backup og meta

ခံတွင်းသန့်ရှင်းရေးလို့ ဆိုရာမှာ လျှာကို မေ့ထားလို့ မဖြစ်ဘူးနော်


Ye Myo Myat မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခံတွင်းသန့်ရှင်းရေးလို့ ဆိုရာမှာ လျှာကို မေ့ထားလို့ မဖြစ်ဘူးနော်

    ခံတွင်းသန့်ရှင်းရေးဆိုတာ လူသားတိုင်းအတွက် အရေးကြီးပါတယ်။ ခံတွင်းသန့်ရှင်းမှ ပါးစပ်အတွင်းမှာ အနံ့အသက်ဆိုးတွေ၊ ဘက်တီးရီးယားတွေ ကင်းစင်ပြီး သွားလေးတွေ ဖြူစင်သန့်ရှင်းနေမှာနော်။

    ဒါကြောင့် တစ်နေ့ ၂ကြိမ် သွားကို စနစ်တကျတိုက်ပေးဖို့ လိုအပ်တဲ့အပြင် လျှာကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ လျှာကို သန့်ရှင်းဖို့ မေ့တဲ့အခါ အရိအချွဲတွေ ကပ်ငြိပြီး အနံ့အသက်ဆိုးတွေအပြင် ခံတွင်းနဲ့ သက်ဆိုင်တဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

    ဒီနေ့ ပြောပြပေးမယ့် အကြောင်းအရာကတော့ အနံ့အသက်ကင်းစင်ပြီး ကျန်းမာတဲ့ ခံတွင်းအတွက် လျှာသန့်ရှင်းရေးနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ လျှာကို ဘယ်လိုဂရုစိုက်ပေးသင့်လဲ ဆိုတာကို အုပ်စု ၃စု ခွဲပြီး ပြောပြပေးချင်ပါတယ်။

    လျှာကို သေချာသန့်ရှင်းပေးခြင်း

    ၁။ ခံတွင်းသန့်ရှင်းမှုအတွက် ဂရုစိုက်တဲ့အခါ တစ်နေ့ ၂ကြိမ် မှန်ကန်တဲ့ နည်းစနစ်နဲ့ ပုံမှန်သွားတိုက်ေပးဖို့ လိုအပ်ပါတယ်။

    ၂။ တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်ဖြစ်စေ သွားပွတ်ကြိုးအသုံးပြုပြီး သွားကြားထဲ ညှပ်နေတဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားပေးပါ။

    ၃။ လျှာပေါ်မှာ ရှိတဲ့ ဘက်တီးရီးယားပိုးတွေနဲ့ အနံ့ဆိုးတွေကို ဖယ်ရှားဖို့ သွားတိုက်တဲ့အခါ လျှာကိုပါတိုက်ပေးပါ။ အစပိုင်းမှာ ပျို့အန်ချင်သလို ဖြစ်စေနိုင်ပေမယ့် အကျင့်ဖြစ်သွားတဲ့အခါ အဆင်ပြေသွားမှာပါ။

    ၄။ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရတဲ့ ပလစ်စတစ် လျှာခြစ်တံအပျော့စားလေးနဲ့ လျှာပေါ်က အရိအချွဲတွေကို တစ်နေ့ တစ်ကြိမ် ခြစ်ချပေးပါ။ လျှာရဲ့ အနောက်ကနေ အရှေ့ဘက်ကို ဖြည်းညင်းစွာ ခြစ်ချပါ။ ပြီးသွားရင် ပလုတ်ကျင်းပေးပါ။ လျှာ၊ ခံတွင်းမှာ အနာဖြစ်နေတဲ့အခါ လျှာမခြစ်ပါနဲ့။

    ၅။ တစ်နှစ်ကို ၁ကြိမ် သို့မဟုတ် ၂ကြိမ် သွားဆရာဝန်ဆီမှာ သေချာပြသပြီး ကိုယ့်သွားနဲ့ ခံတွင်းအခြေအနေကို စစ်ဆေးဖို့ အရေးကြီးပါတယ်။

    လျှာကို ကျန်းမာသန့်ရှင်းစေတဲ့ အလေ့အကျင့်တွေ

    ၁။ ရေကို တစ်နေ့လျှင် အနည်းဆုံး ၃လီတာခန့် သောက်ပေးပါ။ ရေသောက်တဲ့အခါမှာလည်း နည်းနည်းစီ သောက်မယ့်အစား ရေတစ်ဖန်ခွက် အပြည့်သောက်ပေးပါ။

    ၂။ ဆေးလိပ်သောက်ခြင်းဟာ နှုတ်ခမ်းနဲ့ ခံတွင်းကို ခြောက်သွေ့စေပြီး အရောင်မှိန်လာစေတယ်။ ခံတွင်းအနံ့ဆိုး ဖြစ်လာစေတယ်။ တံတွေးအထွက်နည်းစေပြီး ခံတွင်းကို ခြောက်သွေ့စေတယ်။ ခံတွင်းခြောက်တဲ့အခါ ဘက်တီးရီးယားတွေ ပိုမိုပေါက်ဖွားလာနိုင်တာကြောင့် ခံတွင်းကျန်းမာရေးအတွက် ဆေးလိပ်ဖြတ်လိုက်တာ အကောင်းဆုံးပါပဲ။

    ၃။ သကြားလုံးတွေ၊ အချိုတွေဟာ သွားပိုးစားစေတဲ့အပြင် အပေါ်ယံကြွေသွားလွှာ ပျက်စီးဖို့ လွယ်ကူစေတာကြောင့် လျှော့စားပေးပါ။ သကြားလုံးတွေအစား သကြားမပါဝင်တဲ့ ပီကေဝါးပေးမယ်ဆိုရင် ပါးစပ်အတွင်းမှာ တံတွေးပိုမိုထွက်စေတာကြောင့် လျှာခြောက်သွေ့တာတွေ မဖြစ်စေပါဘူး။

    ၄။ ကဖင်းဓါတ် ပါဝင်တဲ့ အအေးတွေ၊ ဖျော်ရည်တွေ၊ အရက်တွေ သောက်သုံးတာမျိုး ဆင်ခြင်သင့်ပါတယ်။ ကဖင်းဓါတ်များတဲ့ အရည်တွေဟာ ခန္ဓါကိုယ်တွင်း ရေဓါတ်ခမ်းခြောက်စေတယ်။ ခံတွင်းခြောက်ပြီး ကြာလာတဲ့အခါ ဘက်တီးရီးယားပိုး ပေါက်ဖွားဖို့ လွယ်ကူလာတယ်။ ဆိုဒါ၊ ကော်ဖီ၊ ကဖင်းဓါတ်များတဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည်၊ ဝိုင်၊ အရက်၊ ဘီယာတွေကို လျှော့သောက်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။

    အဖြစ်များတဲ့ ပြဿနာတွေကို ဖြေရှင်းခြင်း

    ၁။ ခံတွင်းခြောက်နေတဲ့ အချိန်မျိုးမှာ ပိုပြီး ယားယံစေမယ့် ခံတွင်းသန့်စင်ပစ္စည်းတွေ အသုံးပြုတာ၊ ပူစပ်ပြီး ဆီများတဲ့ အစားအစာတွေ စားတာ၊ ပူရှိန်းရှိန်းဖြစ်စေမယ့် သကြားလုံး၊ သွားတိုက်ဆေး အသုံးပြုတာ ရှောင်သင့်ပါတယ်။

    ၂။ လျှာကိုက်မိတာ၊ လျှာခြောက်ပြီး အနာဖြစ်တာ၊ ပူလွန်းတဲ့ အစာတစ်ခုခုစားမိလို့ လျှာကျက်သွားတာ၊ ခံတွင်းမှာ အနာပေါက်တာတွေအတွက် သွားတိုက်ပြီးတဲ့အခါတိုင်း ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးပါ။

    ၃။ လည်ချောင်းနာနေတဲ့အချိန်မျိုးမှာ ဆားငန်ရည်နဲ့ အာခေါင်ထိအောင် ပလုတ်ကျင်းပေးပါ။ ဆားငန်ရည် မမြိုချမိစေဖို့ သေချာဂရုစိုက်ပါ။ ပလုတ်ကျင်းပြီးတာနဲ့ ထွေးထုတ်လိုက်ပါ။

    ၄။ လျှာက အရောင်ပြောင်းနေတယ်လို့ ထင်ရပြီဆိုရင် သွားဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုအပ်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓါတ် ချို့တဲ့ခြင်းကြောင့်၊ အပူအစပ် စားခြင်းကြောင့်၊ ဆေးလိပ်သောက်ခြင်းကြောင့်၊ ငုပ်နေတဲ့ ရောဂါတစ်ခုခု ရှိနေတာကြောင့် လျှာအရောင်ပြောင်းနိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement