backup og meta

ရေနွေးကြမ်းက ဆေးဖက်ဝင်တယ်ဆိုသော်ငြားလည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေနွေးကြမ်းက ဆေးဖက်ဝင်တယ်ဆိုသော်ငြားလည်း

    ရေနွေးကြမ်းက မြန်မာလူမျိုး တော်တော်များများ နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးလေ့ရှိတဲ့ သောက်စရာ တစ်ခုပါ။ ဧည့်သည် လာလာ၊ နေ့ခင်း အပျင်းပြေ တစ်ခုခု စားရင်းဖြစ်ဖြစ်၊ မိသားစု စကားဝိုင်းဖွဲ့ကြတဲ့အခါမှာဖြစ်ဖြစ် ရေနွေးကြမ်းကို သောက်လေ့ရှိပါတယ်။

    ဒီလို သောက်လေ့ရှိတဲ့ ရေနွေးကြမ်းက ကျန်းမာရေး အကျိုးကျေးဇူးတွေ အတော်လေးတော့ များတာပါ။ ဒီလို အကျိုးကျေးဇူးများတဲ့ ဆိုတဲ့ ရေနွေးကြမ်းကို အပန်းလည်း မကြီးဘဲ ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း များတယ်ဆိုပြီး အများကြီး သောက်မိနေတဲ့ သူတွေများ ရှိလား …… ဒါဆိုရင်တော့ တန်ဆေး လွန်ဘေးဆိုတဲ့ စကားလေးကို သတိရစေချင်ပါတယ်။

    ဒီတစ်ခေါက်တော့ ရေနွေးကြမ်း အများကြီး သောက်တာက ကျန်းမာရေးကို ဘယ်လို ထိခိုက်စေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    ရေနွေးကြမ်းက ဆေးဖက်ဝင်တယ်ဆိုသော်ငြားလည်း

    ရေနွေးကြမ်းသောက်တာက အသားအရေကစလို့ ခန္ဓာကိုယ်ကို နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးတယ်ဆိုတာကို တော်တော်များများ သိထားပြီး ဖြစ်မှာပါ။ ဒီလို ကျန်းမာရေးအတွက် အကျိုးများတဲ့ ရေနွေးကြမ်းကို လိုတာထက် ပိုသောက်မယ်ဆိုရင်တော့ ကျန်းမာရေးအပေါ်မှာ အခုလို သက်ရောက်မှုလေးတွေ ရှိလာနိုင်ပါတယ်။

    နှလုံးခုန် မြန်စေမယ်

    ရေနွေးကြမ်းက ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်သုပ်တို့ထက် ကဖင်း ပါဝင်မှု နည်းတယ်ဆိုပေမယ့် အလွန်အကျွံ သောက်သုံးမိမယ်ဆိုရင်တော့ နှလုံးခုန် မြန်တာကို ခံစားရနိုင်သလို သွေးတိုးတာကိုပါ ခံစားရနိုင်ပါတယ်။ ဒီအခြေအနေက နှလုံးရောဂါ အခံရှိသူတွေမှာ အန္တရာယ်များတဲ့ အခြေအနေ တစ်ရပ်ပါ။

    ဒါ​ကြောင့် သွေးတိုးရောဂါရှိမယ်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါ ရှိမယ်။ နှလုံးရောဂါ တစ်ခုခုကို ခံစားနေရမယ်ဆိုရင် အများကြီး မသောက်တာက အကောင်းဆုံးပါ။

    စိတ်ဖိစီးစေမယ်။ စိုးရိမ်စိတ် များစေမယ်။

    ရေနွေးကြမ်း တစ်ခွက်လောက် သောက်တာက စိတ်ဖိစီးမှုကို ပြေလျော့စေတယ်ဆိုပေမယ့် တစ်နေ့ကို ရေနွေးကြမ်း ၂ အိုးလောက် ကုန်အောင် သောက်သုံးတာကတော့ စိတ်ဖိစီးမှု ပိုများစေပြီး စိုးရိမ်ပူပန်စိတ်တွေ ပိုခံစားရစေနိုင်ပါတယ်။

    အကြောင်းကတော့ သွေးကြောထဲမှာ ကဖင်းဓာတ် လွန်ကဲတာက အက်ဒရီနယ် ဂလင်းတွေကို စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ norepinephrine၊ adrenaline နဲ့ cortisol ဟော်မုန်းတွေ ပိုမို ထွက်ရှိစေတာကြောင့်ပါ။

    သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းမယ်

    ရေနွေးကြမ်း အများကြီး သောက်သုံးတာက ခန္ဓာကိုယ်ရဲ့ အစားအစာတွေမှာပါတဲ့ သံဓာတ်စုပ်ယူမှုကို အဟန့်အတား ဖြစ်စေပြီး သွေးနီဥဆဲလ် ဖြစ်ပေါ်မှု နည်းပြီး မလုံလောက်မှုကြောင့်  သွေးအားနည်းရောဂါ ဖြစ်စေနိုင်ပါတယ်။

    အစားစားပြီးချိန်မှာ ရေနွေးကြမ်း သောက်တာက အူနံရံတွေက သံဓာတ် မစုပ်ယူနိုင်အောင် ဖြစ်စေတာကြောင့် သွေးအားနည်းစေနိုင်ပါတယ်။ သံဓာတ် ချို့တဲ့မှုကြောင့် သွေးအားနည်းတဲ့အခါ ညီးစီစီ ဖြစ်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ အသားအရောင် ဖျော့တော့တာ၊ ခြေဖျားလက်ဖျားတွေအေးတာ၊ အသက်ရှူတာ ပြတ်တောင်းပြတ်တောင်း ဖြစ်တာ၊ ရင်ဘတ်အောင့်တာ၊ နှလုံးခုန် မြန်တာတွေ ခံစားရနိုင်ပါတယ်။

    ဝမ်းပျက်ဝမ်းလျှော ဖြစ်မယ်။

    ရေနွေးကြမ်း အလွန်အကျွံ သောက်သုံးတဲ့အခါ ကိုယ်ထဲမှာ tannins လို့ခေါ်တဲ့ အပင်ကနေရတဲ့ ဒြပ်ပေါင်းတွေ များတာကြောင့် ခံတွင်းခြောက်တာ၊ အော့အန်တာ၊ ဗိုက်အောင့်တာ၊ မအီမသာ ဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

    ကဖင်းမှာ ဝမ်းပျော့စေတဲ့ အာနိသင်ရှိတာကြောင့် အလွန်အကျွံ သောက်မိတဲ့အခါ ဝမ်းပျက်ဝမ်းလျှောတာမျိုး ခံစားရနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာကြောင့် ကိုယ်တွင်းက ရေဓာတ် ဆုံးရှုံးမှုက ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေနိုင်ပါတယ်။

    အိပ်မပျော်တာမျိုး ဖြစ်မယ်

    ကဖင်း လွန်ကဲမှုက အိပ်စက်မှုကို ထိခိုက်စေနိုင်ပါတယ်။ အိပ်ရာမဝင်ခင်မှာ ရေနွေး​ကြမ်း သောက်မိတာက ဆီးခဏခဏ ထသွားရစေနိုင်တာကြောင့် အိပ်ရေးပျက်စေနိုင်ပါတယ်။

    ကဖင်းကလည်း အိပ်စက်မှုကို ထိခိုက်စေနိုင်ပြီး နေ့စဉ် လုပ်ဆောင်မှုတွေကို ထိခိုက်စေနိုင်ပါတယ်။

    အသည်း ထိခိုက်စေမယ်

    ရေနွေးကြမ်းက အလွန်အကျွံသောက်သုံးမယ်ဆိုရင် အသည်းထိခိုက်တာ၊ အသည်းရောဂါတွေကို ခံစားရစေနိုင်ပါတယ်။ အသည်းမှာ ကဖင်းတွေ စုပုံလာတာက အသည်းကို ထိခိုက်စေနိုင်ပါတယ်။

    ဒါကြောင့် တစ်နေ့တာမှာ ရေနွေးကြမ်း ၄ ခွက် ထက် ပိုမသောက်သင့်ပါဘူး။

    အရိုး ထိခိုက်စေမယ်

    ရေနွေးကြမ်း အလွန်အကျွံသောက်တာက အရိုးပွတာ၊ အရိုးကျိုးလွယ်တာတွေ ခံစားရစေနိုင်ပါတယ်။ အကြောင်းကတော့ ရေနွေးကြမ်းမှာပါတဲ့ ဒြပ်ပေါင်းတွေက ကယ်လ်ဆီယမ် စုပ်ယူမှုကို ဟန့်တားနေတာကြောင့်ပါ။

    တစ်နေ့တာမှာ ရေနွေးကြမ်း ၄ ခွက် ထက် ပိုသောက်မယ်ဆိုရင် အရိုးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    ရေနွေးကြမ်းက ဆေးဖက်ဝင်တယ်ဆိုသော်ငြားလည်း အခုလိုမျိုး ထိခိုက်မှုတွေ ရှိစေနိုင်တာကြောင့် သတိထား သောက်သုံးစေချင်ပါတယ်။

    တစ်နေ့တာ သောက်သုံးသင့်တဲ့ ရေနွေးကြမ်း ပမာဏက ဘယ်လောက်လဲ…..

    ရေနွေးကြမ်းကို ကျန်းမာရေး အထောက်အကူပြုစေပြီး ကျန်းမာရေးကို ထိခိုက်မှု မရှိစေဖို့ဆိုရင် တစ်နေ့ကို ရေနွေးကြမ်း ၃ ခွက် အများဆုံး ၄ ခွက်အထိ ပဲ သောက်သင့်ပါတယ်။

    ရောဂါအခံ တစ်ခုခုရှိမယ်ဆိုရင်တော့ တစ်နေ့ကို ၁ ခွက် ဒါမှမဟုတ် ၂ ခွက်လောက်ပဲ သောက်သုံးသင့်ပါတယ်။

    ကိုယ်ဝန်ဆောင်မေမေတွေနဲ့ နို့တိုက်မိခင်တွေအနေနဲ့ကတော့ တစ်နေ့ကို ၂ ခွက်ပဲ သောက်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement