backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ငှက်ပျောဖူး ကြိုက်ကြလား..............

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ငှက်ပျောဖူး ကြိုက်ကြလား..............

ငှက်ပျောဖူးကို သနပ်စုံသုပ်တွေထဲမှာ အများဆုံး စားမိနိုင်ပါတယ်။ ငှက်ပျောဖူးက သုပ်စားလို့ရသလို ငါးနဲ့ချက်စားတာ။ အရွယ်တော်လေး တုံးပြီး မုန့်နှစ်နဲ့စိမ်လို့ အကြွပ်ကြော်စားတာတွေပါ လုပ်စားလို့ ရပါသေးတယ်။

ဝါးရတာ အရသာရှိလှတဲ့ ငှက်ပျောဖူးကို လေချုပ်မှာစိုးလို့ မစားတဲ့သူ များပေမယ့် ငှက်ပျောဖူးက အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ပေးစွမ်းပါတယ်။

ငှက်ပျောဖူး ဆိုတာ

ငှက်ပျောဖူး ဆိုတာက ငှက်ပျောပင်ရဲ့ အဖူးပါ။ ငှက်ပျောသီး နုနုလေးတွေ စီနေတဲ့အရာပေါ့။ အပေါ်ခွံက နီနီရဲရဲလေးပါ။ တကယ်ကတော့ ငှက်ပျောပင်ရဲ့ ပန်းပေါ့။

ငှက်ပျောဖူးကို ပြုတ်ပြီး တို့စားကြသလို သနပ်သုပ် လုပ်စားတာ၊ အချဉ်စိမ်စားတာ၊ သုပ်စားတာဆိုပြီး အမျိုးမျိုး လုပ်စားလို့ရပါတယ်။

ငှက်ပျောဖူး ကြိုက်ကြလား…………..

စားရတာ အရသာရှိတဲ့ ငှက်ပျောဖူးလေးက

ကူးစက်ရောဂါတွေကို ကာကွယ်ပေးတယ်။

ငှက်ပျောဖူးမှာ ethanol ပါဝင်နေတာကြောင့် ဘက်တီးရီးယားတွေ ပေါက်ဖွားတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အနာကျက်စေနိုင်သလို ကူးစက်တတ်တဲ့ ရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတယ်။

ငှက်ပျောဖူးက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုရှိသူတွေ စားပေးလို့ရပါတယ်။

နောက်ထပ် အကျိုးကျေးဇူး တစ်ရပ်က ဟီမိုဂလိုဘင် ပမာဏကို မြင့်တက်စေတာကြောင့် သွေးနီဥဆဲလ် ထုတ်လုပ်မှုကို တိုးစေပါတယ်။ သွေးအားနည်းရောဂါ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

နို့ထွက်များစေတယ်

နို့တိုက် မေမေတွေ နို့ထွက်များစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒါတင်မကသေးပါဘူး။ ငှက်ပျောဖူးက သွေးတအားဆင်းတာ၊ ကိုယ်ဝန်ဆောင်စဉ် ဝမ်းချုပ်တာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ သားအိမ်ကိုလည်း ကျန်းမာစေပါတယ်။ အမျှင်ဓာတ် ကြွယ်ဝမှုက ဝမ်းမှန်စေဖို့ ထောက်ကူပေးပါတယ်။

ဓာတ်တိုးပစ္စည်းတွေကို တိုက်ထုတ်ပေးတယ်။

ငှက်ပျောဖူးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် ကင်ဆာ အပါအဝင် နာတာရှ​ည်ရောဂါတွေကို ကာကွယ်ပေးပါတယ်။ အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

ဝိတ်ကျစေတယ်

ငှက်ပျောဖူးက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဆာခံစေနိုင်ပြီး ကိုယ်အလေးချိန်ကျစေဖို့ ထောက်ပံ့ပေးပါတယ်။ အခြောက်ခံထားတဲ့ ငှက်ပျောဖူးကို ရေနွေးထဲ စိမ်သောက်တာကလည်း ဝိတ်ကျစေဖို့ ထောက်ကူပေးမှာပါ။

စိတ်ခံစားမှု ကောင်းစေတယ်

ငှက်ပျောဖူးမှာ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် စိတ်ပူပန်တာ၊ စိတ်ဓာတ်ကျတာကို သက်သာစေပြီး စိတ်ခံစားမှု ကောင်းမွန်စေနိုင်ပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်

ငှက်ပျောဖူးမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ အူနံရံတွေကို ကျန်းမာစေပြီး အာဟာရ စုပ်ယူမှု ကောင်းစေသလို ဝမ်းချုပ်တာလည်း ကင်းစေပါတယ်။

မပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ကလည်း အူတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

ဒါတွေအပြင် ငှက်ပျောဖူးက ဗီတာမင် A၊ ဗီတာမင် C ၊ ဗီတာမင် E နဲ့ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်နေပြီး

  • လေဒီလေးတွေမှာ ရာသီလာစဉ် ခံစားရတဲ့ ပြဿနာကို သက်သာစေနိုင်သလို အရွယ်တင်စေနိုင်ပါတယ်။
  • နှလုံး ကျန်းမာစေပါတယ်။
  • ကင်ဆာ ကာကွယ်ပေးပါတယ်။
  • အာရုံကြောစနစ်ကို ကျန်းမာစေပါတယ်။

ကဲ ငှက်ပျောဖူးကို အရသာရှိရှိလေးစားရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရယူလိုက်ပါ။

ဘာတွေ သတိထားရမလဲ

ငှက်ပျောဖူးက ကျန်းမာရေး အကျိုးများတယ်။ စားရတာ အရသာရှိတယ်ဆိုပေမယ့် အများကြီးစားရင် လေချုပ်တာ ဗိုက်အောင့်တာတွေ ဖြစ်နိုင်တာကြောင့် အများကြီး မစားဖို့ ပြောပါရစေ။

ဘယ်သူတွေ မစားသင့်ဘူးလဲ

ရောဂါ အခံရှိသူတွေ၊ ရောဂါတစ်ခုခုကြောင့် ဆေးပုံမှန် သောက်နေရသူတွေ၊ လေပြဿနာ ရှိသူတွေ၊ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement