backup og meta

သင့်ကို အံအားသင့်စေမယ့် ဝက်ခြံထွက်ရခြင်း အကြောင်းရင်းအချို့ကို ယခုပဲကြည့်လိုက်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 18/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကို အံအားသင့်စေမယ့် ဝက်ခြံထွက်ရခြင်း အကြောင်းရင်းအချို့ကို ယခုပဲကြည့်လိုက်ပါ

    ဝက်ခြံတွေက တကယ်စိတ်ညစ်စရာပါ။ ဒါပေမယ့် သင့်ခန္ဓါကိုယ်တွင်းမှာ မတူညီတဲ့ဟော်မုန်းတွေကို တုံ့ပြန်တတ်တဲ့ မျိုးရိုးဗီဇတွေနဲ့အတူ သင်နေ့စဉ်လုပ်နေကျ လုပ်ငန်းဆောင်တာတွေကလည်း ဝက်ခြံထွက်စေနိုင်တာ သို့မဟုတ် ဝက်ခြံပေါက်နေရင်တောင် ပိုဆိုးစေတာမျိုးကို ဖြစ်စေနိုင်ပါတယ်။

    အချို့သော အံ့အားသင့်ဖွယ်ကောင်းတဲ့ အဓိကအချက်တွေကို အောက်မှာဖော်ပြထားပါတယ။် ကဲ ဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်လေးတို့ ကြည့်လိုက်ရအောင်။

    ဝက်ခြံတွေထွက်လာရခြင်းရဲ့ အဖြစ်အများဆုံးအကြောင်းရင်းတွေကို နားလည်ထားရမှာက ပထမဆုံးနဲ့ အရေးအကြီးဆုံးအချက်ဖြစ်ပြီး ဒီလိုနားလည်တာကပဲ ဝက်ခြံတွေကို ရင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။ နိုင်ငံတကာလေ့လာသူများရဲ့ သုံးသပ်ချက်အရ ဝက်ခြံဖြစ်ရခြင်းအကြောင်းရင်းတွေထဲက အဖြစ်အများဆုံးအကြောင်းရင်း ၁၁ချက် ကို ဖော်ပြထားပေးပါတယ်။

    • ဝက်ခြံပေါက်ရခြင်း အကြောင်းရင်း ၁ : မျက်နှာကို ထိကိုင်ခြင်း

    ဒါကတော့ အတော်အံ့သြဖို့ကောင်းပါတယ်။ ဒါပေမယ့် သင့်မျက်နှာကို တစ်နေ့လုံးအဆက်မပြတ် ထိနေကိုင်နေခြင်းက ခန္ဓါကိုယ်တစ်ခုလုံးမှာ အညစ်ပတ်ဆုံး ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်သွားစေနိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့အများစု သတိမမူဘဲ လုပ်မိတတ်ကြတဲ့ အရာတစ်ခုဖြစ်ပြီး မေးစေ့နဲ့ မေးရိုးတွေမှာ ဝက်ခြံတွေပေါက်လာရခြင်းရဲ့ အဖြစ်အများဆုံးအကြောင်းရင်းပါပဲ။ နေ့ခင်းပိုင်းတွေမှာ မျက်နှာကို အမြဲတမ်းမကိုင်နေမိအောင် သတိထားနေကြည့်ပါ။ လက်ကိုင်ဖုန်းတွေကိုလည်း မကြာခဏသန့်ရှင်းရေးလုပ်ပါ။ (နားကြပ်တပ်ပြောတာက ပိုကောင်းပါတယ်။ ) သင့်လက်ကိုင်ဖုန်းကို ကိုင်ပြီး ဖုန်းပြောတဲ့အခါ မျက်နှာနဲ့ထိနေတာကလည်း ဘက်တီးရီးယားတွေကိုပြန့်ပွားစေပြီး ပါးပေါ်မှာ ဝက်ခြံတွေပေါက်လာစေနိုင်ပါတယ်။

    • ဝက်ခြံပေါက်ရခြင်း အကြောင်းရင်း ၂ : နို့နဲ့ သကြား အသုံးများခြင်း

    မေးစေ့၊ မေးရိုးနဲ့ လည်ပင်းစတဲ့အစိတ်အပိုင်းတွေမှာ ဝက်ခြံတွေပိုတိုးပြီးပေါက်လာတယ်ဆိုရင် သင့်ခန္ဓါကိုယ်က လက်ခံနိုင်တဲ့အတိုင်းအတာထက်ပိုတဲ့ နို့နဲ့သကြားတွေကို သင်စားသုံးနေတာကို ပြတာပါ။ သင့်အသားအရေဟာ သင့်ခန္ဓါကိုယ်က မလိုလားတဲ့ပစ္စည်းတွေကိုထုတ်တဲ့ အညစ်အကြေးစွန့်စနစ်အဖြစ်လည်း အလုပ်လုပ်ပေးတာမို့ သင့်မှာ နို့ထွက်ပစ္စည်းတွေနဲ့ သကြားတွေအလွန်အကျွံရှိနေခဲ့ရင် သဘာဝအတိုင်းချေဖျက်ဖို့ခက်ခဲတာကြောင့် မျက်နှာအောက်ပိုင်းမှာ အဆီဝက်ခြံဖုတွေအဖြစ်ထွက်လာရပါတော့တယ်။

    • ဝက်ခြံပေါက်ရခြင်း အကြောင်းရင်း ၃ : စိတ်ဖိစီးမှု

    စိတ်ဖိစီးမှုဆိုတာ အသားအရေရဲ့ အခြေအနေကို ပိုမိုဆိုးရွားလာစေကြောင်းကို ဆေးပညာဆိုင်ရာလေ့လာမှုတွေမှာ သက်သေပြထားပြိးသားပါ။ ဒါကြောင့် စိတ်ဖိစီးမှုများနေတဲ့ကာလတွေမှာ ပုံမှန် ဝက်ခြံပုန်းတွေနဲ့ ဆားဝက်ခြံတွေပေါက်တာထက် ဝက်ခြံတွေ ပိုပြီးရောင်ရမ်းလာတာ နဲ့ ဝက်ခြံပြည်ဖုတွေပိုထွက်လာတာကို တွေ့ကြုံ ခံစားကြရမှာပါ။ စိတ်ဖိစီးမှုတွေနဲ့ ဝက်ခြံတွေအကြောင်းပြောကြတဲ့အခါမှာ သိသင့်တာကတော့ အများအားဖြင့် စိတ်ဖိစီးမှုတွေဟာ ဝက်ခြံပေါက်စေတာမဟုတ်ပါဘူး။ ဝက်ခြံတွေကို ပိုဆိုးလာစေပြီး ပိုထင်ရှားလာတာလောက်ပဲ ဖြစ်စေတာပါ။ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ ရိုးရှင်းတဲ့ အသက်ရှူနည်းစနစ်တွေ၊ နေ့ခင်းပိုင်းအနားယူတာ သို့မဟုတ် ယောဂကျင့်တာ သို့မဟုတ် တရားထိုင်တာ စတာတွေကို စမ်းလုပ်ကြည့်သင့်ပါတယ်။ ဝက်ခြံတွေကို ထိန်းချုပ်နိုင်ဖို့ ဆေးသောက်ခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်း သို့မဟုတ် အနားယူခြင်းတွေလုပ်ခြင်းစတာတွေပြုလုပ်ခြင်း သင့်အတွက်ရော သင့်အသားအရေအတွက်ပါ သိပ်ကိုအရေးကြီးပါတယ်။

    • ဝက်ခြံပေါက်ရခြင်းအကြောင်းရင်း ၄: မျက်နှာမသစ်ခြင်း

    အရေပြားပေါ်ကအဆီတွေဟာ ဘက်တီးရီးယားတွေစုစည်းရာနေရာတစ်ခုဖြစ်ပြီး ဘက်တီးရီးယားတွေက ဝက်ခြံတွေကိုဖြစ်ပေါ်စေပါတယ်။ မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်းသာမက တစ်နေ့လုံးစာ အဆီ ၊ ဖုန်မှုန့်တွေနဲ့ အညစ်အကြေးတွေ ပေါင်းစုခြင်းကလည်း ဝက်ခြံအသစ်တွေထွက်လာစေတဲ့ အကြောင်းရင်းတွေပါပဲ။ သင့်မျက်နှာကို စနစ်တကျဘယ်လိုဆေးကြောသန့်စင်ရမလဲဆိုတာ အောက်မှာဖော်ပြထားပေးပါတယ်။

    သင့်လက်ကိုဆေးလိုက်ပြီး မျက်နှာသစ်ဆေးအနည်းငယ်ကို လက်ဖဝါးထဲထည့်လိုက်ပါ။ မျက်နှာပေါ်မှာ စက်ဝိုင်းပုံအတိုင်းနူးညံ့ညင်သာစွာ လိမ်းပေးပါ။ ပြီးနောက် ဇလုံပေါ်ခေါင်းငုံ့ချပြီး မျက်နှာသစ်ဆေးတွေ ပြောင်စင်သွားအောင် ကြက်သီးနွေးရေကို မျက်နှာပေါ် ၈ကြိမ်မှ ၁၀ကြိမ်ထိ ပက်ပြီးဆေးပေးပါ။ ခြောက်သွားသည်ထိ တဘက်နဲ့ ပုတ်ပေးပါ။ မျက်နှာသစ်ဆေးကို တဘက်ထဲထည့်ပြီး မျက်နှာကို ပွတ်ဆေးခြင်းမျိုးကို လုံးဝမလုပ်ပါနဲ့။ ဒါက သင့်အသားအရေကို ထိခိုက်ပျက်စီးစေနိုင်တဲ့အပြင် အပြည့်အဝသန့်စင်မပေးနိုင်ဘဲ အခြေအနေကို ပိုပြီးဆိုးရွားစေပါတယ်။

    • ဝက်ခြံဖြစ်ရခြင်း အကြောင်းရင်း ၅: အရေပြားအလှကုန် ပစ္စည်းအသစ်များသုံးခြင်း

    သင့်အသားအရည်ပေါ်မှာ ပစ္စည်းအသစ်တွေသုံးတဲ့အခါ တစ်ခါတလေ ဝက်ခြံဖုတွေပေါက်စပြုတတ်ပါတယ်။ အထူးသဖြင့် သင်သုံးလိုက်တဲ့ပစ္စည်းဟာ သာမန်ထက်ပိုပြီး ချေးချွတ်ပေးနိုင်တဲ့အခါမျိုးမှာပေါ့။ ဒီလိုမျိုး ၂ပတ်ထက်ပိုပြီးဖြစ်လာပြီဆိုရင်တော့ ဒီပစ္စည်းဟာသင်နဲ့မကိုက်ညီတာဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ပါဝင်ပစ္စည်းတွေထဲမှာ ဝက်ခြံပေါက်စေနိုင်တဲ့အရာတွေပါနေတာလည်း ဖြစ်နိုင်ပါတယ်။

    • ဝက်ခြံဖြစ်ရခြင်းအကြောင်းရင်း ၆: ဟော်မုန်းများ

    အမျိုးသမီး အများစုဟာမျိုးဥကြွေချိန်တွေဖြစ်တဲ့ လစဉ်ရာသီစက်ဝန်းနဲ့ ရာသီစက်ဝန်းအလယ်တို့မှာ ဟော်မုန်းပြောင်းလဲမှု လျင်မြန်လွန်းခြင်းကြောင့် ဝက်ခြံပိုထွက်တတ်ပါတယ်။ ဒါဟာ ပုံမှန်ဖြစ်ပေမယ့် စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ တကယ်လို့သင်ဟာ ရာသီစက်ဝန်းမတိုင်ခင် ၁ပတ်လောက်နဲ့ ရာသီစက်ဝန်းအပြီး၂ပတ်လောက်ထိ ဝက်ခြံတွေပိုဆိုးတတ်တဲ့အမျိုးသမီးဆိုရင် Yasmin ကဲ့သို့သော အီစထရိုဂျင် ပါသောဆေး ကို ဟော်မုန်းညီညွတ်မျှတဖို့အတွက် သုံးစွဲသင့်ပါတယ်။ ကျွန်တော်တွေ့သမျှထဲမှာတော့ အမျိုးသမီးတွေ အသားအရေကြည်လင်စေဖို့အတွက် အဆိုပါဆေးသုံးစွဲခြင်းဟာ အလွယ်ကူဆုံးနဲ့ အမြန်ဆုံးနည်းလမ်းပါပဲ။ (Progesterone အဓိက ပါဝင်သော ဆေးကတော့ သင့်အသားအရေကို ပိုဆိုးစေမှာဖြစ်လို့ မသုံးစွဲပါနဲ့)

    • ဝက်ခြံဖြစ်ခြင်းအကြောင်းရင်း ၇ : သွေးဆုံးခြင်း

    ဟော်မုန်းတွေကို ဓါတု ဆက်သွယ်ပေးသူ တွေလို့တောင် တင်စားပြောဆိုလို့ရပါတယ်။ သူတို့တွေကို ခန္ဓါကိုယ်က ဖန်တီးပေးထားပြီး ဇီဝဖြစ်စဉ်(metabolism)မှစ၍ စိတ်ခံစားမှုနဲ့ မျိုးပွားစက်ဝန်းတွေရောက်သည့်တိုင် ဆဲလ်တွေကြီးထွားမှုလာမှုအထိ အရာအားလုံးကို နည်းလမ်းတကျမှန်ကန်အောင် ပြုလုပ်ပေးစေပါတယ်။ ဟော်မုန်းပြောင်းလဲမှုတွေ လျင်မြန်လွန်းရင် ဝလာတာ၊စိတ်ဓါတ်ကျတာ၊ အိပ်မပျော်တာနဲ့ သက်ကြီးဝက်ခြံပေါက်လာတာတွေ ဖြစ်တတ်ပါတယ်။

    • ဝက်ခြံဖြစ်ရခြင်းအကြောင်းရင်း ၈ : ဝေဟင်ခရီးသွားခြင်း

    လေယာဉ်ပျံရဲ့ အခန်းတွေမှာ ရေငွေ့အင်မတန်နည်းတာကြောင့် အသားအရည်ကို အလွန်အမင်းရေဓါတ်ခမ်းခြောက်စေပါတယ်။ ခြောက်သွေ့တဲ့လေဟာ အစိုဓါတ်ကို ရနိုင်တဲ့နေရာကရှာယူတတ်ပါတယ်။ ဆိုလိုတာက သင့်အသားအရေမှာရှိတဲ့ အစိုဓါတ်ကို သူကလုယူသွားမှာပါ။ ရေဓါတ်ခမ်းခြောက်တဲ့ဆဲလ်တွေစုပုံလာပြီး အရေပြားအောက်က အဆီတွေကိုစုထားကာ ဝက်ခြံတွေ ဖြစ်လာစေပါတော့တယ်။

    • ဝက်ခြံဖြစ်ရခြင်း အကြောင်းရင်း ၉: ရာသီဥတုအပြောင်းအလဲ။

    ဥတုပြောင်းတဲ့အချိန်ကာလတွေမှာ ရာသီဥတုဟာ ဒီနေ့နွေးနေပြီး နောက်ရက်မှာအေးနေတာမျိုးဖြစ်တတ်ပါတယ်။ ဒါက အသားအရေရဲ့ ဇီဝဖြစ်စဉ်ကိုရှုပ်ထွေးစေနိုင်ပြီး ဇီဝကမ္မ မညီမျှခြင်းနဲ့ ဝက်ခြံပေါက်လွယ်ခြင်းတို့ကိုဖြစ်စေပါတယ်။ တကယ်လို့ လေက ပုံမှန်ထက် ခြောက်သွေ့နေခဲ့မယ်ဆိုရင် အသားအရေခြောက်သွေ့အက်ကွဲခြင်းကိုအထိရောက်ဆုံး သက်သာစေနိုင်တဲ့ ခရင်မ်ပုံစံ အစိုဓါတ်ထိန်း လိမ်းဆေးကိုသုံးပေးပါ။ တကယ်လို့ လေကအေးနေမယ် သို့မဟုတ် လေကြမ်းတိုက်တယ်ဆိုရင် အသားအရေကိုကာကွယ်ပေးနိုင်တဲ့ အရည် ကိုသုံးပါ။ တကယ်လို့ လေက ပူနေပြီး ရေငွေ့အနည်းငယ်သာပါမယ်ဆိုရင် ထိရောက်သော သဘာဝပစ္စည်းကိုအခြေခံထုတ်ထားတဲ့ နေရောင်ကာလိမ်းဆေးသုံးပါ။

    • ဝက်ခြံဖြစ်ခြင်းအကြောင်းရင်း ၁၀ : ဆေးဝါးများ

    ဆေးတွေကတော့ ခန္ဓါကိုယ်ကို နည်းအမျိုးမျိုးနဲ့ထိခိုက်စေတာချည်းပါပဲ။ ဒါပေမယ့် ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင် ဆေးကုသခြင်းနဲ့ ဆေးဝါးသုံးစွဲခြင်းဟာ အာရုံကြောစနစ်ကို ဖိစီးနိုင်ပြီး ဒါက ဟော်မုန်း(adrenals) တွေကို ပိုပြီးမြှင့်တက်စေနိုင်ပါတယ်။ ဒီဖြစ်ရပ်က သွယ်ဆက်တစ်ရှူး တွေရဲ့ ပျက်စီးမှုကို အားပေးပြီး အသားအရည်လျော့တွဲခြင်းနဲ့ ပိုပြီးအားနည်းလာခြင်းတွေကိုဖြစ်စေပြီး ဝက်ခြံထွက်ခြင်းကို ပိုပြီး ဖြစ်စေနိုင်ပါတယ်။

    • ဝက်ခြံဖြစ်ခြင်းအကြောင်းရင်း ၁၁ : ဘက်တီးရီးယား

    ဒါကတော့ ဝက်ခြံဖြစ်ရခြင်းတွေရဲ့ အဖြစ်အများဆုံးအကြောင်းရင်းဖြစ်ပြီး လူတွေဂရုစိုက်မှုအနည်းဆုံး အကြောင်းအရာလည်း ဖြစ်နေပါတယ်။ မိတ်ကပ်မဖျက်ဘဲ အိပ်မိတာတွေ၊ ညစ်ပတ်နေတဲ့ မိတ်ကပ်စုတ်တံတွေ သုံးတာတွေ၊ မျက်နှာကို ခဏခဏကိုင်မိတာတွေ ဒါမှမဟုတ် ညစ်ပတ်နေတဲ့လက်ကိုင်ဖုန်းတစ်ချိန်လုံးကိုင်ပြီး ဖုန်းပြောနေတာတွေ လုပ်မိတဲ့အချိန်တိုင်းမှာ ဝက်ခြံထွက်လာတာတွေဟာ တကယ်တိုက်ဆိုင်လွန်းပါတယ်။

    အရမ်းကိုဆန်းကြယ်တာပါလား !

    ဒါကြောင့် သင့်အတွက်အကောင်းဆုံးနည်းလမ်းကတော့ လေ့ကျင့်ခန်းပုံမှန်လုပ်တာ ၊ တရားထိုင်တာ၊ သင့်ရဲ့ ပြည့်ကျပ်နေတဲ့ အချိန်ဇယားတွေထဲက သင့်ကိုယ်သင်ဂရုစိုက်ဖို့အချိန်ယူတာ စတဲ့နည်းလမ်းတွေပါပဲ။ ဒါတွေပြုလုပ်ခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေတာကြောင့် ခန္ဓါကိုယ်က သင့်အသားအရေ ကိုထိခိုက်နိုင်မယ့် ဟော်မုန်းတွေကို ဆက်မထုတ်တော့ဘူးပေါ့။

    ရေးသားသူ- Wuthun Myat Chal

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Hello Sayarwon Panel မှ ရေးသားသည်။ · 18/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement