backup og meta

အဝလွန် သူများအတွက် ဆီးချိုထိန်းနည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဝလွန် သူများအတွက် ဆီးချိုထိန်းနည်း

    အဝလွန် တာက ဆီးချိုသွေးချိုရောဂါကို တိုက်ရိုက် ဖြစ်စေတာ မဟုတ်ပေမယ့် ဖြစ်နိုင်ခြေများစေတဲ့ အချက်တစ်ခုပါ။ အထူးသဖြင့် အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါအတွက်ပါ။ ကံကောင်းတာက အဝလွန်တာက ပြုပြင်လို့ရတဲ့ အချက်ပါ။ အဝလွန်တာက ဆီးချိုရောဂါကို ဖြစ်နိုင်ခြေများစေသလို ဖြစ်လာခဲ့ရင်လည်း သွေးတွင်းသကြားဓာတ်ကို ထိန်းရခက်စေတာကြောင့် နောက်ဆက်တွဲတွေ မြန်မြန်ဖြစ်လာနိုင်ပါတယ်။ ဒါနဲ့ ပြောင်းပြန် အဝလွန်တာကို ထိန်းမယ်ဆိုရင်တော့ ဆီးချိုသွေးချိုရောဂါကို ကောင်းကောင်း ထိန်းချုပ်နိုင်မှာပါ။

    အဝလွန် တယ်ဆိုတာ

    အဝလွန်တယ်ဆိုတာကို လူအများရင်းနှီးပြီးသားဖြစ်တဲ့ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း Body Mass Index (BMI)နဲ့ အကြမ်းဖျင်းပြောနိုင်ပါတယ်။

    အရွယ်ရောက်ပြီးသား လူတစ်ယောက်မှာ BMIက ၂၅-၂၉.၉ kg/m2ဆို ဝနေပါပြီ။ ၃၀နဲ့ အထက်ဆိုရင် အဝလွန်တယ်လို့ ယူဆပါတယ်။ ဒီမှာမှ ၃၀-၃၄.၉ ကြားဆို အဝလွန်ခြင်း အဆင့် ၁၊ ၃၅-၃၉.၉ဆို အဝလွန်ခြင်း အဆင့် ၂၊ ၄၀နဲ့ အထက်ဆို အဆင့်၃ဆိုပြီး ထပ်ခွဲထားပါတယ်။

    BMI တစ်မျိုးတည်းနဲ့ဆိုရင် မတိကျမှာစိုးတဲ့အတွက် ခါးဆိုဒ် (ဗိုက်ခေါက်)နဲ့လည်း ထပ်တွက်နိုင်ပါတယ်။ အမျိုးသားတွေမှာ ၈၅ စင်တီမီတာ (၃၃လက်မ) အထက်၊ အမျိုးသမီးတွေမှာ ၇၄-၈၀ စင်တီမီတာ (၂၉-၃၁ လက်မ)အထက်ဆိုရင် အဝလွန်တယ်လို့ သတ်မှတ်နိုင်ပါတယ်။

    အဝလွန် ခြင်းက အမျိုးအစား ၂ဆီးချိုသွေးချိုရောဂါကို ဖြစ်စေနိုင်သလား။

    အဝလွန်ခြင်းက အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါကို တိုက်ရိုက်မဖြစ်စေပေမယ့် ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။  BMIအရ ဝနေတဲ့သူတွေက သာမန်ကိုယ်အလေးချိန်ရှိသူတွေထက် အမျိုးအစား ၂ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေ ၃ဆပိုမြင့်ပါတယ်။

    အဝလွန်တဲ့သူတွေမှာ ပန်ကရိယကထုတ်တဲ့ အင်ဆူလင်ကို ခန္ဓာကိုယ်က ကောင်းကောင်းမတုံ့ပြန်တော့ဘဲ insulin resistance လို့ ခေါ်တဲ့ အင်ဆူလင် မတိုးတော့တဲ့ပြဿနာကို ကြုံရတတ်ပါတယ်။ ဒီလိုနဲ့ အင်ဆူလင်ရှိပေမယ့် သွေးတွင်းသကြားဓာတ်တက်တာ ဖြစ်လာပါတယ်။

    အမျိုးအစား ၂ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ အဝလွန်နေရင် ဘာဆက်ဖြစ်နိုင်လဲ။

    အဝလွန်တာက အမျိုးအစား ၂ဆီးချိုသွေးချိုရောဂါကို ဖြစ်စေနိုင်သလို ဖြစ်လာခဲ့ရင်လည်း နောက်ဆက်တွဲပြဿနာတွေ ဆက်ဖြစ်လာနိုင်ပါတယ်။

    • အဝလွန်တာကြောင့် အင်ဆူလင်မတိုး၊ သွေးတွင်းသကြားဓာတ်တွေတက်ပြီး ဆီးချိုသွေးချို ထိန်းရခက်လာတာကြောင့် နောက်ဆက်တွဲရောဂါတွေ ဖြစ်တဲ့ ကျောက်ကပ်ရောဂါ၊ အာရုံကြောရောဂါ၊ မျက်စိရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
    • အဝလွန်တာက ဆီးချိုရောဂါကိုပဲ ဖြစ်နိုင်ခြေများစေတာမဟုတ်ပါဘူး။ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါတွေကိုပါ ဖြစ်နိုင်ခြေများစေတဲ့အတွက် လူနာအနေနဲ့ ရောဂါ၂မျိုး ၃မျိုး တစ်ခါတည်း ခံစားရနိုင်ပါတယ်။

    အဝလွန်သူတွေမှာ သွေးတွင်းသကြားဓာတ် ဘယ်လိုထိန်းကြမလဲ။

    အဓိက အချက်၂ချက်နဲ့ ထိန်းနိုင်ပါတယ်။ စားသောက်နေထိုင်မှု ပုံစံပြောင်းလဲတာရယ်၊ ဆေးဝါးတွေရယ်ပါ။ ၂ခုလုံးက အဝလွန်တာအတွက်ရော၊ ဆီးချိုသွေးချိုရောဂါအတွက်ပါ အကျိုးရှိစေပါတယ်။

    စားသောက်နေထိုင်မှု ပုံစံပြောင်းလဲတာ

    ကိုယ်အလေးချိန်ကျဖို့ဆိုရင် တစ်ရက်ကို စားနေကျထက် ၅၀၀-၇၅၀ ကီလိုကယ်လိုရီလောက် လျှော့စားရမှာပါ။ ဒါဆိုရင် အကြမ်းဖျင်း အမျိုးသမီးတစ်ယောက်က ၁၂၀၀-၁၅၀၀ ကီလိုကယ်လိုရီ၊ အမျိုးသားတစ်ယောက်က ၁၅၀၀-၁၈၀၀ ကီလိုကယ်လိုရီလောက်ပဲ စားသင့်ပါတယ်။ ကိုယ်အရင်စားနေကျ ပမာဏ၊ နဂိုကိုယ်အလေးချိန်ပေါ်လိုက်ပြီး အတိုးအလျော့ ရှိနိုင်ပါတယ်။

    အချိန်တိုတိုနဲ့ ခပ်မြန်မြန် ကိုယ်အလေးချိန် ချတာထက်စာရင် တစ်ပတ်ကို ၁-၂ပေါင်လောက်ပဲ ချတာက ရေရှည်အတွက် ပိုကောင်းပါတယ်။

    • လေ့ကျင့်ခန်း လုပ်ပါ။

    လေ့ကျင့်ခန်း လုပ်တာက အင်ဆူလင် မတိုးတဲ့ ပြဿနာကို လျော့ကျစေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ကြွက်သားတွေက သွေးထဲက ပိုလျှံနေတဲ့ သကြားဓာတ်တွေကို ယူသုံးပစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကနေ သကြားဓာတ်ကို အဆီအဖြစ်သိုလှောင်တာလည်း နည်းသွားပါတယ်။ ဆိုလိုတာက လေ့ကျင့်ခန်း လုပ်တဲ့သူတွေက ဝိတ်ကျတဲ့အပြင် ပိုပြီး ဝလာတာလည်း မရှိတော့ပါဘူး။ တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀လောက် သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးဖို့ လိုပါတယ်။

    • အိပ်ရေးဝအောင် အိပ်ပါ။

    အဝလွန်စေတဲ့ ပတ်ဝန်းကျင် အခြေအနေကို “obesogenic environment” လို့ခေါ်ပါတယ်။ ဒီထဲမှာ အဝလွန်ခြင်းကို ထိန်းထားတဲ့ တခြားအချက်တွေဖြစ်တဲ့ ဟော်မုန်း မညီမျှမှုတွေ၊ ထိန်းမရအောင် စားတာတွေ ပါဝင်ပါတယ်။ ဥပမာ နောက်ကျမှအိပ်တယ် ဒါမှမဟုတ် အိပ်ချိန် နည်းလွန်းတယ်ဆိုရင် ဟော်မုန်း မညီမျှမှု ဖြစ်ပြီး ghrelin ဆိုတဲ့ ဆာလောင်စေတဲ့ ဟော်မုန်းထွက်လာပါတယ်။ ဒီကနေမှ အမြဲလိုလို ဆာလောင်နေပြီး စားချင်နေတဲ့ ခံစားချက်မျိုး ရလာတာကြောင့် အဝလွန်လာပါလိမ့်မယ်။

    ဆေးဝါးများ

    ဆေးဝါးတွေမှာ အဓိကကတော့ သွေးတွင်းသကြားဓာတ်ထိန်းပေးနေတဲ့ ဆေးတွေပါပဲ။ ဆီးချိုသွေးချိုဆေးတွေမှာ ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး ကိုယ်အလေးချိန်တက်စေတဲ့ ဆေး၊ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှု မရှိတဲ့ဆေး၊ ကိုယ်အလေးချိန် ကျစေတဲ့ ဆေးဆိုပြီး ရှိပါတယ်။

    • ကိုယ်အလေးချိန်တက်စေတဲ့ ဆေး

    အင်ဆူလင်က အမျိုးအစား ၁ရော အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါမှာရော သုံးနိုင်တဲ့ ဆေးပါ။ သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်းထိန်းနိုင်ပေမယ့် ဝစေတဲ့ ဘေးထွက်ဆိုးကျိုးတော့ ရှိပါတယ်။ ဒါ့ပြင် သွေးတွင်းသကြားဓာတ်ကို အလွန်အမင်းကျဆင်းတာဖြစ်နိုင်လို့ လူနာတွေက ကြောက်ပြီး အစားပိုစားကြတာတွေကြောင့်လည်း ပါပါတယ်။

    Sulfonylureas (gliclazide, glipizide) ကလည်း အင်ဆူလင်ကို ထွက်စေတဲ့ insulin secretagogues တွေ ဖြစ်တဲ့အတွက် အင်ဆူလင်ထိုးသလိုမျိုးပဲ ဝလာနိုင်ပါတယ်။ Thiazolidediones (rosiglitazone, pioglitazone) ကလည်း ကိုယ်အလေးချိန်တက်စေနိုင်တဲ့ ဆီးချိုသွေးချို ထိန်းဆေးပဲ ဖြစ်ပါတယ်။

    ဒါကြောင့် အဝလွန်တဲ့သူတွေမှာ ဒီဆေးတွေကို တတ်နိုင်သလောက် မပေးဘဲ တခြားဆေးတွေနဲ့ အစားထိုးကြပါတယ်။ မဖြစ်မနေပေးဖို့ လိုလာရင်လည်း ဆေးပမာဏကို သေချာချိန်တာ၊ လူနာကို စားသောက်နေထိုင်မှုပုံစံ ဖိဖိစီးစီး ပြောင်းခိုင်းတာတွေ လုပ်ရပါတယ်။

    • ကိုယ်အလေးချိန်အပေါ် သက်ရောက်မှု မရှိတဲ့ဆေး

    မက်ဖော်မင်နဲ့ dipeptidyl peptidase-4 inhibitors (sitagliptin, vilgliptin) တို့ကတော့ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှု မရှိပါဘူး။

    • ကိုယ်အလေးချိန် ကျစေတဲ့ ဆေး

    Glucagon-like peptide-1 receptor agonists (Liraglutide) နဲ့ Sodium glucose cotransporter 2 inhibitors (-gliflozin) တွေကတော့ ကိုယ်အလေးချိန်ကို ကျစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဝလွန်နေတဲ့ ဆီးချိုသွေးချိုလူနာတွေအတွက်ဆို တစ်ချက်ခုတ် နှစ်ချက်ပြတ် ဒီလိုဆေးမျိုးတွေကို ဦးစားပေးရွေးချယ်ကြပါတယ်။

    Liraglutide ဆိုရင် ဆီးချိုသွေးချိုလူနာတွေမှာ ကိုယ်အလေးချိန်ချဖို့ ဆေးအနေနဲ့ သုံးပါတယ်။ ထိုးဆေးအမျိုးအစားဖြစ်ပြီး တစ်နှစ်ကို ၆ကီလိုဂရမ် (၁၃ပေါင်ကျော်) လောက်ကျတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။

    အဝလွန်တာက ပြုပြင်လို့ရတဲ့ ကျန်းမာရေးပြဿနာပါ။ အဝမလွန်အောင် ထိန်းမယ် ဒါမှမဟုတ် ကြိုးစားပမ်းစားနဲ့ ကိုယ်အလေးချိန်ချမယ်ဆိုရင် အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်သလို ဖြစ်ပြီးသား သူတွေမှာလည်း နောက်ဆက်တွဲ ရောဂါတွေ ဖြစ်မလာအောင် ကာကွယ်နိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement