backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Warfarin (ဝါဖရင်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 25/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Warfarin (ဝါဖရင်)

သွေးခဲတာက ချက်ချင်းကုသမှု ခံယူတာမျိုး မရှိဘူးဆိုရင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီသွေးခဲတာကြောင့် ထိခိုက်နိုင်တဲ့ အခြေအနေတွေကို ကျော်လွှားနိုင်ဖို့ Warfarin (ဝါဖရင်)ကို အသုံးပြုကြပါတယ်။ Warfarinဆိုတာ anticoagulant အမျိုးအစား သွေးမခဲဆေးပဲ ဖြစ်ပါတယ်။

အသုံးပြုပုံများ

Warfarin (ဝါဖရင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Warfarin (ဝါဖရင်)က သွေးကျဲဆေး ဖြစ်ပြီး သွေးကြောတွေထဲမှာ သွေးခဲ ပိတ်ဆို့တာမျိုး မဖြစ်စေဖို့အတွက် နဲ့ သွေးခဲတွေ ကြီးမလာစေအောင် ကုသဖို့နဲ့ ကာကွယ်ဖို့အတွက် အသုံးပြုပါတယ်။

ဒီဆေးကို ခြေထောက် သွေးပြန်ကြောထဲမှာ သွေးခဲပိတ်ဆို့တဲ့ လူနာတွေ နဲ့ အဆုတ်သွေးကြောထဲမှာ သွေးခဲပိတ်ဆို့တဲ့ လူနာတွေအတွက် အသုံးပြုပါတယ်။

သွေးခဲနိုင်ခြေရှိတဲ့ လူနာတွေ ဖြစ်ကြတဲ့ နှလုံးခုန် မမှန်တာ၊ နှလုံးအဆို့ရှင် အစားထိုးထားတာလိုမျိုး ကျန်းမာရေးပြဿနာတွေကြောင့် သွေးခဲနိုင်ခြေ ရှိသူတွေမှာလည်း အသုံးပြုနိုင်ပါတယ်။

Warfarin (ဝါဖရင်)ကို ဘယ်လို သောက်သုံးသင့်သလဲ

Warfarin (ဝါဖရင်)ကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်ပေးပါ။ ဆရာဝန် ညွှန်းထားတဲ့ ဆေးပမာဏထက် ပိုသောက်တာ၊ လျှော့သောက်တာတွေ မလုပ်ပါနဲ့။

ဆေးအာနိသင် ထိရောက်မှု ရှိစေဖို့ ဆေးကို နေ့စဉ် အချိန်မှန် သောက်ပေးပါ။ ရောဂါအခြေအနေ သက်သာလာလို့ဆိုပြီး ဆေးကို ဖြတ်လိုက်တာမျိုး မလုပ်ပါနဲ့ ဆေးပတ်လည်အောင် သောက်ပါ။ ဆရာဝန် ညွှန်ကြားချက် မပါဘဲ ဆေးရပ်လိုက်တာမျိုး မလုပ်ပါနဲ့။

ဆေးကုသမှု ခံယူနေစဉ်မှာ ပုံမှန် သွေးစစ်ဆေးဖို့ လိုပါမယ်။ သွေးစစ်ဆေးမှု ရလဒ်က ဆရာဝန်ကို ဆေးပမာဏ တိုးသင့်လား လျှော့သင့်လားဆိုတာကို ဆုံးဖြတ်နိုင်ဖို့ ထောက်ကူပေးပါလိမ့်မယ်။

Warfarin (ဝါဖရင်) ကို ဘယ်လိုသိမ်းဆည်းရမလဲ။

Warfarin (ဝါဖရင်)ကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်အသိပေးချက်နှင့် သတိပြုရန်အချက်များ

Warfarin (ဝါဖရင်)ကို အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Warfarinက အသက်အန္တရာယ် ထိခိုက်စေတဲ့အထိ ပြင်းထန်တဲ့ သွေးထွက်တာမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • သွေးရောဂါ တစ်မျိုးမျိုး
  • ကိုယ်တွင်းအင်္ဂါသွေးယိုစီးတဲ့ ပြဿနာ
  • နှလုံးရောဂါ
  • ရင်ဘတ်အောင့်တာ
  • လေဖြတ်တာ
  • ကင်ဆာ
  • နာတာရှည် ဝမ်းပျက်တာ
  • အသည်းရောဂါ

မ​ကြာခဏ ချော်လဲတာ၊ ပြင်းထန်တဲ့ ထိခိုက်မှု ဖြစ်ဖူးတာတွေ ရှိမယ်ဆိုရင်၊ မကြာသေးခင်က ခွဲစိတ်မှု ခံယူဖူးရင် ဆရာဝန်ကို ပြောပြထားဖို့ လိုပါမယ်။

Warfarin (ဝါဖရင်)ကို အသက် ၆၅ နှစ်အထက် လူကြီးတွေမှာ ပမာဏများများအသုံးပြုတာက သွေးထွက်နိုင်ခြေများပါတယ်။ တွန်းတွန်းတိုက်တိုက် အားကစားနည်းတွေ လေ့ကျင့်တဲ့သူတွေမှလည်း သွေးထွက်နိုင်ခြေများပါတယ်။

ဒါကြောင့် ဒီဆေးသောက်ထားချိန်မှာ ချော်လဲတာ၊ ထိခိုက်မိတာတွေ မဖြစ်အောင် ရှောင်ရှားရပါမယ်။ ချွန်ထက်တဲ့ အရာတွေ ဖြစ်တဲ့ မုတ်ဆိတ်ရိတ်ဓား စတာတွေကို အသုံးပြုချိန်မှာလည်း မထိခိုက်မိအောင် သေချာ ဂရုစိုက်ရပါမယ်။

တကယ်လို့ ဆေးအသုံးပြုထားချိန်မှာ ချွန်ထက်တဲ့ ထိခိုက်မိနိုင်ခြေရှိတဲ့ အရာတွေကို မဖြစ်မနေ အသုံးပြုဖို့ လိုမယ်ဆိုရင် အခြားသူကို အကူအညီတောင်းတာမျိုး လုပ်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Warfarin (ဝါဖရင်)ကို သုံးစွဲဖို့ စိတ်ချရပါသလား

Warfarinက အချင်းကနေတဆင့် သန္ဓေသားဆီရောက်ရှိပြီး ကလေးမှာ သွေးထွက်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို အသုံးပြုမှုက ကိုယ်ဝန်ပျက်ကျတာ၊ လမစေ့ဘဲ မွေးဖွားတာ၊ ကလေးအသေမွေးတာတွေကို ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဆေးကို ကိုယ်ဝန်ဆောင် ပထမ ၃ လပတ်နဲ့ မွေးဖွားခါနီးမှာ အသုံးမပြုသင့်ပါဘူး။

အမေရိကန် နှလုံးကန်းမာရေး တက္ကသိုလ်ကတော့ Warfarin (ဝါဖရင်)က မိခင်နို့ရည်ကနေတဆင့် ကလေးဆီကို မရောက်ရှိစေနိုင်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် နို့တိုက်မိခင်တွေ သောက်လို့ ရတယ်ဆိုပေမယ့် ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ သောက်သင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

Warfarin (ဝါဖရင်)ကို အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ အတွေ့ရများတဲ့ ဘေးထွက်ဆိုးကျိုးတွေထဲက တစ်ခုကတော့ သွေးထွက်လွယ်တာပါ။ ဥပမာ နှာခေါင်းသွေးလျှံတာ၊ သွားဖုံးသွေးယိုစီးတာ၊ သွေးခြည်ဥတာ၊ ရာသီသွေးဆင်း များတာမျိုးတွေပါ။

ဒီအခြေအနေက နဂိုကျန်းမာရေး မကောင်းတဲ့သူတွေမှာ ပိုပြီးအတွေ့ရများပါတယ်။

အခြားဘေးထွက်ဆိုးကျိုးတွေ အနေနဲ့ကတော့

  • ဗိုက်အောင့်တာ
  • လေပွတာ
  • အရသာ ပြောင်းတာ
  • ဆံပင်ကျွတ်တာ
  • အရမ်းချမ်းတတ်တာ
  • အသံဝင်တာ
  • ရင်ဘတ်အောင့်တာ
  • အဖျား
  • မအီမသာဖြစ်တာ၊ အော့အန်တာ
  • ဝမ်းပျက်တာ
  • နုံးချိနေတာ
  • အစားစားချင်စိတ် မရှိတာ
  • မျက်ဖြူသား နဲ့ အသားတွေ ဝါနေတာမျိုးပါ။

အခုပြောခဲ့တဲ့ လက္ခဏာတွေ ခံစားရမယ်ဆိုရင် ဒါမှမဟုတ် အခြေအနေ တိုးတက်တာမျိုး မရှိဘူးဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသပြီး ကုသမှု ခံယူပါ။

ဆေးဝါးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Warfarinနဲ့ ဓာတ်ပြုနိုင်သလဲ

Warfarinက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • သွေးကျဲဆေးတွေ ဥပမာ – aspirin၊ ticlopidine နဲ့ dipyridamole
  • ​ဂေါက်ရောဂါအတွက် သောက်ဆေး allopurinol 
  • နှလုံးခုန် မမှန်တာအတွက် သောက်ရတဲ့ဆေး ဥပမာ – amiodarone နဲ့ propafenone
  • တီဘီ ဆေး ဥပမာ – rifampin.
  • အတက်ရောဂါ သောက်ဆေး ဥပမာ –  phenytoin or carbamazepine .
  • အရောင်ကျပြီး အကိုက်အခဲပျောက်ဆေးတွေ  NSAIDs.
  • ကိုလက်စထရော ကျဆေး ဥပမာ – fluvastatin နဲ့ gemfibrozil
  • ဗီတာမင်ကေ အားဆေး

အစားအသောက်တွေနဲ့ အရက်က Warfarinနဲ့ ဓာတ်ပြုနိုင်သလား

Warfarinက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် ဗီတာမင် ကေ ကြွယ်ဝတဲ့ အစားအစာတွေက ဆေးရဲ့ အာနိသင်ကို ကျစေတာကြောင့် အောက်ပါအစားအစာတွေကို လျှော့စားသင့်ပါတယ်။

  • ကိုက်လန်
  • မုန်ညင်း
  • ပန်းပွင့်စိမ်း
  • ကညွှတ်
  • ချာမိုမိုင်း သို့မဟုတ် လက်ဖက်စိမ်း
  • ရေညှိ

ဒါ့ပြင်  အောက်ပါသောက်စရာတွေက ဆေးရဲ့ အာနိသင်ကို တိုးစေပြီး သွေးယိုစေနိုင်တာကြောင့် ဒါတွေကိုလည်း ရှောင်ဖို့ လိုပါတယ်။

  • Craneberry ဖျော်ရည်
  • စပျစ်ဖျော်ရည်
  • အရက်

မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Warfarinနဲ့ ဓာတ်ပြုနိုင်သလဲ

Warfarinက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဆေးကို လူနာရဲ့ ကျန်းမာရေးအခြေအနေနဲ့ အသက်အရွယ်ကို လိုက်ပြီး ဆရာဝန်က သောက်ရမယ့် ဆေးပမာဏကို ချိန်ညှိပေးပါလိမ့်မယ်။

ပုံမှန် အားဖြင့်ကတော့ အရွယ်ရောက်ပြီးသူတွေကို တစ်နေ့ကို ဆေးပြား 5–10 mg အထိ ပေးနိုင်ပြီး ဆေးကို ၁ ရက် ကနေ ၂ ရက်အထိ စသောက်ပေးရပါတယ်။

သွေးတွင်းရှိ ဆေးပမာဏကို ထိန်းညှိဖို့ဆိုရင် Warfarinကို တစ်နေ့ကို 3–9 mg အထိ သောက်ပေးလို့ ရပါတယ်။

Warfarin ကို ဘယ်လိုရရှိနိုင်သလဲ

Warfarin ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနဲ့ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ဆေးပြား ၀.၅ မီလီဂရမ်၊ ၁မီလီဂရမ်၊ ၃မီလီဂရမ်၊ ၅မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Warfarin ကို သောက်ဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်ပါ။ ဒါပေမယ့် နောက်တစ်ကြိမ်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သုံးပါ။ ဆေးနှစ်ကြိမ် သောက်တာမျိုး မလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 25/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement