backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မျက်လုံးစမ်းသပ်ရုံနှင့် သင့်မှာ ကိုလက်စထရောများကြောင်း သင်သိနိုင်မလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Ye Mhan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မျက်လုံးစမ်းသပ်ရုံနှင့် သင့်မှာ ကိုလက်စထရောများကြောင်း သင်သိနိုင်မလား

ကိုလက်စထရောများခြင်းက မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့အကြောင်း အားလုံးသိပြီး ဖြစ်ပါလိမ့်မယ်။ ထင်ထင်ရှားရှား ဥပမာနှစ်ခုကတော့ နှလုံးတိုက်ခိုက်ခံရခြင်းနဲ့ လေဖြတ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ခန္ဓါကိုယ်တွင်း ကိုလက်စထရောပမာဏကို သိရှိနိုင်ဖို့ သွေးစစ်ဆေးရမှာဖြစ်ပေမယ့် အံ့သြစရာကောင်းလောက်အောင်ပဲ မျက်လုံးစပ်သပ်ခြင်းကနေတဆင့်လည်း ကိုလက်စထရောမြင့်တက်ခြင်းနဲ့ အခြားအကြောင်းအရာတွေကို သိရှိနိုင်ပါတယ်။

မျက်ခွံ

မျက်ခွံဆိုတာ မျက်လုံးကို ဝိုင်းရံပြီးကာကွယ်ထားတဲ့ အရေပြားအလွှာပါး ဖြစ်ပါတယ်။ ကိုလက်စထရောတက်လာခြင်းက မျက်ခွံအောက်မှာ အဆီအိတ်ကလေးတွေ ဖြစ်စေနိုင်တယ်ဆိုတာကိုတော့ လူတွေသတိထားမိမှာ မဟုတ်ပါဘူး။ ဒီအဆီအိတ်ကလေးတွေကို ဆေးပညာအရ xanthelasmas လို့ခေါ်ပြီး မျက်ခွံပေါ်မှာ အဝါရောင်ပုံသဏ္ဍာန်မျိုးနဲ့ တွေ့ရမှာဖြစ်ပါတယ်။ Xanthelasmas များလာရင် နေရထိုင်ရမခက်ပေမယ့် ၎င်းတို့ကို ခွဲစိတ်ဖယ်ရှားပစ်မှသာ ပျောက်ကင်းနိုင်မှာ ဖြစ်တဲ့အတွက် ကြည့်ရဆိုးနိုင်ပါတယ်။ မျက်ခွံအဆီအိတ်ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများစွာရှိပြီး ကိုယ့်မျက်ခွံမှာ သတိပြုမိပြီဆိုတာနဲ့ ကျန်းမာရေးစစ်ဆေးမှု ခံယူဖို့ မဖြစ်မနေစီစဉ်သင့်ပါတယ်။

မျက်သားအကြည်

မျက်သားအကြည် (cornea) ဆိုတာ အနက်ရောင်၊ အညိုရောင်၊ အပြာရောင် စသည်ဖြင့်မြင်ရတဲ့ မျက်ဝန်းပေါ်မှာ ဖုံးအုပ်ထားတဲ့ ခပ်ခုံးခုံး အကြည်လွှာကို ခေါ်တာဖြစ်ပါတယ်။ မျက်လုံးစစ်ဆေးတဲ့အခါ ဆရာဝန်က မျက်သားအကြည်အပါအဝင် မျက်လုံးအရှေ့ပိုင်းမျက်နှာပြင်ကို စမ်းသပ်စစ်ဆေးမှာဖြစ်ပြီး ကိုလက်စထရောတက်နေသူတွေရဲ့ cornea အပြင်ဘက်ပတ်ပတ်လည်မှာ အဖြူရောင်အကွင်းတစ်ခု တွေ့ရမှာဖြစ်ပါတယ်။ ဒီအရောင်ဟာ တစ်ချိန်နဲ့တစ်ချိန် မတူညီဘဲ အရောင်ပြောင်းနိုင်ပြီး မျက်ဝန်းအရောင်ပြောင်းသွားသလို ထင်မှားစေနိုင်ပါတယ်။ အဲဒီအဖြူရောင်အကွင်းကို ဆေးပညာအရ arcus လို့ခေါ်ပါတယ်။ လူတွေအသက်ကြီးလာတဲ့အခါ သဘာဝအလျောက် သူ့အလိုလို ပေါ်လာမှာဖြစ်ပေမယ့် ကိုလက်စထရောတက်နေတာကို ဖော်ပြတဲ့လက္ခဏာတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။ Arcus ကြောင့် နာကျင်မှု၊ ကသိကအောက်ဖြစ်မှု၊ အမြင်အာရုံချို့ယွင်းမှု တစ်စုံတစ်ရာ ဖြစ်လာမှာမဟုတ်ပေမယ့် ၎င်းကြောင့်ဖြစ်တဲ့ အရောင်ပြောင်းလဲမှုကိုတော့ ပြန်ပြင်လို့ရနိုင်မှာ မဟုတ်ပါဘူး။

မျက်လုံးအနောက်ဘက်

မျက်လုံးစစ်ဆေးတဲ့အခါ ဆရာဝန်က သူငယ်အိမ်ကိုချဲ့ပြီး မျက်လုံးရဲ့အနောက်ဘက်ကိုလည်း ကြည့်ရှုစစ်ဆေးမှာဖြစ်ပါတယ်။ များသောအားဖြင့်တော့ ကိုလက်စထရောတက်နေသူတွေရဲ့ မျက်လုံးအနောက်ဘက်မှာ ထင်သာမြင်သာတဲ့ လက္ခဏာတစ်စုံတစ်ရာ တွေ့ရလေ့မရှိပေမယ့် အချို့လူနာတွေမှာတော့ မျက်ကြည်လွှာသွေးကြောပိတ်ခြင်းကဲ့သို့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ မျက်ကြည်လွှာဆီ သွေးအသယ်အပို့လုပ်နေတဲ့ သွေးကြောတွေရဲ့ နံရံမှာ ကိုလက်စထရောစုပုံလာခြင်းကြောင့် နောက်ဆုံးမှာပိတ်ဆို့တဲ့အဆင့်ထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒီလိုဖြစ်နေရင်တော့ ရုတ်တရက် ယာယီ အမြင်အာရုံဆုံးရှုံးရနိုင်ပြီး လူအတော်များများမှာ အမြင်အာရုံလုံးဝထိခိုက်သွားတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်မျက်စိဆရာဝန်က မျက်ကြည်လွှာပြောင်းလဲမှုအကြောင်း အသိပေးလာခဲ့ရင် ကိုလက်စထရောပမာဏကိုပါ စစ်ဆေးကြည့်ဖို့ သတိပြုသင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Ye Mhan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement