backup og meta

ဆယ်ကျော်သက်သမီးငယ် အားပြည့်နေစေဖို့ ကျွေးပေးသင့်တဲ့ ဖြည့်စွက်အာဟာရများ


Aye Thi Mon မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်သမီးငယ် အားပြည့်နေစေဖို့ ကျွေးပေးသင့်တဲ့ ဖြည့်စွက်အာဟာရများ

    ကိုယ့်ရဲ့ သမီးလေးကို အမြဲတက်ကြွလန်းဆန်းတာပဲမြင်ချင်တဲ့မေမေတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သမီးကို အမြဲတက်ကြွလန်းဆန်းစေချင်တယ်ဆိုတဲ့မေမေတို့သိချင်နေတာတွေကို အကောင်းဆုံး အဖြေထုတ်ပေးနိုင်မှာပါ။

    အားအင်ပြည့်ဖို့ လိုက်နာရမယ့်အချက်

    နေ့ရက်တိုင်းမှာ ခွန်အားပြည့်ပြီးလိုက်နာနေဖို့လိုအပ်တဲ့ အခြေခံအချက်လေးတွေရှိပါတယ်။ ဒါကတော့ တစ်နေ့ကို သုံးနပ်ပုံမှန်စားပေးဖို့ပါ။ စားပေးတဲ့ သုံးနပ်က အချိန်မှန်ဖို့လိုသလို အာဟာရပြည့်မီဖို့လည်း လိုပါမယ်။ပြီးရင် သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုနဲ့ရေဓါတ်ပြည့်မီအောင်ဖြည့်ဖို့ပါ။နောက်ဆုံးတစ်ချက်ကတော့ပြည့်ဝတဲ့ အိပ်စက်အနားယူချိန်ပေါ့။ ဒီအချက်တွေ အကုန်လုံးပြည့်မီသွားပြီဆိုရင်တော့ ခန္ဓါကိုယ်က အားအင်ပြည့်နေမယ်ဆိုတာပြောနေစရာတောင်မလိုတော့ပါဘူး။

    အပျိုဖော်ဝင်စ သမီးငယ်လေး အားအင်ပြည့်နေစေဖို့ လိုအပ်မယ့် အာဟာရဓါတ်တွေ

    မိန်းကလေးတစ်ယောက် အပျိုဖော်ဝင်လာပြီဆိုရင် လိုအပ်မယ့် အာဟာရဓါတ်တွေက ပိုများလာပါပြီ။ အရင်ကထက် နှစ်ဆလောက်အဟာရဓါတ်တွေဖြည့်ပေးနိုင်မှ ခန္ဓါကိုယ် အားပြည့်ဖို့အတွက်ရော ကြီးထွားဖွံ့ဖြိုးဖို့နဲ့ပြောင်းလဲလာတဲ့ ခန္ဓါကိုယ် အနေအထားအတွက် အာဟာရလိုအပ်ချက်တွေပြည့်မီစေမှာပါ။ ဒီတော့ သတိထားပြီး သမီးလေးအတွက် ဒီအာဟာရဓါတ်ေတွပြည့်မီအောင်ဖြည့်ပေးပါလို့အကြံပြုပါရစေနော်။

    ပရိုတင်း

    ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့နဲ့ အင်အားပြည့်နေစေဖို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တစ်မျိုးပါ။ ကြွက်သားတွေကြီးထွားဖို့အတွက်လိုအပ်သလို ဖွံ့ဖြိုးစ ဆယ်ကျော်သက်အရွယ်မှာ ညှက်တာမျိုး ဖွံ့ဖြိုးမှုအားနည်းတာမျိုး မဖြစ်ဖို့အတွက်လည်း လိုအပ်ပါတယ်။ ကျန်းမာတဲ့ ခန္ဓါကိုယ်ကို ပိုင်ဆိုင်ဖို့မေ့ထားလို့မဖြစ်တဲ့ အာဟာရတစ်မျိုးပါ။ အနီရောင်အသား၊ ကြက်သား၊ ငါး၊ ဥအမျိုးမျိုး၊ အခွံမာသီးတွေ။ ပဲအမျိုးမျိုးတို့ကနေ ရရှိနိုင်ပါတယ်။

    သံဓါတ်

    ခန္ဓါကိုယ် အင်အားပြည့်နေစေဖို့သွေးအားနည်းရောဂါ ကာကွယ်ဖို့အတွက်လိုအပ်တဲ့ ဓါတ်တစ်မျိုးပါ။သွေးနီဥဆဲလ်တွေကိုကျန်းမာစေပြီး အပျိုဖော်ဝင်စ သမီးငယ်လေးတွေ အမြဲတက်ကြွလန်းဆန်းနေစေဖို့ လိုအပ်တဲ့ ဓါတ်တစ်ခုပါ။ အသည်း၊ အနီရောင်အသား၊ ငါး၊ ဟင်းနုနွယ်တို့ကနေရရှိနိုင်ပါတယ်။ အခွံမာသီးတွေ၊ အစေ့အဆန်တွေကနေလည်း ရရှိနိုင်ပါတယ်။

    ကာဗိုဟိုက်ဒရိတ်

    ဦးနှောက်နဲ့ကြွက်သားအတွက် အရေးပါတဲ့ ဓါတ်တစ်မျိုးပေါ့။ ပင်ပန်းမှုမရှိစေဘဲ ခန္ဓါကိုယ်ကို တက်ကြွလန်းဆန်းနေစေမှာပါ။ တစ်နေ့မှာ စားသမျှအနပ်တိုင်းမှာ ကာဗိုဟိုက်ဒရိတ်ပါသင့်ပါတယ်။ ဒါမှ ခန္ဓါကိုယ်က ကျန်းမာပြီး တက်ကြွလန်းဆန်းနေမှောပါ။ ထမင်း၊ပေါင်မုန့်၊ကွေကာအုတ်တို့ကနေ ကာဗိုဟိုက်ဒရိတ်ကို ရရှိနိုင်ပါတယ်။

    အမျှင်ဓါတ်

    ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးပါတဲ့ အစာခြေစနစ် ကျန်းမာစေဖို့ အမျှင်ဓါတ်ကအရေးပါပါတယ်။ ဝမ်းမှန်ပြီး ကျန်းမာစေဖို့ရော အူနံရံတွေက အာဟာရဓါတ်တွေကို အကောင်းဆုံး စုပ်ယူနိုင်ဖို့အတွက်ပါ။ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေကနေ အမျှင်ဓါတ်ကို ရရှိနိုင်ပါတယ်။

    ဗီတာမင်နဲ့ သတ္တုဓါတ်တွေ

    ကိုယ်ခံအားကောင်းဖို့၊ရောဂါတွေကို တိုက်ထုတ်ဖို့၊ကာကွယ်ဖို့နဲ့ ခန္ဓါကိုယ် ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်ပါတယ်။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကနေရရှိနိုင်ပါတယ်။ တစ်နေ့ကို ပုံမှန် ဟင်းသီးဟင်းရွက်ကြော်စားတာ၊ သစ်သီး အချိုတည်းတာမျိုးလုပ်ပေးပါ။

    ကယ်လ်ဆီယမ်

    အရိုးတွေ၊ သွားတွေကြံ့ခိုင်သန်စွမ်းဖို့လိုအပ်ပါမယ်။ နှလုံးနဲ့ကြွက်သားတွေကျန်းမာဖို့အတွက်ရော၊ အာရုံကြောတွေ ကျန်းမာဖို့ပါထောက်ပံပေးနိုင်သေးတဲ့ ဓါတ်တစ်ခုပါ။ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ၊ ဒိန်ချဉ်၊ချိစ်တို့ကနေ အဓိက ရရှိပါတယ်။

    ရေဓါတ်

    ခန္ဓါကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကိုနေရာယူထားတဲ့ရေဓါတ်ကပြည့်ဝနေမှ ကျန်းမာမယ်ဆိုတာပြောနေစရာ အထွေအထူးမလိုအောင်ပါ။ ဒါကြောင့်နေ့စဉ် သန့်စင်တဲ့ရေ ၇ ခွက်ကနေ ၈ ခွက်အထိတိုက်ပေးဖို့မမေ့ပါနဲ့။

    အဆီဓါတ်

    ဒီဓါတ်ကတော့ နည်းလည်း မကောင်းသလို များပြန်ရင်လည်း ထိခိုကိနိုင်ခြေက များပါတယ်။ ဒီတော့ အကောင်းဆုံးက မျှတနေဖို့ပါ။ ကလေးကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီမျိုးပဲ အဓိက ထားကျွေးပါ။ အဆီများတဲ့ မုန့်တွေဖြစ်တဲ့ အာလူးကြော်၊ ကြက်ကြော်လိုမျိုး အရာတွေကို သိပ်မကျွေးပါနဲ့။

    နေ့တိုင်းမှာ ဒီဓါတ်တွေကို ပါအောင်ကျွေးပေးတာက သမီးလေးတွေကို ကျန်းမာဖျတ်လတ်တဲ့ မိန်းမပျိုလေးဖြစ်လာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ဆယ်ကျော်သက်သမီးငယ်အတွက်လိုအပ်တဲ့ အာဟာရဓါတ်တွေပြည့်မီအောင်ဖြည့်ဆည်းပေးနိုင်ကြပါစေကြောင်း…..

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement