မိုးဦးကျမှာ အလေ့ကျပေါက်လာလေ့ရှိတဲ့ ဒန့်ကျွဲရွက်လေးကို သုပ်စားတာ၊ တို့စားတာက မိုးရာသီရဲ့ ခံတွင်းတွေ့စရာ ရာသီစာလေး တစ်မျိုးပါ။ မိုးကျလက်ဖက်သုပ်လေး ဆိုပြီး မြေပဲလေး၊ ပုစွန်ခြောက်လေးထောင်း၊ ကြက်သွန်စိမ်း၊ ငရုတ်သီးစိမ်းလေးကို ဆီချက်မွှေးမွှေးလေးနဲ့ သံပုရာရည်နိုင်နိုင်လေးထည့်ပြီး သုပ်စားမယ်ဆိုရင် အရမ်းစားကောင်းတဲ့ ရာသီစာလေးပါ။
၁၉၉၀ ခုနှစ်ပိုင်းတွေတုန်းကဆိုရင် တောင်းလေးတွေ ခေါင်းပေါ်ရွက်ရင်း မိုးကျလက်ဖက်သုပ်လေး စားကြဦးမလားဆိုပြီး ရောင်းတာမျိုးတောင် ရှိခဲ့ဖူးပါတယ်။ မိုးကျလက်ဖက်သုပ် ချဉ်ငန်စပ်လေးကို ရေနွေးပူပူလေးနဲ့ တွဲစားလိုက်ရတဲ့ အရသာက မိုးအေးအေးမှာ အတော်လေး ပြည့်စုံတဲ့အရသာပါ။
ဒီလို စားကောင်းတဲ့ မိုးကျလက်ဖက်သုပ်လေး သုပ်စားတဲ့ ဒန့်ကျွဲရွက်က ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။
ဒန့်ကျွဲရွက်ဆိုတာ
ဒန့်ကျွဲရွက် ဆိုတာ အလေ့ကျပေါက်လေ့ရှိတဲ့ အပင်ငယ်လေး တစ်မျိုးပါ။ အရွက်လေးတွေက အစုံလိုက် ထွက်တတ်ပြီး ရိုးတံကလည်း အစိမ်းရောင် ခပ်ပျော့ပျော့လေးပါ။ ရိုးတံတစ်ခုမှာ အရွက်လေးတွေက ၃ စုံ ၄စုံလောက် ထွက်တတ်ပါတယ်။ မိုးကျလာပြီဆိုရင် ကန်ဘောင်ရိုး၊ စွတ်စိုတဲ့မြေတွေမှာ အလေ့ကျ ပေါက်လာတတ်ပါတယ်။ အပွင့်ဝါဝါလေးတွေ ပွင့်တတ်ပါတယ်။
အမြင့်က ၇၅ စင်တီမီတာကနေ စင်တီမီတာ ၁၀၀ လောက်ပဲ မြင့်ပါတယ်။ အရွက်လေးတွေက ရွက်ပြားနည်းနည်းလေး ကြီးပေမယ့် နုနုလေးတွေပါ။
မိုးကျလက်ဖက်သုပ်လေး ကပေးတဲ့ ကျန်းမာရေး
ဒန့်ကျွဲရွက် လေးတွေကို တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ်လောက် စားသုံးပေးတာက ကျန်းမာစေနိုင်မှာပါ။ ဒီလို ပြောရတာက ဒန့်ကျွဲရွက် က အခုလို ကျန်းမာရေးကို အကျိုးပြုနိုင်လို့ပါ။
- ကပ်ပါးပိုးတွေကို တိုက်ဖျက်ပေးတယ်။
- ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။
- ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးတယ်။
- သန်ကျစေနိုင်တယ်။
- ငှက်ဖျား ကာကွယ်ပေးတယ်။
- ကူးစက်နိုင်တဲ့ ပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးတယ်။
- သွေးသန့်စေနိုင်တယ်။
- အသည်း ကျန်းမာစေနိုင်တယ်။
- ဝမ်းမှန်စေနိုင်တယ်။
- အစာအိမ် ကျန်းမာစေတယ်။
- အရေပြား ကျန်းမာစေတယ်။
- အနာ သက်သာစေနိုင်တယ်။
- ချောင်းဆိုး ပျောက်စေတယ်။
- ခေါင်းကိုက် သက်သာစေနိုင်တယ်။
- သွေးပေါင်ကျတာ သက်သာစေနိုင်တယ်။
- နှင်းခူ သက်သာစေနိုင်တယ်။
- ရေယုန် သက်သာစေနိုင်တယ်။
- အဖျားကျစေနိုင်တယ်။
- ပျားတုပ်ခံရတာကို သက်သာစေနိုင်တယ်။
- ဝမ်းပျက်ဝမ်းလျှော သက်သာစေနိုင်တယ်။
- ဝဲ သက်သာစေနိုင်တယ်။
- အိပ်ပျော်စေတယ်။
- ကြွက်နို့ သက်သာစေနိုင်တယ်။
- အနာစိုတွေ သက်သာစေနိုင်တယ်။
- ပြည်တည်နာတွေ သက်သာစေတယ်။
- ရာသီသွေး မှန်စေနိုင်တယ်။
- အနာကြီးရောဂါ သက်သာစေနိုင်တယ်။
- မျိုးဆက်ပွား ကျန်းမာရေး ကောင်းစေတယ်။
- လေထိုးလေအောင့် သက်သာစေနိုင်တယ်။
ကဲ ….. စားလို့ ကောင်းတဲ့ မိုးကျလက်ဖက်သုပ်လေး စားရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူး ရယူလိုက်ပါ။ ဒန့်ကျွဲရွက် ကို စားပေးလို့ ရသလို အရွက်၊ အရိုး သတ္တုရည်တွေကို အရေပြားပြဿနာတွေ အတွက် သုံးပေးလို့ ရသလို အမြစ်ကိုလည်း သုံးပေးလို့ ရပါတယ်။ အရွက်ကို တို့စားတာအပြင် ပြုတ်ရည်ကို သောက်ပေးလို့လည်း ရပါတယ်။
ဘာတွေ သတိထားရမလဲ!
ရောဂါအခံ ရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အရင် တိုင်ပင်စေချင်ပါတယ်။ နောက်တစ်ချက် သတိပေးချင်တာက ဒန့်ကျွဲရွက်က ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုပေမယ့် တန်ဆေး လွန်ဘေးဆိုတဲ့အတိုင်း အများကြီးစားတာမျိုး မလုပ်ဖို့ပါ။ သင့်တင့်တဲ့ ပမာဏလေးကိုပဲ စားသုံးဖို့ အကြံပြုပါရစေ။
[embed-health-tool-bmr]