သင့်တစ်ကိုယ်လုံးက ပေးပို့တဲ့ အချက်ပြစနစ်တွေကို တုန့်ပြန်ရတယ်၊ တွေးခေါ် စဉ်းစားရတယ်၊ လေ့လာသင်ယူဖို့အတွက်လည်း ဦးနှောက် ကမရှိမဖြစ်ဆိုတော့ သူက အလုပ်အများဆုံးဖြစ်ပြီး အာရုံကြော သန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့အတွက် အရှုပ်ထွေးဆုံး အစိတ်အပိုင်းတစ်ခုပါ။
အသက်ကြီးလာရင် ဦးနှောက်က ဆဲလ်တွေကျုံ့လာတတ်သလို ၊ ကိုယ်စားတဲ့အစားအသောက်တွေ ကိုယ့်အနေအထိုင် အပြုအမူတွေ မဆင်ခြင်တဲ့အခါ ဦးနှောက်ကို ထိခိုက်ပြီး မှတ်ဉာဏ်ချို့ယွင်းလာကြပါတယ်။ တစ်ခုခုပြောပြီး လုပ်ပြီးတာနဲ့ မေ့လွယ်တာ( dementia)၊ အတိတ်ကို လုံးဝ သတိမရတော့တဲ့ ရောဂါ ( Alzheimer ) တို့ဆိုတာ အဖြစ်များတဲ့၊ လူတိုင်းဖြစ်မှာ ကြောက်ကြတဲ့ ဦးနှောက် မှတ်ဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေပါ။ ဒါဆို ဒီလို မှတ်ဉာဏ်ပျောက်ဆုံးတဲ့ အဖြစ်ဆိုးမျိုး မကြုံတွေ့အောင် ကြိုတင်ကာကွယ်လို့ရလား ။ ။
သင့်မှတ်ဉာဏ်စွမ်းရည်ကို မြင့်တက်စေမယ့် အစားအသောက်များ ။ ။
ကြီးလားတဲ့ အခါ မှတ်ဉာဏ်ပျောက်ဆုံးတာမျိုး မဖြစ်အောင် ငယ်ငယ်လေးထဲက ဦးနှောက်စွမ်းဆောင်ရည်နဲ့ မှတ်ဉာဏ် ကို တိုးတက်ကောင်းမွန်စေတဲ့ အစားအသောက်တွေ စားပေးလို့ရပါတယ်။ ကိုယ့်နေ့စဉ်စားနေတဲ့ အစားအသောက်တွေထဲမှာ ထင်မထားရလောက်အောင် ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေတဲ့အစားအသောက်တွေရှိပါတယ်။
-
အဆီများတဲ့ငါးတွေ။ ။
ဆယ်လ်မွန်ငါးတို့၊ ထရောက်ငါးတို့၊ ဆားဒင်းကငါးတို့ဟာ omega 3 fatty acid ကြွယ်ဝတဲ့ငါးတွေပါ။ ဦးနှောက်ရဲ့ ၆၀ ရာခိုင်နှုန်းဟာ အဆီတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းလောက်က omega 3 fatty acid တွေနဲ့ဖွဲ့စည်းထားတာပါ။ ဦးနှောက်ကဆဲလ် တွေ တည်ဆောက်ဖို့၊ အသက်ကြီးလာရင်မေ့လွယ်တတ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့အတွက် omega 3 fatty acid က မရှိမဖြစ်ဆိုတော့ သူကြွယ်ဝတဲ့ ငါးတွေ စားပေးရင် ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းတာကို ကာကွယ်ပြီးသားဖြစ်မှာနော်။ ။
-
ကော်ဖီ။ ။
လူတိုင်းကြိုက်နှစ်သက်စွာ သောက်ကြတဲ့ ကော်ဖီမှာ ကောင်းကျိုးရှိသလို ဆိုးကျိုးလည်းရှိပေမယ့် ဦးနှော်က် အပေါ်မှာတော့ ကောင်းကျိုးပဲ ပေးပါတယ်။ တက်ကြွစေတယ်၊ စိတ်ကိုလန်းဆန်းစေတယ်။ အာရုံစူးစိုက်မှု အားကောင်းစေတဲ့ အပြင် ကဖင်းဓါတ်မှာ ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းတွေက ဦးနှောက်ဆဲလ်တွေ အပေါ် သက်ရောက်တဲ့ မကောင်းတဲ့ ဓါတုပစ္စည်းတွေကို ဓါတ်တိုးဆန့်ကျင်ပေးပါတယ်။ ဒါဟာ ကော်ဖီကြိုက်တဲ့သူတွေ အတွက်တော့ ဝမ်းသာစရာ သတင်းတစ်ခုပါပဲ။
-
ဘလူးဘယ်ရီသီး ။ ။
ဒီလို အရောင်ရင့်ရင့် ဘလူးဘယ်ရီသီးတွေမှာ ပါဝင်တဲ့ anthocyanins ဟာ ရောင်ရမ်းခြင်းကို လျော့ကျစေပါတဲ့အပြင် အာရုံကြောအချင်းချင်းကြားထဲက အချက်ပြစနစ်တွေ ပို့ဆောင်မှုကိုလည်း ချောမွေ့စေပါတယ်။ ဓါတ်တိုးဆန့်ကျင်တဲ့ပစ္စည်းတွေ အများကြီးပါလို့ အသက်ကြီးတာကြောင့်ဖြစ်တဲ့ ဦးနှောက်ဆဲလ်တွေ ရှုံ့သွားတာကို ကာကွယ်ပေးပြီး မှတ်ဉာဏ်အားကို ကောင်းစေပါတယ်။
-
နနွင်းမှုန့် ။ ။
နနွင်းမှုန့်ကြောင့် ဟင်းကောင်းတစ်ခွက်ရသလို ကျန်းမာရေးဘက်ကကြည့်ရင်လည်း ခုခံအားကိုမြင့်တက်စေပြီး ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းတွေကြောင့် ကင်ဆာ နဲ့ Alzheimer ရောဂါတို့ကို ကာကွယ်နိုင်စွမ်းရှိပါတယ်။
-
ပန်းဂေါ်ဖီစိမ်း ။ ။
ဦးနှောက်ရဲ့ ၆၀ ရာခိုင်နှုန်းကို အဆီတွေနဲဖွဲ့စည်းထားတယ်ဆိုတာ သိပြီးကြပြီးဖြစ်မှာပါ။ ဒါကြောင့် အဆီမှာပျော်ဝင်တဲ့ ဗီတာမင် A,D,E,K အားလုံးဟာ ဦးနှောက်အတွက် လိုအပ်တဲ့ အာဟာရတွေပါ။ ပန်းဂေါ်ဖီစိမ်းမှာဆို ဗီတာမင် K တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် ဦးနှောက်ရဲ့ မှတ်ဉာဏ်ကောင်းမွန်စေချင်ရင် ပန်းဂေါ်ဖီစိမ်းကို သင်နေ့စဉ် စားတဲ့ အစားအသောက်တွေထဲမှာ ထည့်စားသင့်ပါတယ်။
-
ဖရုံစေ့။ ။
ဖရုံစေ့မှာ အာရုံကြောအချက်ပြစနစ်ကို ကောင်းမွန်စေတဲ့ ဇင့်ဓါတ် ပါတယ်။ သင်ယူလေ့လာမှုနဲ့ မှတ်ဉာဏ်ကိုကောင်းမွန်စေတဲ့ မဂ္ဂနီဆီယမ် သတ္တုဓါတ်တွေ၊ ဦးနှောက်စွမ်းဆောင်ရည်ကို ချောမွတ်စေတဲ့ သံဓါတ်နဲ့ Alzheimer ရောဂါကို အဓိက ကာကွယ်ပေးတဲ့ Copper သတ္တုဓါတ်တို့ပါပါတယ်။
-
ချော့ကလက် ။ ။
ချော့ကလက်စားလိုက်ရင် စိတ်ပျော်ရွင်ပြီး တက်ကြွလာတဲ့ ခံစားမှုမျိုး ရတတ်တယ်ဆိုတာ ချော့ကလက်စားတဲ့သူတိုင်းသိမှာပါ။ ဒါ့အပြင် ချော့ကလက်မှာပါတဲ့ flavonoids ကြောင့် ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေ ပိုပြီး ချောမွေ့စေပါတယ်။
-
အစေ့အဆံတွေ ။ ။
အစေ့အဆံ တွေမှာ ဗီတာမင် E တွေ ကြွယ်ဝစွာ ပါဝင်တဲ့အပြင် ဦးနှောက် အတွက် လိုအပ်တဲ့ အာဟာရတွေ ဖြစ်တဲ့ မပြည့်ဝဆီ တွေ အများကြီးပါပါတယ်။
-
ဥ အမျိုးမျိုး၊ ။
Choline နဲ့ ဗီတာမင် B တွေကြွယ်ဝစွာပါတဲ့ ဥအမျိုးမျိုးဟာ ဦးနှောက် စွမ်းဆောင်ရည်ကို အားပေးတဲ့ အစားအသောက်တွေပါ။
အသက်ကြီးလာတဲ့အခါ ကိုယ်ဘယ်သူဆိုတာကို အမှတ်မရတော့ဘူး၊ ကိုယ့်မိသားစုဝင်တွေ၊ ကိုယ်ချစ်တဲ့သူတွေကို မမှတ်မိတော့ဘူးဆိုတာ တကယ်ကို ခံစားရခက်တဲ့ ဝေဒနာတစ်ခုပါ။ ဒါကြောင့် ကိုယ်နေ့စဉ်စားတဲ့ အစားအသောက်တွေမှာ ဒါတွေလည်း ထည့်စားပေးဖို့ မမေ့နဲ့နော် ။ ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
[embed-health-tool-bmr]