backup og meta

သင် စိတ်ဓာတ်ကျနေပြီလို့ ညွှန်းဆိုနေတဲ့ လက္ခဏာ ၁၀ ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင် စိတ်ဓာတ်ကျနေပြီလို့ ညွှန်းဆိုနေတဲ့ လက္ခဏာ ၁၀ ခု

    လူတိုင်း စိတ်ဓာတ်ကျတတ်ပါတယ်။ စိတ်ဓာတ်ကျတယ်ဆိုတာကို မကြာခဏလည်း ပြောဖြစ်ကြတယ်။ ဒါပေမယ့် ဘယ်လိုအရာတွေက သင့်ကို စိတ်ဓာတ်ကျစပြီး စိတ်ဓာတ်ကျတယ်ဆိုတဲ့ လက္ခဏာတွေက ဘာတွေလဲဆိုတာကိုရော တိတိကျကျသိထားကြရဲ့လား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ သင် စိတ်ဓာတ်ကျနေပြီလို့ ညွှန်းဆိုနေတဲ့ လက္ခဏာ ၁၀ ခု အကြောင်း ပြောပြပေးချင်ပါတယ်။

    စိတ်ဓာတ်ကျတယ် (Depress) ဆိုတာက စိတ်ကျရောဂါ (Depression) ရဲ့ မူလဇစ်မြစ်ဖြစ်ပါတယ်။ စိတ်ဓာတ်ကျခြင်းဟာ စိတ်ဖိစီးမှု (Stress) လိုပဲ အဖြစ်များတဲ့ စိတ်ဝေဒနာတစ်မျိုးဖြစ်ပြီး မြန်မာပြည်မှာ အဖြစ်အများဆုံးစိတ်ဝေဒနာလို့လည်း မှတ်တမ်းတွေကဆိုပါတယ်။

    သင် စိတ်ဓာတ်ကျနေပြီလို့ ညွှန်းဆိုနေတဲ့ လက္ခဏာ ၁၀ ခု

    တချို့ဝေဒနာရှင်တွေဟာ သူတို့မှာ စိတ်ကျဝေဒနာရှိနေတယ်ဆိုတာကို သတိထားမိကြခြင်းမရှိကြပါဘူး။ အသက်အရွယ်၊ လိင်၊ မိသားစုအခြေအနေ၊ လုပ်ငန်းခွင်နဲ့ ငွေကြေးအခြေအနေတွေကြောင့် လူအတော်များများမှာ စိတ်ကျဝေဒနာခံစားရလေ့ရှိပါတယ်။ အခုလို လက္ခဏာတွေ ခံစားနေရရင်တော့ သင်ဟာ စိတ်ဓာတ်ကျနေပြီလို့ ညွှန်းဆိုးနေတာပါ။

    စိတ်ဓာတ်ကျခြင်းဟာ ထင်ထားသဘောက်လည်း မရိုးရှင်းပါဘူး။ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပျက်နိုင်တာမို့ ရောဂါအမျိုးအမည်တွေလည်း ကွဲပြားပါတယ်။ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • အဖြစ်များ စိတ်ကျဝေဒနာ (Major Depression) ၊
  • နာတာရှည် စိတ်ကျဝေဒနာ (Dysthymia) ၊
  • ချွင်းချက်ဖြင့်ဖြစ်ပေါ်သော စိတ်ကျဝေဒနာ (Atypical Depression) ၊
  • မီးတွင်းစိတ်ကျဝေဒနာ
  • စိတ်နှစ်ခွဖြစ်ခြင်း (Bipolar Depression) ၊
  • ပြင်းထန်စိတ်ကျဝေဒနာ (Psychotic Depression) ၊
  • ရာသီအလိုက်ဖြစ်တဲ့ စိတ်ကျဝေဒနာ (Seasonal Depression/SAD) ၊
  • ဆေးယဉ်ပါး စိတ်ကျဝေဒနာ (Treatment-Resistant Depression) ဆိုပြီး အမျိုးမျိုးရှိပါတယ်။
  • အဆိုပါ စိတ်ဝေဒနာအားလုံးဟာ အခြေခံကျတဲ့ ရောဂါလက္ခဏာတွေကို ပြသလေ့ရှိပါတယ်။ ယျေဘုယျအကျဆုံး လက္ခဏာ ၁၀ ခု ရှိတယ်လို့ ကျွမ်းကျင်သူတွေက သရုပ်ခွဲသုံးသပ်ထားကြပါတယ်။ ဘယ်လို လက္ခဏာတွေက စိတ်ဖိစီးမှုဝေဒနာလက္ခဏာတွေလဲဆိုတာကို လေ့လာကြည့်ကြရအောင်။

    ၁။ စိတ်ဓာတ်တက်ကြွမှု လျော့နည်းလာတာ

    စိတ်ဓာတ်ကျလာရင် လူတိုင်းအတွက် ပုံမှန်သူတို့ကို ပျော်ရွှင်စေတဲ့ အရာတွေကတောင် ပျော်ရွှင်တယ်လို့ မခံစားရတော့ပါဘူး။ ပျော်ရွှင်မှုကင်းမဲ့လာတာနဲ့အမျှ စိတ်အားတက်ကြွမှုလည်း လျော့နည်းလာမှာပါ။

    ၂။ မပြတ်သားတော့တာ

    လေ့လာချက်တွေအရဆိုရင် စိတ်ဓာတ်ကျနေသူတွေဟာ ဆုံးဖြတ်ချက်တွေချမှတ်ဖို့ ဖင့်နှေးကြလေ့ရှိတယ်လို့ ဆိုပါတယ်။ ပုံမှန်လူတစ်ယောက်ဟာ တစ်နာရီမှာ ဆုံးဖြတ်ချက် ၄ ခုကနေ ၅ ခုလောက်အထိ ချမှတ်နိုင်ကြပေမယ့် စိတ်ဓာတ်ကျနေရင် သေးငယ်တဲ့ ဆုံးဖြတ်ချက်တစ်ခုချမှတ်နိုင်ဖို့အတွက်ကိုတောင် မလွယ်ကူတော့ပါဘူး။

    ၃။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု ကင်းမဲ့လာတာ

    ကိုယ့်ရဲ့ တန်ဖိုး၊ ကိုယ့်ရဲ့ အရည်အသွေးကို သံသယဝင်လာပြီး အရာရာကို အဆိုးမြင်လာတာကလည်း စိတ်ဓာတ်ကျနေလို့ပါ။

    ၄။ အပြစ်ရှိသလို ခံစားနေရတာ

    စိတ်ဓာတ်ကနေရင် မိမိကိုယ်ကို အပြစ်ရှိနေသူတစ်ဦးလို အမြဲခံစားနေတတ်ပါတယ်။ အကျိုးအကြောင်းသင့်လျော်တဲ့ အကြောင်းပြချက်ရှိနေခဲ့မယ်ဆိုရင်တောင်မှ သူတို့ရဲ့ အပြစ်ရှိသလို ခံစားချက်ကို ဖယ်ရှားဖို့ မလွယ်ကူပါဘူး။

    ၅။ စိတ်ဆိုးဒေါသထွက်လွယ်တာ 

    စိတ်ဓာတ်ကျလေလေ စိတ်မရှည်လေ၊ စိတ်ဆိုးဒေါသထွက်လွယ်လေလေပါပဲ။ နေ့စဉ်လူမှုဘဝရဲ့ စိတ်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ အခက်အခဲတွေပိုမိုများလာပြီး အဆိုပါ အဆင်မပြေမှုတွေကြောင့်ပဲ ပိုပိုစိတ်တိုလာကာ သံသရာလည်နေတတ်ပါတယ်။

    ၆။ ပူပင်သောကများတာ

    သောကများတာက စိတ်ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ စိတ်ဓာတ်ကျရင် သောကပိုပွားပါတယ်။ ဒီရောဂါ ၂ ခုက ဆက်စပ်နေတာပါ။ ပြဿနာတွေအပေါ် အလွန်အမင်း အာရုံစိုက်နေမိမယ်၊ အစာစားချင်စိတ်ပျောက်ဆုံးနေမယ်၊ ရုပ်ပိုင်းဆိုင်ရာအရ နာကျင်မှုတွေ ကြုံနေရမယ်၊ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေမယ်။ ဒါတွေက သင်ပူပန်သောကများနေပြီဆိုတဲ့ လက္ခဏာတွေပါပဲ။

    ၇။ သေချင်စိတ်ပေါ်နေတာ 

    စိတ်ဓာတ်ကျတာ ပြင်းထန်လာရင် ဘဝကို လက်လျှော့ အရှုံးပေးလိုက်ချင်စိတ်က အမြဲလိုလိုကပ်ပါလာတတ်ပါတယ်။ ဘဝဟာနေပျော်စရာမရှိတော့ဘူးလို့ ထင်မြင်ယူဆလာပြီး ဘဝကို အဆုံးသတ်ချင်စိတ် မကြာခဏပေါ်လာနေပြီဆိုရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ညှိနှိုင်းဖို့ မဖြစ်မနေလိုအပ်နေပြီဖြစ်ပါတယ်။

    ၈။ ရာသီသွေးဆင်းချိန် မမှန်တော့တာ 

    အမျိုးသမီးတွေ စိတ်ဓာတ်ကျလာရင် ရာသီသွေးဆင်းမှု အချိန်မမှန်တာမျိုး ပုံမှန်ဖြစ်ပျက်လေ့ရှိတယ်လို့ လေ့လာချက်တွေကဆိုပါတယ်။ စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်တွင်းမှာ လိုအပ်တဲ့ မဟော်မုန်းထုတ်လွှတ်မှု မူမမှန်ဖြစ်ပြီး ခုလို သွေးဆင်းချိန်မမှန်ဖြစ်ရတာဖြစ်ပါတယ်။

    ၉။ အိပ်မပျော်တာ

    စိတ်ဝေဒနာအမျိုးအစားပေါင်းများစွာရဲ့ ရောဂါလက္ခဏာတွေထဲမှာ အိပ်မပျော်တာ၊ အိပ်စက်ချိန်စိတ်မရှိတာနဲ့ အိပ်ချိန်မမှန်တာတွေဟာ အမြဲတစေ တွေမြင်ရတတ်တဲ့ လက္ခဏာတစ်မျိုးဖြစ်ပါတယ်။

    ၁၀။ အကြောင်းရင်းရှာမရတဲ့ လက္ခဏာတွေခံစားလာတာ 

    ဘာထိခိုက်မှုမှ မရှိပါဘဲနဲ့ စိတ်ထဲမှာ ဟိုနေရာ နာနေသလိုလို ဒီနေရာက ကိုက်နေသလိုလို ခံစားချက်မျိုးဖြစ်ပေါ်နေတာကလည်း စိတ်ဓာတ်ကျနေတာကြောင့်ပါ။ ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာ နဲ့ ရင်ဘတ်အောင့်တာတွေလည်း ခံစားရတတ်ပါတယ်။

    အထက်ပါ လက္ခဏာတွေထဲက တချို့ကို ပြသလာနေပြီဆိုရင် သင်စိတ်ဓာတ်ကနေတာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူနဲ့တိုင်ပင်ပြီး အလျင်အမြန်ကုစားဖို့ လိုအပ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement