backup og meta

အချဉ်တွေစားရင် ကျန်းမာတယ် ဆိုတာ မှန်ရဲ့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 26/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အချဉ်တွေစားရင် ကျန်းမာတယ် ဆိုတာ မှန်ရဲ့လား

    အစားအသောက်ဆိုတာ တန်ရင်ဆေး လွန်ရင်ဘေးပါ။ ဘယ်အစားအစာမဆို လိုအပ်တာထက်ပိုပြီး မှီဝဲမိရင် ဘေးဖြစ်တတ်ပါတယ်။ ဒီလိုပါပဲ တချို့က အချဉ်နှစ်သက်တတ်ကြတယ်။ အချဉ်တွေ စားရင် ဗီတာမင် C ရနိုင်တယ်၊ ကိုယ်ခံအားကောင်းမယ်ကျန်းမာတယ် ပေါ့။ ဒီလိုဆိုတော့ အချဉ်တွေစားရင် ကျန်းမာတယ် ဆိုတာ မှန်ရဲ့လား ဆိုတာကို လေ့လာလိုက်ရအောင်နော်။

    ဒါပေမယ့် အချဉ်ဆိုတာကလည်း စားတိုင်းမကောင်းပါဘူး။ ကျန်းမာရေးကို ထိခိုက်စေနိုင်တာတွေလည်း ရှိပါတယ်။ ချဉ်တဲ့အစားအစာတွေဆိုတာက အက်စစ်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေ၊ ခရမ်းချဉ်သီး၊ ဆိုဒါတို့လိုအရာတွေနဲ့ Citrus ပါဝင်တဲ့သစ်သီးတွေ၊ အချဉ်ထုပ်တွေအထိ အကုန်လုံးအကျုံးဝင်ပါတယ်။

    အချဉ်စားရင် ကိုယ်အလေးချိန်ကျတယ်ဆိုတဲ့ ယုံကြည်ချက်ကလည်း ရှိနေတော့ တချို့က အချဉ်ဆိုတာနဲ့ အလွန်အမင်းစားတတ်ကြပါတယ်။ တကယ်တမ်းမှာတော့ အချဉ်ဓာတ်များတဲ့အစားအစာတွေကို လွန်လွန်ကဲကဲမှီဝဲတဲ့အခါမျိုးမှာ အစာခြေရည်ပျို့တက်တာ၊ ရင်ပူတာနဲ့ ဗိုက်အောင့်ဗိုက်နာတာတွေဖြစ်နိုင်ပါတယ်။

    ဒါတွေတင်မကပါဘူး။ အချဉ်ဓာတ်များတဲ့အစားအစာတွေကို ကြိုက်နှစ်သက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နေ့စဉ်ရက်ဆက် အများအပြားစားသောက်မှီဝဲနေမယ်ဆိုရင် သင့်ရဲ့သွားနဲ့ခံတွင်းကျန်းမာရေးကိုပါ ထိခိုက်လာမှာပါ။

    အချဉ်တွေစားရင် ကျန်းမာတယ် ဆိုတာ မှန်ရဲ့လား

    အချဉ်တွေစားရင် ကျန်းမာတယ် ဆိုတာ မှန်ရဲ့လား ဆိုတော့ များသောအားဖြင့် အချဉ်ဓာတ်ကြွယ်ဝတဲ့သစ်သီးတွေဟာ ဗီတာာမင် C ဓာတ်ကြွယ်ဝပြီး ကိုယ်ခံအားကို တိုးတက်စေတာမို့ လူကြိုက်များတဲ့ အစားအစာတွေဖြစ်ပါတယ်။ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်ပမာဏကို ဖြည့်ဆည်းနိုင်ရုံမှီဝဲတာ ပြဿနာမဟုတ်ပေမယ့် လွန်လွန်ကဲကဲဖြစ်လာရင်တော့ ပြဿနာရှိလာပါပြီ။

    • သွားရဲ့ကြွေလွှာပျက်ယွင်းမယ် – အချဉ်ဓာတ်၊ အက်ဆစ်ဓာတ်ပါဝင်တဲ့ Citrus foods တွေတိုင်းဟာ လိုအပ်တာထက်ပိုပြီး စားသုံးရင် သွားကိုထိခိုက်စေပါတယ်။ သွားရဲ့ကြွေထည်လွှာကို လျင်လျင်မြန်မြန် ပျက်ယွင်းစေမှာဖြစ်ပြီး အချိန်ကြာမြင့်လာတာနဲ့အမျှသွားဟာ ကြမ်းတမ်းလာတာ၊ မလှပတော့တာမျိုးတွေဖြစ်လာစေပါလိမ့်မယ်။ အရွယ်အစားနဲ့ပုံပန်းသဏ္ဍာန် မညီမျှတော့တာတွေလည်းဖြစ်လာစေမှာပါ။
    • သွားကြံ့ခိုင်မှုကျဆင်းမယ် – အချဉ်တွေ အရမ်းစားမိရင် သွားကျိန်းတာမျိုး လူတိုင်းခံစားမိကြမှာပါ။ ဒီလိုသွားကျိန်းတာမျိုး မကြာခဏဖြစ်လာမယ်ဆိုရင် သင့်ရဲ့သွားဟာ ပြဿနာရှိလာနေပြီဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
    • အစာအိမ် – အစာမရှိချိန်မှာ အချဉ်စာတွေကို မှီဝဲမိမယ်ဆိုရင် အစာအိမ်ထဲမှာ အက်စစ်ဓာတ်ပမာဏတိုးမြင့်သွားတတ်ပြီး ရင်ပူတာ၊ အစာမကျေတာတွေ၊ အစာခြေရည်ပျို့တက်တာတွေ ဖြစ်တတ်ပါတယ်။
    • အက်ဆစ်ဓာတ် မညီမျှတာ – အချဉ်တွေလိုအပ်တာထက်ပိုပြီး မှီဝဲမိနေမယ်ဆိုရင် ခန္ဓာကိုယ်မှာ အက်ဆစ်ဓာတ် မညီမျှမှုလည်း ဖြစ်နိုင်ပါတယ်။

    အချဉ်ဓာတ် ပါဝင်တဲ့ အစားအစာတွေကို မှီဝဲစားသောက်ကြရတဲ့ အဓိကအချက်ကတော့ အက်ဆစ်ဓာတ်ကို သဘာဝအတိုင်းဖြည့်ဆည်းပေးဖို့ဖြစ်ပါတယ်။ ဒါကြောင့် လွန်ကဲစွာ မှီဝဲတာက ဘေးသင့်စေမယ်ဆိုတာကို နားလည်ကြမယ်ထင်ပါတယ်။

    အိပ်ရာဝင်ခါနီးမှာ အချဉ်စာတွေ အလွန်အကျွံ စားတဲ့အခါ

    ယေဘုယျအားဖြင့်ဆိုရင် ညမိုးချုပ်ချိန်မှာ အစားမစားတာက ကောင်းမွန်တဲ့ အလေ့အထဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချဖို့၊ တစ်နေကုန် လန်းဆန်းကျန်းမာနေဖို့နဲ့ အိပ်စက်ရာမှာ နှစ်ခြိုက်စွာ အိပ်စက်နိုင်စေဖို့ ညစာကို အိပ်ချိန်နဲ့ ခပ်ခွာခွာလေး စားသင့်ပါတယ်။

    အချဉ်ဓာတ် ပါဝင်တဲ့ အစာပြေစာတွေကို ရှောင်ကြဉ်သင့်ပေမယ့် ဗီတာမင် C ပါဝင်တဲ့ သစ်သီးဝလံတွေကို စားတာမျိုးကိုတော့ အတန်အသင့်ပြုလုပ်လို့ရပါတယ်။ အလွန်အကျွံစားတာမျိုးကိုတော့ လုံးဝရှောင်ကြဉ်သင့်ပါတယ်။

    Citric acid ပါဝင်နေတဲ့အချဉ်စာတွေကို အိပ်ချိန်နဲ့ နီးကပ်နေချိန်မှာ စားသောက်မှီဝဲတာက အစာအိမ်အချဉ်ပေါက်တာမျိုးဖြစ်စေနိုင်ပါတယ်။ အိပ်ပျော်နေစဉ် ၆-၇ နာရီလောက်အတွင်းမှာ အချဉ်ပေါက်တာမျိုးဖြစ်တတ်ပါတယ်။

    ဒါကြောင့် တချို့တွေဟာ မနက်ပိုင်းတွေမှာ အစာခြေရည်တွေ အော့အန်တာမျိုး ကြုံရတတ်တာဖြစ်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး ကိုယ်ခံအားစနစ်နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံချင်းမတူညီတာမို့ ဖြစ်နိုင်ခြေလည်း ကွာဟပေမယ့် ငါ့မှာတော့ ဖြစ်မှာမဟုတ်ပါဘူးလို့ ယတိပြတ်ယုံကြည်မှုထားလို့တော့ မရပါဘူး။

    ဒါ့အပြင် တစ်ချို့သော အသက်အရွယ်အပိုင်းအခြားတွေမှာဆိုရင်လည်း အိပ်ယာဝင်ခါနီး အချဉ်စားတာဟာ အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါသေးတယ်။ အထူးသဖြင့် လူကြီးတွေမှာပါ။

    နောက်ထပ်ဖြစ်နိုင်တာကတော့ အစာခြေပြဿနာပါပဲ။ ချဉ်တဲ့ စပ်တဲ့ အစားအစာတွေဟာ အလွန်အကျွံစားသုံးမိရင် ဗိုက်အောင့်တာတွေ၊ ဗိုက်နာတာတွေ ဖြစ်စေနိုင်တာကိုလည်း မမေ့သင့်ပါဘူး။ ချောင်းဆိုးတဲ့ ဝေဒနာကိုလည်း ဖြစ်စေနိုင်ပါတယ်။

    နောက်ထပ် သိထားသင့်တဲ့အချက်က အိပ်ရာဝင်ခါနီး အချဉ်စားပေးတာဟာ ကိုယ်အလေးချိန်ကျဆင်းမှုကို အထောက်အကူမပြုဘူးဆိုတာပါပဲ။ လူအတော်များများက အိပ်ရာဝင်ခါနီး အချဉ်စာတွေစားပေးရင် ကိုယ်အလေးချိန်ကျဆင်းနိုင်တယ်လို့ ယုံကြည်မှုရှိထားကြပေမယ့် ဒီနှစ်ခု ဆက်စပ်မှုမရှိပါဘူး။ ဒါကြောင့် အိပ်ရာဝင်ခါနီးမှာ ဘာမှမစားတာအကောင်းဆုံးပါပဲ။

    အိပ်ခါနီးမှာ အစာစားတာဟာ လည်ချောင်းအတွင်းမှာ ချွဲတွေကို ခဲနေစေတတ်တာကြောင့် ပင်ပန်းနွမ်းနယ်တာတွေ၊ မောပန်းနွမ်းလျတာတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အာဟာရဗေဒပညာရှင်တွေက အိပ်ချိန်နားကပ်နေရင် ချို၊ ချဉ်၊ ငံ၊ ခါး ဘာမှမစားဖို့ လမ်းညွှန်ကြတာပါ။

    အကောင်းဆုံးကတော့ အိပ်ရာဝင်ချိန်ခါနီးမှာ အချဉ်ဓာတ်ပါဝင်တဲ့ အစားအစာတွေနဲ့ သစ်သီးတွေကို အနည်းငယ်သာစားသုံးဖို့နဲ့ နေစဉ်အချဉ်ဓာတ်ပါဝင်တဲ့အစားအစာတွေကို လွန်လွန်ကဲကဲ မစားသောက်မိစေဖို့ ဂရုစိုက်စေလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 26/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement