backup og meta

ငါးကြီးဆီဟာ ကိုယ်အလေးချိန်ကို ကျစေသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ငါးကြီးဆီဟာ ကိုယ်အလေးချိန်ကို ကျစေသလား

    ငါးကြီးဆီကို တစ်နေ့ တစ်လုံး ပုံမှန်သောက်ပေးရင် ကိုယ်အလေးချိန်ကို ကျစေတယ်ဆိုတာနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေ လေ့လာဆန်းစစ်နေကြဆဲပါပဲ။ ယခုအထိ တိုက်ရိုက် ကိုယ်အလေးချိန်ကျစေတယ်လို့တော့ ခိုင်မာတဲ့ သက်သေအထောက်အထားမျိုး မတွေ့ရသေးတဲ့တိုင်အောင် သွယ်ဝိုက်သော နည်းနဲ့ ကိုယ်အလေးချိန်ကို ကျစေနိုင်တယ်ဆိုတာတော့ တွေ့ရပါတယ်။

    ငါးကြီးဆီ ဆိုတာ ဘာလဲ။

    ငါးကြီးဆီကို Omega-3 fatty acid လို့လည်း လူသိများပြီး လူတွေရဲ့ ဦးနှောက်ဉာဏ်ရည်နဲ့ အမြင်အာရုံကို ထက်မြက်စေဖို့နဲ့ အာရုံကြောစနစ် ကောင်းမွန်စေဖို့ အဓိက ကူညီပေးပါတယ်။ တချို့သော အစေ့အဆန်တွေနဲ့ အဆီများတဲ့ ငါးတွေကနေ ငါးကြီးဆီ ရနိုင်သလို ဖြည့်စွက်အားဆေးအနေနဲ့ ထုတ်ထားတာလည်း ဈေးကွက်ထဲမှာ အလွယ်တကူ ရှာဖွေလို့ ရပါတယ်။ ဆေးတောင့် အကြီးကိုမှ အဝါဖျော့ရောင်ရှိပါတယ်။

    ငါးကြီးဆီကို အုပ်စု ၂ စုခွဲရမယ်ဆိုရင်

    ၁။ Essential Omega-3 fatty acid အမျိုးအစား

    ALA (Alpha-linolenic acid) တစ်မျိုးတည်းသာ ဒီအုပ်စုထဲမှာ ပါဝင်ပါတယ်။ ကိုယ်ခန္ဓာက ALA ကို ထုတ်မပေးနိုင်တဲ့အတွက်ကြောင့် အစားအစာနဲ့ ဆေးဝါးကနေသာ ရနိုင်ပါတယ်။ အခွံမာစေ့၊ ချီယာစေ့၊ နှမ်းကြတ်စေ့ အစရှိတဲ့ အစေ့အဆန်တွေကို ဒီအတိုင်း စားသုံးတာ၊ အစေ့အဆန်ကနေ ရတဲ့ ဆီသန့်ကို စားသုံးခြင်းဖြင့်လည်း ALA အမျိုးအစား ငါးကြီးဆီကို ရနိုင်ပါတယ်။

    ၂။ Long-chain Omega-3 fatty acid အမျိုးအစား

    ဒီအုပ်စုထဲမှာ လူသိများတဲ့ အမျိုးအစားတွေကတော့ EPA (Eicosapentaenoic acid) နဲ့ DHA (Docosahexaenoic acid) ပဲ ဖြစ်ပါတယ်။ ကလေးတွေကို တိုက်တဲ့ နို့မှုန့်တွေမှာလည်း DHA ပါသလို အဆီများတဲ့ ငါးတွေ၊ ပင်လယ်စာ၊ ပင်လယ်ရေညှိတွေကနေလည်း ရနိုင်ပါတယ်။ စားသုံးလိုက်တဲ့ အစားအစာထဲက ရတဲ့ ALA ရဲ့ ၂ – ၁၀% ကို ခန္ဓာကိုယ်က EPA နဲ့ DHA အဖြစ်လည်း ဖြိုခွဲပေးပါတယ်။

    ငါးကြီးဆီနဲ့ ကိုယ်အလေးချိန် လျော့ကျခြင်း ဘယ်လိုဆက်စပ်နေလဲ။

    ယခုလက်ရှိအချိန်ထိ လေ့လာချက်တွေအရ ငါးကြီးဆီဟာ ကိုယ်အလေးချိန် လျော့ကျစေဖို့ သွယ်ဝိုက်သော နည်းလမ်းနဲ့ ကူညီပေးနိုင်တယ်ဆိုတဲ့ အဖြေတွေကိုပဲ ရရှိထားပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုရင်

    ၁။ ငါးကြီးဆီဟာ အလွန်အကျွံ စားချင်စိတ်ကို ထိန်းညှိပေးတယ်။

    လူတစ်ယောက်ရဲ့ အစာစားချင်စိတ်ကို လွန်မသွားအောင် ထိန်းပေးလိုက်တဲ့အခါ ထပ်စားချင်တဲ့ စိတ် မဖြစ်တော့ပါဘူး။ ဒီအခါ တစ်ထိုင်တည်းနဲ့ အဆီတွေ၊ ကယ်လိုရီတွေ အများကြီး မစားမိလိုက်တဲ့အတွက် ခန္ဓာကိုယ်က လောင်ကျွမ်းရတာလည်း ပိုလွယ်လို့ ကိုယ်ခန္ဓာထဲမှာ မလိုအပ်တဲ့ အဆီတွေ ပိုကျန်မနေတော့ပါဘူး။ အဆီတွေ နည်းလေ၊ ကိုယ်ခန္ဓာက အဝလွန်ဖို့ ရာခိုင်နှုန်း ပိုနည်းလေပါပဲ။ အထူးသဖြင့် စားချင်စိတ်ကို ထိန်းချုပ်ပေးတာကြောင့် ကိုယ်အလေးချိန် ထိန်းနေသူတွေအတွက်လည်း အဆင်ပြေစေပါတယ်။

    ၂။ ဇီဝကမ္မ ဖြစ်စဉ်တွေကို မြှင့်တင်ပေးတယ်။

    ဇီဝကမ္မဖြစ်စဉ်ဆိုတာ ကျွန်တော်တို့ ကိုယ်ခန္ဓာထဲမှာ ရှိတဲ့ ကလီစာတွေက ကောင်းစွာ ကျန်းမာအသက်ရှင်နေနိုင်ဖို့ နေ့စဉ် လုပ်ဆောင်နေရတဲ့ တာဝန်တွေကို ဆိုလိုတာပါ။ ဒီအချက်ထဲမှာ ကယ်လိုရီ လောင်ကျွမ်းခြင်းဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ငါးကြီးဆီဟာ လူတွေရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေကို မြှင့်တင်ပေးတာကြောင့် ကယ်လိုရီနဲ့ အဆီလောင်ကျွမ်းနှုန်းဟာ ပုံမှန်ထက် ပိုမြန်ဆန်ပြီး ကိုယ်အလေးချိန် လျှော့ချရမှာ သွယ်ဝိုက်သောနည်းနဲ့ ကူညီပေးနိုင်တာကို တွေ့ရပါတယ်။

    ၃။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ပိုကောင်းတဲ့ အာနိသင်ကို ရစေတယ်။

    လေ့ကျင့်ခန်း လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က ကိုယ်တွင်းက ကယ်လိုရီတွေကို လောင်ကျွမ်းစေဖို့၊ နဂိုရှိနေတဲ့ အဆီတွေကို ကြွက်သားအဖြစ် ပြောင်းလဲပေးဖို့ပဲ ဖြစ်ပါတယ်။ ငါးကြီးဆီကို ပုံမှန် သောက်ပေးနေတဲ့ လူတစ်ယောက်က ကယ်လိုရီ လောင်ကျွမ်းနှုန်း ပိုမြန်တာကြောင့် လေ့ကျင့်ခန်းနဲ့ပါ တွဲဖက်ကစားပေးမယ်ဆိုရင် ဝိတ်မြန်မြန် ကျစေနိုင်ပါတယ်။ ဒါ့အပြင် အစာစားချင်စိတ်ကိုလည်း ထိန်းညှိပေးတဲ့အခါ အဆီများတဲ့ အစားအစာတွေထက် ကိုယ့်အတွက် အာဟာရဖြစ်စေမယ့် အာဟာရဖြစ် အစားအစာတွေကို ပိုစားချင်စိတ် ဖြစ်စေပါတယ်။

    ငါးကြီးဆီနဲ့ ပတ်သက်ပြီး တစ်နေ့ တစ်လုံးလောက် သောက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ကိုယ့်အနေနဲ့ ဘယ်လောက်ပမာဏ သောက်သင့်လဲဆိုတာ သေချာ သိချင်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ကျန်းမာရေးစစ်ဆေးမှု ခံယူပြီး ကိုယ့်ကျန်းမာရေးနဲ့ ကိုက်ညီမယ့် အားဆေးပမာဏကို ညွှန်းခိုင်းတာ ပိုအဆင်ပြေပါလိမ့်မယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement