brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Endocrine System (ဟော်မုန်းစနစ်)မှာပါဝင်တဲ့ ဂလင်းတွေနဲ့ သူတို့ရဲ့ တာဝန်များ

Endocrine System ကို ဂလင်း များစွာနဲ့ ပါဝင်ဖွဲ့စည်းထားတာပါ။ ဒီတစ်ခေါက်တော့ Endocrine System မှာပါဝင်တဲ့ ဂလင်းတွေနဲ့ သူတို့ရဲ့ တာဝန်တွေက ဘာတွေလဲ၊ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေကို တာဝန်ယူပေးထားလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ တူတူ ဖတ်ကြည့်လိုက်ရအောင်လား။

Endocrine System (ဟော်မုန်းစနစ်)မှာပါဝင်တဲ့ ဂလင်းတွေနဲ့ သူတို့ရဲ့ တာဝန်များ

ဘယ်ဂလင်းတွေ ဘယ်နေရာမှာရှိလဲ ………..

Endocrine System မှာပါတဲ့ ဂလင်းတွေထဲက

  • hypothalamus၊ pituitary ဂလင်း နဲ့ pineal ဂလင်းတို့က ဦးနှောက်ထဲမှာ နေရာယူထားပါတယ်။
  • သိုင်းရွိုက် ဂလင်း နဲ့ parathyroid ဂလင်းတို့ကတော့ လည်ပင်းမှာ နေရာယူ ထားပါတယ်။
  • thymus ဂလင်းကတော့ ရင်ညွန့်ရိုး ရှေ့မှာပါ။
  • adrenals ဂလင်းကတော့ ကျောက်ကပ် အထက်ပိုင်းနားလေးမှာပါ။
  • ပန်ကရိယကတော့ အစာအိမ်ရဲ့ နောက်ဘက်နားလေးမှာပါ။
  • အမျိုးသမီးတွေမှာ သားဥအိမ်က တင်ပါးဆုံပိုင်းမှာပါ။
  • အမျိုးသားတွေမှာတော့ ဝှေးစေ့က ကပ္ပာယ်အိတ်ထဲမှာပါ။
  • ဂလင်း တစ်ခုစီနဲ့ သူတို့ရဲ့ တာဝန်များ

    Hypothalamus 

    ဒီအစိတ်အပိုင်းက အာရုံကြောစနစ်နဲ့ ဆက်ထားတာပါ။ သူ့ရဲ့ အဓိက တာဝန်က pituitary ဂလင်းတွေကို ဟော်မုန်းတွေ ထုတ်လုပ်ဖို့ နဲ့ ထုတ်လုပ်မှု ရပ်တန့်ဖို့ အသိပေးပါတယ်။

    Pituitary gland

    ဒီ pituitary ဂလင်းက endocrine system ရဲ့ ဆရာအကျဆုံး ဂလင်းတစ်ခုပေါ့။ သူက ဦးနှောက်ဆီက သတင်း အချက်အလက်တွေကို ယူပြီး ခန္ဓာကိုယ်က အခြားဂလင်းတွေကို တာဝန်တွေ ခွဲအပ်ညွှန်ကြားပေးပါတယ်။

    ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး သူက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဟော်မုန်းတွေ ဖြစ်တဲ့ ကြီးထွားမှု ဟော်မုန်း၊ မိခင်တွေမှာ နို့ချိုဖြစ်ပေါ်စေတဲ့ prolactin ဟော်မုန်း၊ အမျိုးသမီးတွေမှာ မ ဟော်မုန်းလို့ ခေါ်တဲ့ estrogen ဟော်မုန်းနဲ့ အမျိုးသားတွေမှာ ကျားဟော်မုန်းလို့ ခေါ်တဲ့ testosterone ဟော်မုန်းကို ထိန်းချုပ်ပေးတဲ့ luteinizing ဟော်မုန်းကို ထုတ်လုပ်ပေးပါတယ်။

    Pineal ဂလင်း

    ဒီဂလင်းက အိပ်စက်မှုကို ထောက်ပံ့ပေးတဲ့ melatonin လို့ခေါ်တဲ့ ဓာတုပစ္စည်း တစ်မျိုးကို ထုတ်ပေးပါတယ်။

    Thyroid gland

    ဒီဂလင်းက ဇီဝကမ္မဖြစ်စဉ်ကို ထိန်းချုပ်ပေးတဲ့ သိုင်းရွိုက်ဟော်မုန်းကို ထုတ်လုပ်ပေးပါတယ်။

    ဒီဂလင်းက ဟော်မုန်းတွေကို လုံလောက်အောင် မထုတ်နိုင်တဲ့အခါ ဇီဝကမ္မဖြစ်စဉ်က နှေးသွားနိုင်ပါတယ်။ ဒီလို အခြေအနေမှာ နှလုံးခုန် နှေးတာ၊ ဝမ်းချုပ်တာ၊ ဝိတ်တက်တာတွေကို ဖြစ်စေပါတယ်။

    ဒီဂလင်းက ဟော်မုန်းတွေကို လိုတာထက် ပိုထုတ်တဲ့အခါမျိုးမှာကျ ဇီဝကမ္မဖြစ်စဉ်က မြန်လွန်းသွားပြီး နှလုံးခုန်မြန်တာ၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ၊ အကြောင်းအရင်း မရှိဘဲ ဝိတ်ကျတာတွေ ခံစားရနိုင်ပါတယ်။

    Parathyroid

    ဒီဂလင်းကတော့ သိုင်းရွိုက်ဂလင်း နောက်မှာရှိတဲ့ ဂလင်း သေးသေးလေး ၄ ခုပါ။ သူတို့က အရိုးကျန်းမာရေးကို အဓိက တာဝန်ယူထားကြပါတယ်။ ဒီဂလင်းလေးတွေက ကိုယ်တွင်းက ကယ်လ်ဆီယမ် နဲ့ phosphorus ပမာဏကို ထိန်းညှိပေးပါတယ်။

    Thymus

    ဒီ ဂလင်းက ဘေဘီလေးတွေမှာ ကိုယ်ခံအားစနစ် ဖွံ့ဖြိုးစေဖို့ နဲ့ ရောဂါတွေကို တိုက်ထုတ်ပေးဖို့ အရေးပါတဲ့ ဇာတ်လိုက်ဖြစ်တဲ့ T-lymphocytes လို့ ခေါ်တဲ့ သွေးဖြူဥဆဲလ်တွေကို ထုတ်လုပ်ပေးပါတယ်။

    Adrenals

    ဒီဂလင်းက အက်ဒရီနယ်လင် ဟော်မုန်းတွေကို ထုတ်လုပ်ပေးပါတယ်။ ဒီဟော်မုန်းက ဇီဝကမ္မဖြစ်စဉ်၊ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် နဲ့ အခြားသော ဖြစ်စဉ်တွေအပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။

    ပန်ကရိယ

    ဒီအစိတ်အပိုင်းက အစာခြေစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဟုတ်သလို endocrine system ရဲ့ အစိတ်အပိုင်းတစ်ခုဆိုလည်း ဟုတ်ပါတယ်။ အစာခြေ အက်ဇိုင်း ထုတ်လုပ်ပေးပြီး အစားအစာတွေကို ဖြိုခွဲပေးပါတယ်။ အင်ဆူလင် ဟော်မုန်းနဲ့ glucagon ဟော်မုန်းတို့ကို ထုတ်လုပ်ပေးပါတယ်။ သွေးကြောတွေနဲ့ ဆဲလ်တွေထဲက သကြားပမာဏကို အကောင်းဆုံး အနေအထားဖြစ်အော်င ထိန်းညှိပေးပါတယ်။

    အမျိုးအစား (၁) ဆီးချိုရောဂါ ဖြစ်ရတာက အင်ဆူလင်ကို လုံးဝမထုတ်နိုင်တာကြောင့်ပါ။ အမျိုးအစား (၂) ဆီးချိုကတော့ အင်ဆူလင်ကို လုံလောက်တဲ့ ပမာဏထိရောက်ရှိအောင် မထုတ်လုပ်နိုင်လို့ပါ။

    သားဥအိမ်

    သားဥအိမ်က estrogen နဲ့ progesterone ဟော်မုန်းတွေကို ထုတ်လုပ်ပါတယ်။ ဒီ ဟော်မုန်းတွေက အပျိုဖော်ဝင်ချိန်မှာ ရင်သားတွေ ဖွံ့ထွားစေသလို ရာသီစက်ဝန်းကို ထိန်းညှိပေးပြီး ကိုယ်ဝန်ရရှိစေဖို့ လုပ်ဆောင်ပေးပါတယ်။

    Testes

    အမျိုးသားတွေမှာ testosterone ဟော်မုန်းကို ထုတ်လုပ် ပေးပါတယ်။ လူပျိုဖော်ဝင်ချိန်မှာ မျက်နှာပေါ်က အမွေးအမျှင်တွေ၊ ခန္ဓာကိုယ်က အမွေးတွေထွက်စေဖို့၊ မျိုးပွားအင်္ဂါကြီးထွားစေဖို့ သုက်ကောင်တွေဖြစ်ပေါ်စေဖို့ လုပ်ဆောင်ပေးပါတယ်။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/07/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။