backup og meta

Placebo ဆေးတွေအကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Placebo ဆေးတွေအကြောင်း

    Placebo ဆိုတာ တကယ့်ဆေးနဲ့ပုံစံတူထုတ်လုပ်ထားပေမဲ့ အာနိသင်မပါဝင်တဲ့ဆေးတွေ ဖြစ်ပါတယ်။ အသွင်တူအာနိသင်မရှိသောဆေးတွေလို့လည်း ခေါ်ပါတယ်။ မေးစရာရှိတာက ဘာအာနိသင်မှမရှိတဲ့ဆေးတွေက ဘာကောင်းကျိုးရှိသလဲပေါ့။ ဒါကြောင့် အခုဆောင်းပါးမှာ placebo တွေအကြောင်း နည်းနည်းလောက်ပြောပြ ပေးချင်ပါတယ်။

    Placebo တွေကို အဓိကအားဖြင့် ဆေးကုမ္ပဏီတွေက ဆေးအသစ်စမ်းသပ်ထုတ်လုပ်တဲ့နေရာမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပါတယ်။ စမ်းသပ်ပုံကို ဥပမာပေးရရင်  ရောဂါတစ်ခုခုခံစားနေရသူတွေကို အုပ်စု (၂) စုခွဲပြီး စမ်းသပ်ထုတ်လုပ်ဆဲဆေးနဲ့ ဘာအာနိသင်မှမရှိတဲ့ပုံစံတူ placebo ဆေးတွေပေးပြီး ဘယ်အုပ်စုက ရလဒ်ပိုကောင်းသလဲဆိုတာကို စောင့်ကြည့်လေ့လာတာမျိုးပါ။

    ဒီနည်းနဲ့ အသစ်ထုတ်လုပ်မယ့်ဆေးက ဘယ်လောက်ထိထိရောက်မှုရှိသလဲဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်။ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေအနေနဲ့ ထုတ်လုပ်မယ့်ဆေးအသစ်တွေကအတူယှဉ်တွဲစမ်းသပ်တဲ့ placebo ဆေးတွေထက်ပိုအာနိသင်ကောင်းတယ်ဆိုတာကို သက်သေပြနိုင်ဖို့လိုအပ်ပါတယ်။ Placebo ဆေးကသောက်ဆေးအနေနဲ့တင်မဟုတ်ဘဲ ထိုးဆေး၊ လိမ်းဆေး စတဲ့ပုံစံအမျိုးမျိုးရှိပါတယ်။

    ဘာအာနိသင်မှမရှိတဲ့ဆေးကိုသောက်လို့ ဘာများထူးခြားသွားမှာလဲလို့ မေးစရာရှိပါတယ်။ အံ့သြစရာကောင်း တဲ့တစ်ချက်က placebo ဆေးတွေက သောက်သုံးသူအပေါ်သက်ရောက်မှုရှိပြီး တချို့အခြေအနေတွေမှာဆို တကယ့်ဆေးနီးပါး အာနိသင်ရှိတာတွေ့ရပါတယ်။ များသောအားဖြင့် စိတ်ကျရောဂါ၊ ပါကင်ဆန်အာရုံကြော အားနည်းရောဂါ၊ စိတ်အတက်အကျမြန်ရောဂါ၊ အိပ်မပျော်တဲ့ရောဂါ၊ အူလမ်းကြောင်းလှုပ်ရှားမှုမမှန်တဲ့ရောဂါနဲ့ အမျိုးသမီးတွေသွေးဆုံးခါနီးဖြစ်တဲ့စိတ်အခြေအနေတွေမှာ placebo ဆေးတွေက တကယ့်ဆေးတွေလို သက်ရောက်မှုရှိတာကို လေ့လာတွေ့ရှိရတယ်လို့ဆိုပါတယ်။

    Placebo ဆေးတွေသောက်သုံးရင် ရောဂါလက္ခဏာတွေသက်သာသွားသယောင် ထင်ရခြင်းက သောက်သုံးသူရဲ့ စိတ်အခြေအနေနဲ့အဓိကသက်ဆိုင်နေပါတယ်။ Placebo ဆေးသောက်လိုက်သူက ဒီဆေးဟာရောဂါတွေ သက်သာအောင်/ပျောက်ကင်းအောင်လုပ်ပေးနိုင်တယ်လို့ မျှော်လင့်ထား၊ ယုံကြည်ထားတဲ့အတွက် ခန္ဓာကိုယ်ထဲက ဓာတုဓာတ်တွေကလည်း အလားတူရလဒ်ထွက်ပေါ်လာအောင် အတိုင်းအတာတစ်ခုထိ လုပ်ဆောင်ပေးတယ်လို့ ဆိုပါတယ်။ ပြောရမယ်ဆိုရင်တော့ ယုံကြည်မှုရဲ့စွမ်းအားပါပဲ။

    သောက်သုံးလိုက်တဲ့ဆေးက အစစ်အမှန်မဟုတ်ပေမဲ့ သောက်တဲ့သူရဲ့စိတ်ကအစစ်လို့ယုံကြည်ထားတဲ့အတွက် တကယ့်ဆေးသောက်သလိုခံစားချက်မျိုးရရှိသွားပါတယ်။ လေ့လာမှုတစ်ခုကို ကိုးကားဖော်ပြရရင် ပန်းနာရင်ကျပ်ခံစားနေရတဲ့ လူနာ တစ်ယောက်ကို ဘာဆေးမှမထည့်ထားတဲ့ placebo inhaler ပေးပြီးရှူခိုင်းပါတယ် (လူနာက placebo inhaler မှန်းမသိပါဘူး) အချိန်တစ်ခုစောင့်ပြီး လူနာကို ပြန်စမ်းသပ်ကြည့်တဲ့အချိန်မှာ ၎င်းရဲ့ ပန်းနာရင်ကျပ်အခြေအနေကထူးပြီးကောင်းမွန်လာတာမတွေ့ရပါဘူး။

    ဒါပေမဲ့ လူနာကို ဘယ်လိုခံစားရသလဲ မေးမြန်းကြည့်တဲ့အခါမှာ ဆေးရှူလိုက်တဲ့အတွက်ရင်ကျပ်တာတွေ သက်သာသွားပြီး အသက်ရှူလို့ပိုကောင်း လာတယ်လို့ဖြေဆိုခဲ့ပါတယ်။ ဒီအချက်ကိုကြည့်ရင် placebo တွေက ရောဂါကိုအမှန်တကယ်သက်သာသွားအောင် မလုပ်ဆောင်နိုင်ပေမဲ့ လူနာရဲ့စိတ်ခံစားချက်သက်သာသွား အောင်လုပ်နိုင်တာကို တွေ့ရမှာပါ။

    Placebo ဆေးတွေရဲ့သက်ရောက်မှုမှာ ဒီအချက် (၄) ချက်နဲ့ အဓိကပါဝင်ပတ်သက်နေပါတယ်

    (၁) လူနာရဲ့မျှော်လင့်ချက်နဲ့ စိတ်အခြေအနေ

    အပေါ်မှာပြောခဲ့သလိုဘဲ လူနာကဆေးသောက်ပြီးရင် ရောဂါပျောက်တော့မယ် (ဒါမှမဟုတ်) သက်သာသွား မယ်ဆိုတဲ့မျှော်လင့်ချက်က ခန္ဓာကိုယ်အပေါ်သက်ရောက်မှုဖြစ်လာပါတယ်။ စိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းတွေ ကျဆင်းသွားပြီး လက်တလောခံစားနေရတဲ့ဝေဒနာတွေကို အတိုင်းအတာတစ်ခုထိ လျော့ပါးသက်သာသွားစေ နိုင်ပါတယ်။

    (၂) ဦးနှောက်အာရုံကြောစနစ်အပေါ် သက်ရောက်မှု

    Placebo ဆေးသောက်သုံးလိုက်ရင် ဦးနှောက်နဲ့ ပင်မအာရုံကြောစနစ်မှာ အပြောင်းအလဲတွေဖြစ်ပေါ်လာတတ် တာကိုလေ့လာတွေ့ရှိရပါတယ်။ Placebo ဆေးတွေကြောင့် dopamine (စိတ်ပျော်ရွှင်စေတဲ့ဟော်မုန်း) ထွက်ရှိ လာပြီး ဒီဟော်မုန်းဓာတ်က ဦးနှောက်ကိုလှုံ့ဆော်ပေးတဲ့နေရာမှာ အဓိကနေရာကပါဝင်ပါတယ်။

    (၃) PNEI ပညာရပ်

    ဦးနှောက်က လက်ခံရရှိနားလည်တဲ့ အာရုံတစ်ခုခုကို ပြုပြင်ပေးရုံနဲ့ ခုခံအားစနစ်မှာပါ အပြောင်းအလဲဖြစ်တယ် ဆိုတဲ့အယူအဆကို PNEI ပညာရပ်ကတွေ့ရှိခဲ့ပါတယ်။  ၁၉၈၀ ဝန်းကျင်တစ်ဝိုက်လောက်မှာ စတင်တွေ့ရှိခဲ့တဲ့ PNEI ပညာရပ်က စိတ်ပညာ၊ ဦးနှောက်နှင့်ပင်မအာရုံကြောပညာနဲ့ ခုခံအားစနစ် (၃) ခုကိုယှဉ်တွဲလေ့လာပြီး placebo တွေကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်အသုံးချနိုင်အောင်တွန်းအားပေးခဲ့တဲ့ ပညာတစ်ခုလည်းဖြစ်ပါတယ်။

    (၄) ခန္ဓာကိုယ်ရဲ့ အလိုက်သင့်ပြောင်းလဲနိုင်မှု

    နို့တိုက်သတ္တဝါတွေရဲ့ ခန္ဓာကိုယ်ကပြင်ပရောဂါပိုးမွှားတွေကို တိုက်ထုတ်တဲ့နေရာမှာ သူ့အလိုလိုဆောင်ရွက် ပေးတဲ့လုပ်ငန်းတွေရှိပြီးသားဖြစ်ပါတယ်။ (ဥပမာ – ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်တွေ ကူးစက်ခံရတဲ့အခါမှာ ဖျားနာတာမျိုးဖြစ်ပါတယ်) အခြေအနေကိုသုံးသပ်ပြီးဦးနှောက်က ဘယ်လို တုံ့ပြန်မှုမျိုး လုပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ပေးပြီး တကယ်မလိုအပ်ဘူးလို့ ဦးနှောက်ကယူဆခဲ့ရင် မတုံ့ပြန်ဘဲ နေလိုက်ပါတယ်။ Placebo ဆေးတွေကို တကယ့်ဆေးလို့ထင်မှတ်ပြီး သောက်သုံးလိုက်တဲ့အချိန်မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဆေးဝါးရရှိသွားပြီလို့ ဦးနှောက်ကယူဆတဲ့အတွက် ခံစားနေရတဲ့လက္ခဏာတွေ အတိုင်းအတာတစ်ခုထိ သက်သာသွားနိုင်ပါတယ်။

    Dr. Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement