backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Nystatin (နစ်စ်တက်တင်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Nystatin (နစ်စ်တက်တင်)

Nystatin(နစ်စ်တက်တင်)ကို မှိုရောဂါများ ကုသဖို့အတွက် ပုံစံမျိုးစုံနဲ့ ရနိုင်ပါတယ်။ ဥပမာ မှက္ခရုကို ကုဖို့ သောက်ဆေးရည်၊ အူလမ်းကြောင်း ကန်ဒီဒါ (candida) ကို ကုဖို့ သောက်ဆေး၊ အရေပြားမှိုရောဂါကို ကုဖို့ လိမ်းဆေး၊ မိန်းမကိုယ်မှိုစွဲတာကို ကုဖို့ မိန်းမကိုယ်ဆေးတောင့် ဒါမှမဟုတ် လိမ်းဆေးကရင်မ် စသဖြင့် ပုံစံမျိုးစုံရှိပါတယ်။

အသုံးပြုပုံများ

Nystatin (နစ်စ်တက်တင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Nystatin ကို ပါးစပ်ထဲမှိုစွဲခြင်း (မှက္ခရု) ကုသရန် အသုံးပြုပါတယ်။ Nystatin က  မှိုများပေါက်ခြင်းကို တားဆီးပေးနိုင်ပါတယ်။

Nystatin (နစ်စ်တက်တင်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးရည်ဆိုရင် အသုံးမပြုခင် ဆေးပုလင်းကို သေချာလှုပ်ပါ။ ဆေးရည်ပမာဏကို တိုင်းတာဖို့ ဆေးနဲ့ အတူပါလာတဲ့ အစက်ချပစ္စည်းလေးကို အသုံးပြုပါ။ သင့် ဆရာဝန်မှ အထူးတလည် ညွှန်ကြားထားခြင်းမျိုးမရှိရင် အောက်ပါအတိုင်း အသုံးပြုပါ။ အသုံးပြုရမည့် ဆေးပမာဏ တဝက်ကို ပါးစောင်တဖက်မှာ ငုံပါ။ ပြီးရင် ပါးစပ်ထဲနှံ့အောင် အာလုပ်ကျင်းပြီး (ညွှန်ကြားထားသည့်အတိုင်း) ထွေးထုတ် သို့မဟုတ် မျိုချပါ။ ဆေးရည်ကို ပါးစပ်ထဲတွင် တတ်နိုင်သမျှကြာကြာထားပါ။ ကျန်ရှိသော ဆေးတဝက်ကိုလည်း အခြားပါးစောင်တဖက်တွင် ငုံပြီး အထက်ပါအတိုင်း ထပ်မံပြုလုပ်ပါ။ ဒါပြီးရင်တော့ ၅မိနစ် မှ ၁၀မိနစ်အတွင်း အစာမစားပါနဲ့။

ဆေးကို တနေ့လျှင် ၄ကြိမ် သို့မဟုတ် ဆရာဝန်ညွှန်ကြားသည့်အတိုင်း အသုံးပြုပါ။ လုံးဝအရှင်းပျောက်ကင်းစေရန် ရက်အနည်းငယ်မှ လအနည်းငယ်အထိ ကြာမြင့်နိုင်ပါတယ်။ ဆေးအာနိသင် အကောင်းဆုံးရစေရန် ဆေးကို အချိန်မှန်မှန် အသုံးပြုပါ။ နေ့စဉ်နေ့တိုင်း တူညီသော အချိန်တခုတည်းတွင် အသုံးပြုပါက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးပမာဏ အနည်းအများက သင့်ရောဂါအခြေအနေနဲ့ ဆေးကို တုံံ့ပြန်မှုအပေါ် မူတည်ပါတယ်။

ရောဂါအနည်းငယ်သက်သာသွားသည့်တိုင် ဆေးကို ဆရာဝန်ညွှန်ကြားထားသည့် ကာလအတိုင်း ဆက်လက်အသုံးပြုရန် လိုအပ်ပါသည်။ ဆေးကို သတ်မှတ်ချိန်မတိုင်မီ ရပ်လိုက်မယ်ဆိုရင် အမြစ်မပြတ်ဘဲ ထပ်ဖြစ်တတ်ပါတယ်။

ရက်အတော်ကြာ သုံးစွဲပြီး မသက်သာရင် သို့မဟုတ် ပိုဆိုးလာရင် ဆရာဝန်ကို အသိပေးပါ။

Nystatin (နစ်စ်တက်တင်) ဘယ်လိုသိမ်းဆည်းရမလဲ

Nystatin(နစ်စ်တက်တင်)ကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Nystatin (နစ်စ်တက်တင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။
  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်။
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Nystatin(နစ်စ်တက်တင်)ကို သုံးစွဲဖို့ စိတ်ချရပါသလား

တိရစ္ဆာန်တွေမှာ လေ့လာချက်အရ Nystatinက သန္ဓေသားကို ထိခိုက်စေနိုင်တယ်လို့ တွေ့ရှိရပါတယ်။ လူသားတွေမှာ စမ်းသပ်ချက် အလုံအလောက်တော့ မရှိသေးပါဘူး။ ကောင်းကျိုး ဆိုးကျိုးကို ချိန်ဆဖို့ အသုံးမပြုခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

ယခုဆေးဝါးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Nystatin (နစ်စ်တက်တင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ပျို့တာ
  • အန်တာ
  • ဝမ်းလျှောတာ
  • ဓာတ်မတည့်တာတွေ ဖြစ်လာရင်ပါ။

အခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့ တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Nystatin (နစ်စ်တက်တင်) နဲ့ ဓာတ်ပြုနိုင်သလဲ

Nystatinက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

အစားအသောက်တွေနဲ့ အရက်က Nystatin (နစ်စ်တက်တင်) နဲ့ ဓာတ်ပြုနိုင်သလား

Nystatinက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Nystatin(နစ်စ်တက်တင်) နဲ့ ဓာတ်ပြုနိုင်သလဲ

Nystatinက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူတွေ အသုံးပြုရမယ့်ပမာဏ

  • ခံတွင်းမှက္ခရုအတွက်

ငုံဆေး တစ်ပြားမှ နှစ်ပြား (200,000- 400,000 ယူနစ်) တစ်နေ့ ၄ကြိမ်မှ ၅ကြိမ် (သို့မဟုတ်) ဆေးရည် 500,000 ယူနစ် တစ်နေ့ ၄ကြိမ်

သောက်ဆေး 500,000- 1,000,000 ယူနစ် တစ်နေ့ ၃ကြိမ်

ကလေးတွေအတွက် အသုံးပြုရမယ့်ပမာဏ

တစ်လအောက် ကလေး : ဆေးရည် 100,000 ယူနစ် တစ်နေ့ ၄ကြိမ်

တစ်လနဲ့ တစ်နှစ်ကြား : ဆေးရည် 200,000 ယူနစ် တစ်နေ့ ၄ကြိမ်

တစ်နှစ်နဲ့ ၁၈နှစ်ကြား : ငုံဆေး တစ်ပြားမှ နှစ်ပြား (200,000- 400,000 ယူနစ်) တစ်နေ့ ၄ကြိမ်မှ ၅ကြိမ် (သို့မဟုတ်) ဆေးရည် 500,000 ယူနစ် တစ်နေ့ ၄ကြိမ်

Nystatin (နစ်စ်တက်တင်)ကို ဘယ်လိုရရှိနိုင်သလဲ

Nystatin ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ကရင်မ် 100,000 units/gram
  • လိမ်ဆေးအဆီ100,000 units/gram
  • ဆေးရည်100,000 units/mL
  • သောက်ဆေးပြား 500,000 units
  • ငုံဆေး 200,000 units
  • မိန်းမကိုယ်ထည့် ဆေးတောင့် 100,000 units

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Nystatinကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement