ဖီးကြမ်း၊ သီးမွှေး၊ ငှက်ပျောချဉ်၊ နံ့သာဖူး၊ ရွှေငှက်ပျောသီး စတဲ့ အမျိုးမျိုးရှိတဲ့အထဲကမှ ရွှေငှက်ပျောသီးကို အကြိုက်ဆုံးပဲ ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါလို့ ပြောပါရစေ။ ဘာလို့ ဒီလို ပြောရတာလဲဆိုတော့ ဒီဆောင်းပါးလေးထဲမှာ ရွှေငှက်ပျောသီး ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုပေးသလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
ရွှေငှက်ပျောသီး ဆိုတာ
ရွှေငှက်ပျောသီး ဆိုတာ ငှက်ပျောသီး အမျိုးအစား တစ်မျိုးပါ။ အခွံက အနီရောင်ရှိပြီး အလုံးက ပုပုဝဝလေးပါ။ ဖီးကြမ်းတို့လိုမျိုး ထောင့်ကျမနေဘဲ လုံးဝန်းပါတယ်။ အရသာက ပိုပြီး ကောင်းပါတယ်။ ချိုအီစိမ့်နေအောင် ကောင်းတဲ့ ငှက်ပျောသီး တစ်မျိုးပါ။ အနံ့လည်း တော်တော်လေး မွှေးအီပါတယ်။
အရှေ့တောင်အာရှဒေသ တော်တော်များများမှာ ပေါက်ရောက်ပါတယ်။ အသီးတစ်လုံးက အရှည်အားဖြင့် ၁၆ စင်တီမီတာကနေ ၁၈ စင်တီမီတာလောက် ရှည်ပါတယ်။ အခြားသော ငှက်ပျောသီးတွေထက် အထားခံပါတယ်။
ရွှေငှက်ပျောသီး မှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေဖြစ်မလဲ ………
ရွှေငှက်ပျောသီး မှာပါတဲ့ အာဟာရဓာတ်တွေက
- ကယ်လ်လိုရီ
- ကာဗိုဟိုက်ဒရိတ်
- ပရိုတင်း
- အဆီဓာတ်
- အမျှင်ဓာတ်
- ပိုတက်ဆီယမ်
- မဂ္ဂနီဆီယမ်
- ဖော့စဖရိတ်
- ကယ်လ်ဆီယမ်
- သံဓာတ်
- ဗီတာမင် B6
- ဗီတာမင် B1
- ဗီတာမင် B2
- ဗီတာမင် C
- ဖောလိတ်
- ကိုလင်း တို့ ပါဝင်နေပါတယ်။
ရွှေငှက်ပျောသီး ကျန်းမာရေးအတွက် ကောင်းသလား ……
ရွှေငှက်ပျောသီး ကျန်းမာရေးအတွက် ကောင်းသလား ဆိုတော့ ဘယ်လိုမျိုး ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်သလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
ကိုယ်အလေးချိန် ထိန်းညှိပေးတယ်
ရွှေငှက်ပျောသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်နေတာကြောင့် အဆာခံနိုင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အဆီနဲ့ ကယ်လ်လိုရီ ပါဝင်မှု နည်းတာကလည်း ကိုယ်အလေးချိန်ကို ထိန်းညှိရာမှာ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။
အစာခြေစနစ်ထဲက အကျိုးပြု ဘက်တီးရီးယားလေးတွေကို အားဖြည့်ပေးပြီး အရောင်ကျစေဖို့ ထောက်ကူပေးပါတယ်။ အဝလွန်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
အင်အားပြည့်ဝစေတယ်
ရွှေငှက်ပျောသီးမှာ သဘာဝ အချိုဓာတ် ပြည့်ဝစွာ ပါဝင်နေတာကြောင့် ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေသလို ခန္ဓာကိုယ်မှာ အားအင်ပြည့်ဝနေစေဖို့လည်း ထောက်ကူပေးပါတယ်။ မနက်စာ စားလို့ အဆင်ပြေတဲ့ ငှက်ပျောသီး တစ်မျိုးပါ။
သွေးပေါင်ချိန် ထိန်းညှိပေးတယ်
ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် သွေးပေါင်ချိန်ကို ကောင်းကောင်း ထိန်းညှိပေးပါတယ်။ သွေးကြောတွေကို ပြေလျော့စေတဲ့ မဂ္ဂနီဆီယမ်လည်း ပါဝင်နေတာကြောင့် သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေပြီး သွေးတိုးကျစေဖို့ရော နှလုံးသွေးကြောရောဂါ ကင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
ဆီးချို ထိန်းညှိပေးတယ်
အမျှင်ဓာတ် ကြွယ်ဝမှုက ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အစာကြေလွယ်သလို သကြားဓာတ် ပါဝင်မှု နည်းတာကြောင့် ဆီးချို ရှိသူတွေနဲ့ သင့်တင့်တဲ့ ပမာဏ စားပေးနိုင်ပါတယ်။
အမြင်အာရုံ ကောင်းစေတယ်
ရွှေငှက်ပျောသီးမှာ Lutein နဲ့ beta carotenoids ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အမြင်အာရုံ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အသက်အရွယ်ကြောင့် အမြင်အာရုံ ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို ကြက်မျက်သင့်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်ပါတယ်
ရွှေငှက်ပျောသီးက အခြားငှက်ပျောသီးတွေထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးသလို နာတာရှည် ရောဂါတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
ကိုယ်ခံအား ကောင်းစေတယ်
ဗီတာမင် B6 နဲ့ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးပါတယ်။ သွေးဖြူဥတွေကို ထုတ်လုပ်စေပြီး ရောဂါတွေကို တိုက်ထုတ်နိုင်ဖို့ ကူညီပေးပါတယ်။
အစာခြေစနစ် ကျန်းမာစေတယ်
အမျှင်ဓာတ် ကြွယ်ဝမှုက အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ လေပွတာမျိုး၊ ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အစာခြေစနစ် ပြဿနာတွေ ကင်းစေဖို့ ထောက်ကူပေးပါတယ်။
သွေးသန့်စေပါတယ်
ဗီတာမင်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် သွေးသန့်စေဖို့ ထောက်ကူပေးပါတယ်။ သံဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကလည်း သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။
ကဲ …. ရွှေငှက်ပျောသီး ကျန်းမာရေးအတွက် ကောင်းတယ်လို့ ပြောရတဲ့ အကြောင်းအရင်းကို သိလောက်ပြီ ထင်ပါတယ်။
ဘယ်သူတွေ မစားသင့်ဘူးလဲ …..
ရွှေငှက်ပျောသီး က ကျန်းမာရေးအတွက် ကောင်းသလို လူတိုင်းနဲ့လည်း တည့်ပါတယ်။ ဒါပေမယ့် ဆီးချိုတက်နေတဲ့အချိန်ဆိုရင်တော့ မစားသင့်ပါဘူး။ ရောဂါအခံ တစ်ခုခု ရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။ အများကြီး မစားမိဖို့လည်း သတိပေးပါရစေ။
ရွှေငှက်ပျောသီး ကျန်းမာရေးအတွက် ကောင်းသလား
- ကိုယ်အလေးချိန် ထိန်းညှိပေးတယ်
- အင်အားပြည့်ဝစေတယ်
- သွေးပေါင်ချိန် ထိန်းညှိပေးတယ်
- ဆီးချို ထိန်းညှိပေးတယ်
- အမြင်အာရုံ ကောင်းစေတယ်
- ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်ပါတယ်
- ကိုယ်ခံအား ကောင်းစေတယ်
- အစာခြေစနစ် ကျန်းမာစေတယ်
- သွေးသန့်စေပါတယ်
[embed-health-tool-bmr]