backup og meta

စမြင်းတုံးခံခြင်း နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ

စမြင်းတုံးခံခြင်း ဆိုတာ သာမန်ဝမ်းချုပ်တာထက် ပိုသွားပါပြီ။ ဝမ်းက မသွားရုံတင် မဟုတ်တော့ဘဲ ကျောက်ခဲလို မာကျောနေတာမျိုးပါ။ ဒီတော့ ဝမ်းကမာပြီး သွားလို့မရ၊ သွားလို့မရတော့ ဝမ်းကပိုမာနဲ့ သံသရာလည်နေတတ်ပါတယ်။ ဒါကြောင့် စမြင်းတုံခံခြင်း နဲ့ ပတ်သက်ပြီး ဒါတွေသိထားဖို့ လိုလာပါပြီ။

စမြင်းတုံးခံခြင်း နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ

စမြင်းတုံးခံခြင်း နဲ့ ဝမ်းချုပ်ခြင်းနဲ့ တူသလား

ဝမ်းချုပ်တယ်ဆိုတာက ဝမ်းသွားရခက်ရုံသက်သက်ပါပဲ။ ဝမ်းပျော့ဆေးတွေ ‌သောက်ရင် ပြန်သွားနိုင်ခြေ ရှိပါတယ်။ စမြင်းတုံးခံတာကျတော့ ဒီထက်ပိုအဆင့်မြင့်သွားပါပြီ။ ဝမ်းပျော့ဆေးတွေ သောက်တာ၊ ရေများများသောက်တာလောက်နဲ့တင် ရချင်မှ ရတော့မှာပါ။

ဆရာဝန်နဲ့ပြပြီး ကုရမယ့် အခြေအနေဖြစ်နေပါပြီ။

ဘယ်သူတွေမှာ စမြင်းတုံးခံတာ ဖြစ်တတ်သလဲ

စမြင်းတုံးခံတာက ဝမ်းချုပ်တာလောက် အဖြစ်မများပေမယ့် ဖြစ်တော့ဖြစ်တတ်ပါတယ်။ အထူးသဖြင့်

  • သက်ကြီးရွယ်အိုတွေ

သူတို့က မှတ်ဉာဏ်ချို့ယွင်းလာတဲ့အတွက် အိမ်သာသွားဖို့ မေ့တာ၊ နဂိုတည်းက အသက်ကြီးလာရင် ဝမ်းက ချုပ်တတ်လာတာကြောင့်လည်း များပါတယ်။ နောက်ပြီး အရိုးအဆစ်တွေ နာတာကြောင့် ခဏခဏ သွားသွားလာလာ မလုပ်နိုင်တာဘဲ ကြာရှည်ဝမ်းချုပ်တတ်ပါတယ်။

နောက်ပြီး အသက်ကြီးလာတာနဲ့အမျှ ဆေးတွေသောက်ရတာလည်း များပါတယ်။ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဝမ်းချုပ်ပြီး စမြင်းတုံးခံတတ်ပါတယ်။

  • ကလေးငယ်တွေ

ကလေးတွေမှာ အိမ်သာအသုံးပြုဖို့ စပြီးသင်ပေးတဲ့အချိန်မှာ တွေ့ရတတ်ပါတယ်။ အိမ်သာသွားဖို့ အသားမကျသေးတာကြောင့် ခဏခဏ ဝမ်းချုပ်တာ၊ ရက်ရှည်ဝမ်းချုပ်တာတွေ ဖြစ်တတ်ပါတယ်။

  • အာရုံကြောရောဂါရှိသူတွေ

လေဖြတ်တာက စလို့ ကျောရိုးအာရုံကြောထိခိုက်ထားတာ၊ ပါကင်ဆန်၊ မှတ်ဉာဏ်ချို့ယွင်းတာ စတဲ့ အာရုံကြောရောဂါတွေမှာလည်း စမြင်းတုံးခံတာ ဖြစ်တတ်ပါတယ်။

  • ခဏခဏ ဝမ်းချုပ်တတ်သူတွေ

ခဏခဏ ဝမ်းချုပ်တတ်သူတွေ၊ ဝမ်းအောင့်ထားတတ်သူတွေကလည်း တစ်ချိန်မဟုတ် တစ်ချိန်မှာ စမြင်းတုံးခံလာနိုင်ပါတယ်။

  • နေထိုင်စားသောက်မှုပုံစံမမှန်တာတွေ

အရွက်တွေ အစားနည်းတယ်၊ ရေသောက်နည်းတယ်၊ အထိုင်များတယ် စတဲ့သူတွေမှာလည်း ဝမ်းခဏခဏ ချုပ်ရာကနေ စမြင်းခံလာနိုင်ပါတယ်။

  • ဆေးဝါးတွေ

တချို့သော သွေးပေါင်ကျဆေးတွေ၊ စိတ်ရောဂါကုဆေးတွေ၊ opiateအမျိုးအစား အကိုက်အခဲပျောက်ဆေးတွေကလည်း ဝမ်းချုပ်တတ်ပါတယ်။ ဒီဆေးတွေက နေ့စဉ်စွဲသောက်ရတာ ဖြစ်တဲ့အတွက် ကြာလာတဲ့အခါ စမြင်းခံလာပါတယ်။ ဒါကြောင့် ဆေးတစ်ခုခုစသောက်ပြီး ဝမ်းချုပ်တယ်ဆို ဆရာဝန်ကို ပြန်ပြောဖို့ လိုပါတယ်။

ဒါတွေအပြင် ဝမ်းနှုတ်ဆေး ခဏခဏသောက်တဲ့သူတွေ၊ အူမကြီးမှာ ရောဂါတစ်ခုခု ရှိတဲ့သူတွေမှာလည်း စမြင်းတုံးခံတာကို တွေ့ရပါတယ်။

စမြင်းတုံးခံတဲ့အခါ ဒီလက္ခဏာတွေ ခံစားရတတ်ပါတယ်

စမြင်းတုံးခံတဲ့ လက္ခဏာတွေက ဝမ်းချုပ်တဲ့ လက္ခဏာတွေနဲ့ တူတူပါပဲ။ ဒါပေမယ့် ဝမ်းချုပ်တာထက် ပိုပြင်းထန်ပါတယ်။ ဝမ်းချုပ်တာအပြင်

  • ဗိုက်ထဲမှာ တင်းနေတာ
  • ဒါကြောင့် အစာစားလို့ မဝင်တာ
  • ဆီးခဏခဏသွားချင်တာ (အူကတင်းနေပြီး ဆီးအိမ်ကို သွားဖိထားလို့ပါ)
  • ဝမ်းသွားမရတဲ့အတွက် စိုးရိမ်စိတ်တွေများပြီး စိတ်တိုစိတ်ဆတ်လာတာ
  • ဝမ်းညှစ်တဲ့အတွက် စအိုတွေနာတာ၊ စအိုကွဲပြီး သွေးကျတာ
  • ဝမ်းအရည်တွေ စိမ့်ထွက်တာ

(ရှေ့မှာ စမြင်းခံနေတဲ့အတွက် အနောက်က အရည်တွေ၊ အချွဲတွေက လွတ်နေတဲ့ နေရာကနေ စိမ့်ထွက်လာတာကြောင့်ပါ)

  • ဗိုက်ရစ်တာ

(အထူးသဖြင့် ဝမ်းနှုတ်ဆေး သောက်တဲ့သူတွေမှာပါ။ ဝမ်းသွားအောင် အူက ညှစ်နေပေမယ့်လည်း စမြင်းခံနေတာကြောင့် ဝမ်းမသွားဘဲ ဗိုက်ပဲ ရစ်လာပါတယ်။)

စမြင်းတုံးခံခြင်း ကို မကုသခြင်းကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲပြဿနာများ

စမြင်းတုံးခံတာက သေချာကုသဖို့ လိုပါတယ်။ မဟုတ်ရင် နောက်ဆက်တွဲအနေနဲ့

  • အူပေါက်တာ
  • စအိုကွဲပြီး သွေးထွက်တာ
  • ဝမ်းမထိန်းနိုင်တာ
  • ဝမ်းက တစိမ့်စိမ့်ထွက်နေတာ
  • အူနဲ့ စအိုပတ်လည်မှာ အနာတွေ ဖြစ်တာ စတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

စမြင်းတုံးခံခြင်း အတွက် စစ်ဆေးနည်းနဲ့ ကုသနည်းများ

စမြင်းတုံးခံတာက လက္ခဏာနဲ့ အဓိက ခွဲတာပါ။ နာတာရှည် ဝမ်းချုပ်တဲ့ ပြဿနာနဲ့ လာကြတာ များပါတယ်။ အဲ့မှာမှ ပိုပြီးသေချာအောင်  ဓာတ်မှန်ရိုက်တာ၊ သွေးစစ်တာတွေ လုပ်ရင်လည်း လုပ်ရနိုင်ပါတယ်။

ကုသနည်းတွေကလည်း အမျိုးမျိုး ရှိပါတယ်။ ဥပမာ

  • လက်နဲ့ နှိုက်ထုတ်တာ

တစ်ခါတလေမှာ လူနာက စအိုဝမှာ တစ်စို့စို့ဖြစ်နေလို့ဆိုပြီး ကိုယ်တိုင်နှိုက်ထုတ်လာတာလည်း ရှိပါတယ်။

ဆရာဝန်ဆီရောက်လာရင်လည်း လက်နဲ့ ထုတ်လို့ အနေအထားဆိုရင် ထုတ်ပေးပါတယ်။ ဒီမာမာတုံးကြီး ထွက်သွားမှ  အဆင်ပြေမှာမို့လို့ မရွံကြပါဘူး။ လူနာရဲ့ ဗိုက်လေးကို နှိပ်နှိပ်ပြီး ထုတ်ပေးကြပါတယ်။

  • ဝမ်းချူတာ

အလွယ်ပြောရရင် စအိုကနေ ရေထိုးပြီး စမြင်းတုံးကို ပျော့အောင် လုပ်လိုက်တာပဲ ဖြစ်ပါတယ်။ အဲ့တာမှ ညှစ်ရင် ထွက်လာမှာ ဖြစ်ပါတယ်။ မထွက်လာရင်လည်း ခုနကလို လက်နဲ့ နှိုက်ထုတ်ရပါတယ်။

  • ဝမ်းပျော့ဆေးပေးတာ

စမြင်းတုံးကြီးထွက်သွားပြီဆိုရင် နောက်ကဝမ်းတွေ လွယ်လွယ်ကူကူသွားနိုင်အောင်  ဝမ်းပျော့ဆေးတွေ ပေးပါတယ်။ စမြင်းတုံးထွက်သွားတဲ့အခါ စအိုတွေနာပြီး ဝမ်းလည်း ညှစ်နိုင်မှာ မဟုတ်ပါဘူး။ ဝမ်းပျော့ဆေးပေးတာက ဝမ်းကို အားမသုံးရဘဲ ထွက်သွားအောင် ကူညီပေးနိုင်ပါတယ်။

  • ခွဲစိတ်တာ

ဝမ်းချုပ်တာကြောင့် ခွဲစိတ်ရလိမ့်မယ်လို့ ဘဝမှာ တွေးမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် စမြင်းခံတာ သိပ်ဆိုးလွန်းတာကြောင့် စအိုကွဲတာ၊ စအိုသွေးကျတာအပြင် တခြားနောက်ဆက်တွဲတွေ ဖြစ်လာရင် ခွဲစိတ်ရမှာ ဖြစ်ပါတယ်။

စမြင်းတုံးခံခြင်းကို ဘယ်လိုကာကွယ်ကြမလဲ

စမြင်းတုံခံတာကို ကာကွယ်ဖို့ဆိုရင်

  • ဝမ်းသွားချင်တဲ့အခါ အောင့်မထားပါနဲ့။
  • အသီးအရွက်များများစားပါ။
  • ရေများများသောက်ပါ။
  • အထိုင်မများပါစေနဲ့။ လှုပ်လှုပ်ရှားရှားနေပါ။
  • ဆေးတွေကြောင့် ဝမ်းချုပ်တယ်လို့ ယူဆရင် ဆရာဝန်နဲ့ ပြန်ပြပါ။

အကြံပေးချက်

စမြင်းတုံးခံတာက နေရထိုင်ရခက်တဲ့ ပြဿနာပါ။ ကုသလို့ ရတယ်ဆိုပေမယ့် မဖြစ်ခင်ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးဖြစ်တာကြောင့် ဝမ်းမချုပ်အောင် ဂရုစိုက်ဖို့ လိုပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Fecal impaction https://my.clevelandclinic.org/health/diseases/23085-fecal-impaction#:~:text=What%20is%20fecal%20impaction%3F,of%20stool%20in%20your%20rectum. Accessed date May 18, 2023

Fecal impaction https://www.osmosis.org/answers/fecal-impaction Accessed date May 18, 2023

What is fecal impaction https://www.everydayhealth.com/fecal-impaction/ Accessed date May 18, 2023

Fecal impaction https://medlineplus.gov/ency/article/000230.htm Accessed date May 18, 2023

Fecal Impaction: A Cause for Concern? https://www.ncbi.nlm.nih.gov/pmc/articles/PMC3348734/ Accessed date May 18, 2023

ယခုပုံစံ

19/03/2024

Written by Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝမ်းချုပ်မှု ကင်းဝေးစေမယ့် အလေ့အထများ

ဒါတွေက ဝမ်းချုပ်စေတယ်ဆိုတာ သိပြီးပြီလား


Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/03/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ