်ယောက်ကို ကောင်းမွန်စွာကြီးပြင်းလာဖို့ မေမေ့အနေနဲ့ အခုလိုအဆင့်လေးတွေကို အကောင်းဆုံးကျော်ဖြတ်ခဲ့တာပါ။

    • မွေးစကနေ မူကြိုတက်ချိန်
    • မူကြိုတက်ချိန် ကနေ မူလတန်းစတက်ချိန်
    • မူလတန်း ကနေ အလယ်တန်းရောက်ချိန်
    • အလယ်တန်း ကနေ အထက်တန်း
    • အထက်တန်း ကနေ ဘွဲ့ရချိန်အထိပါ။ အလုပ်ခွင်ဝင်ချိန်မှာတော့ ဘေးကနေ ဖေးမပေးရုံလောက်ပဲလုပ်ပေးရတော့တာပေါ့။

    မွေးစကနေ မူကြိုမတက်ခင်အထိကတော့ မနက်ကနေ ညအထိ ရင်အုပ်မကွာစောင့်ရှောက်ပေးရင်း အစားအသောက်တွေကိုလည်း ကျန်းမာရေးနဲ့ညီညွတ်အောင် ကိုယ်တိုင်ပြင်ဆင်ပြီးကျွေးမွေးပျိုးထောင်ပေးနေချိန်ပေါ့။ ကလေးမတည့်တာတွေစားမိမှာကို သိပ်စိုးရိမ်စရာမလိုသလို ထိခိုက်မှုတစ်ခုခုမဖြစ်အောင်လည်း မေမေက အပြည့်အဝစောင့်ရှောက်ပေးထားတဲ့ အခိုက်အတန့်ပေါ့။

    မူကြိုစတက်ချိန်မှာလည်း ကလေးကို ထမင်း၊ဟင်းတွေ နဲ့ နေ့လယ်အဆာပြေမုန့်တွေကို ကိုယ်တိုင်ပြင်ဆင်ပေးလို့ ဆရာမဆီ သေချာအပ်ထားရင်ကို တော်တော်လေးစိတ်ချရတဲ့အနေအထားပါ။ ကလေးက အများကြီးမစားတတ်သေးသလို မေမေက မစားဖို့မှာထားရင်ကို မစားဘဲ နေတတ်တဲ့အရွယ်လေးတွေလေ။

    သူငယ်တန်းစတက်ချိန်မှာတော့ ကလေးကို ထိန်းကျောင်းရတာက အရင်ကလောက်မလွယ်တော့ပါဘူး။ အပေါင်းအသင်းများလာပြီး စားတတ်တာတွေများလာပြီဖြစ်သလို မုန့်ဈေးတန်းသွားချင်တာ တွေ့ကရာမုန့်တွေကို စားချင်လို့ ပူဆာတာတွေရှိလာနေပါပြီ။ ဒီလိုကနေ အထက်တန်းအထိက သူတို့စိတ်ကြိုက်စားချင်တာကို တင်ပြ၊ပြောပြတတ်နေပြီလေ။ ဒီအချိန်မှာ အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ အာဟာရတွေပြည့်မီအောင်ဆိုရင် မေမေ့ဘက်ကလည်း အစွမ်းကုန်ကြိုးစားပြီး အာဟာရပြည့်ဝတဲ့မုန့်တွေကို ကလေးအကြိုက်တွေ့အောင် ပြင်ဆင်ပေးဖို့လိုမှာပါ။ ဒီတော့ ဘာတွေများပြင်ဆင်ပေးရင် ကလေးအကြိုက်ဖြစ်မလဲတူတူကြည့်ရအောင်လား။

    မုန့်ဈေးတန်းမှာ ကလေးထင်ရာမစားစေဖို့

    နေ့လယ်ထမင်းစားချိန်မှာ ထမင်းစားပြီးတဲ့အခါ ကလေးတွေအနေနဲ့ သူငယ်ချင်းနဲ့အတူတူသူတို့ကြိုက်နှစ်သက်တဲ့ မုန့်တွေကို စိတ်ကြိုက်ဝယ်စားတာမျိုးရှိနိုင်ပါတယ်။ ဒီလိုစားတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်တာပါသလို ကျန်းမာရေးနဲ့မညီညွတ်တာတွေကိုလည်း စားမိနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တာကိုစားမိရင် ကိစ္စမရှိပေမယ့် ကျန်းမာရေးနဲ့မညီညွတ်တာကိုစားမိတဲ့အခါ ကျန်းမာရေးပြဿနာတွေရှိလာနိုင်ပါတယ်။ ဖွံ့ဖြိုးရမယ့်အချိန်မှာ ကလေးက ဖျားနေမယ်ဆိုရင် ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေမှာပါ။ ဒီတော့ ကလေးမုန့်ဈေးတန်းမှာ ထင်ရာတွေမစားစေဖို့ မေမေ့အနေနဲ့ ဒီလိုလေးတွေပြင်ဆင်ပေးလို့ရပါတယ်။

    ကလေးမုန့်ဈေးတန်းမှာ ထင်ရာတွေမစားစေဖို့ဆိုရင် ဒီလိုလေးပြင်ဆင်ပေးပါ

    မနက်စာကို အိမ်မှာပဲပြင်ဆင်ပြီး ကျွေးပေးပါ။ အာဟာရပြည့်ဝစွာပါဝင်နေတဲ့ ထမင်းကြော်၊ နို့၊ မုန့်ဟင်းခါးစတဲ့အာဟာရပြည့်တဲ့ အစားအစာတွေပေါ့။ ပြီးရင်တော့ နေ့လယ်စာကို အာဟာရပြည့်ဝအောင်ချက်ပြုတ်ထားတဲ့ မေတ္တာအပြည့်နဲ့ ထမင်း၊ဟင်းလေးတွေကို ဖွယ်ဖွယ်ရာရာပြင်ဆင်ပေးလိုက်ပါ။ ပြီးရင်တော့ ကလေးကို မုန့်ဈေးတန်းမှာ မတည့်တာတွေမစားမိစေဖို့အတွက် နေ့လယ် အဆာပြေစားဖို့

    • သစ်သီးလေးတွေပြင်ဆင်ပေးလိုက်တာ – သဘာဝအချိုဓာတ်က စိတ်ကျေနပ်မှုရစေပြီး အမျှင်ဓာတ်နဲ့ ဗီတာမင်တို့ကိုပါ ရရှိစေမှာပါ။
    • ကျောက်ကျောလုပ်ပေးတာ – ကလေးကို သစ်သီးလေးတွေနဲ့ ကျောက်ကျောလုပ်ပေးတာက သစ်သီးစားဖြစ်ပြီး အချိုကဲတာတွေ စားမိနိုင်ခြေကိုလည်း သိသိသာသာလျော့ကျစေမှာပါ။
    • နွားနို့ထည့်ပေးတာ – အရိုးနဲ့သွားတွေကြံ့ခိုင်သန်စွမ်းစေဖို့ လိုအပ်တဲ့ ကယ်လ်ဆီယမ်ကို အပြည့်အဝရရှိစေနိုင်သလို ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ ပရိုတင်းကိုလည်း ကြွယ်ဝစွာရရှိစေမှာပါ။ ဦးနှောက်နဲ့ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။
    • ကြက်ဥပြုတ်ပေးတာ – ဗီတာမင် D၊ ပရိုတင်းတို့ကို ကြွယ်ဝစွာရရှိစေနိုင်ပါတယ်။ အဆာပြေအနေနဲ့ အရသာရှိစေသလို ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။
    • ကြက်ဥပူတင်းထည့်ပေးတာ – အာဟာရပြည့်ဝစေတဲ့ ကြက်ဥနဲ့နွားနို့ကို တွဲစပ်ထားတဲ့ အရသာရှိလှတဲ့ အဆာပြေစားစရာလေးက ကလေးကို စိတ်ကျေနပ်မှုတင်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ အကောင်းဆုံးကြီးထွားဖွံ့ဖြိုးနိုင်စေမှာပါ။
    • ပေါင်မုန့်ကြက်ဥကြော်ပေးတာ – နေ့လယ်ခင်းမှာ ပေါင်မုန့်ကြက်ဥကြော်လေးကို ပြင်ဆင်ပေးတာက အဆာပြေစေရုံတင်မဟုတ်ဘဲ၊ ပရိုတင်း၊ ဗီတာမင် D၊ ကာဗိုဟိုက်ဒရိတ်တို့ကိုပါရရှိစေမှာပါ။ ကလေးတစ်ယောက် အကောင်းဆုံးကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ ဓာတ်တွေကိုပြည့်ပြည့်ဝဝထောက်ပံ့ပေးနိုင်မှာပါ။
    • အသားညှပ်ပေါင်မုန့်လုပ်ပေးတာ – အသားညှပ်ပေါင်မုန့်က ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်နဲ့ သံဓာတ်တို့ကိုပါပြည့်ဝစေမှာပါ။ နေ့လယ်နေ့ခင်းမှာ အသားညှပ် ပေါင်မုန့်လေးပြင်ဆင်ပေးတာကလည်း ကလေးရဲ့ အာဟာရလိုအပ်ချက်ကို အကောင်းဆုံးဖြည့်ပေးရာရောက်ပါတယ်။
    • ချိစ်ပေါင်မုန့်လုပ်ပေးတာ – ကလေးတစ်ယောက်ကြီးထွားသန်မာစေဖို့ လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေကို အကောင်းဆုံးထောက်ပံ့ပေးမှာပါ။ အရိုးနဲ့သွားတွေကို သန်မာစေမယ့် ကယ်လ်ဆီယမ်ကိုလည်း ထောက်ပံ့ပေးရာရောက်မှာပါ။
    • သစ်သီးဖျော်ရည် – သဘာဝအချိုဓာတ်၊ ရေဓာတ်နဲ့ အမျှင်ဓာတ်တို့်ကို ကြွယ်ဝစွာရရှိစေမှာပါ။ အစာခြေစနစ်ကျန်းမာစေနိုင်သလို အာဟာရစုပ်ယူမှုတွေကိုလည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။
    • ဒိန်ချဉ် – အစာခြေစနစ်ကျန်းမာစေဖို့အရေးပါတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေပါဝင်နေတာကြောင့် ကလေးကို အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေနိုင်မှာပါ။ ကယ်လ်ဆီယမ်ကြွယ်ဝနေသလို ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တော်တော်များများလည်း ပါဝင်နေပါတယ်။
    • အစေ့အဆန် ဦးနှောက်နဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက်အရေးပါတဲ့ Omega -3 fatty acid ကြွယ်ဝစွာပါဝင်နေပါတယ်။ နေ့ခင်းနေ့လယ် တကျွတ်ကျွတ်ဝါးဖို့ အဆင်ပြေတဲ့ အဆာပြေစားစရာလေးပေါ့။

    ဒီအစားအစာတွေကို ကိုယ်တိုင် အာဟာရပြည့်ဝပြီး စားချင်စဖွယ်ဖြစ်အောင်ပြင်ဆင်ပေးမယ်ဆိုရင် ကလေးက ဘယ်မုန့်ဈေးတန်းကမုန့်ကိုမှ အာသာငမ်းငမ်းစားမှာမဟုတ်တော့ပါဘူး။ ဒီတော့ ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးပြီး အာဟာရပြည့်ဝလို့ ကလေးက အ​ကောင်းဆုံးကြီးထွားလာမှာ အသေအချာပါ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement