backup og meta

တစ်နေ့တာအတွက် ကော်ဖီသောက်ဖို့ အကောင်းဆုံး အချိန်က ဘယ်အချိန်ဖြစ်မလဲ!

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်နေ့တာအတွက် ကော်ဖီသောက်ဖို့ အကောင်းဆုံး အချိန်က ဘယ်အချိန်ဖြစ်မလဲ!

    ကော်ဖီဆိုတာက လူတော်တော်များများအတွက် မနက်ခင်းကို စတင်တဲ့ သောက်စရာပါ။ မနက်ခင်းမှာ ကော်ဖီ တစ်ခွက်သောက်တာက စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကော်ဖီက စိတ်ရောကိုယ်ပါ လန်းဆန်းစေတယ် ဆိုပေမယ့် ကော်ဖီကို အချိန် မှန်ကန်စွာ သောက်သုံးတတ်ဖို့ လိုပါမယ်။ ဒီတော့ တစ်နေ့တာအတွက် ကော်ဖီသောက်ဖို့ အကောင်းဆုံး အချိန်က ဘယ်အချိန်ဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ကော်ဖီဆိုတာက နည်းနည်းသောက်ရင် ဆေးဖြစ်ပေမယ့် အလွန်အကျွံ သောက်ရင်တော့ စိတ်ပင်ပန်းတာ၊ အိပ်ရေးပျက်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ကော်ဖီကို အချိန်မှန်မှန်လေးနဲ့ ပမာဏ မှန်မှန်လေး သောက်မိမှလည်း စိတ်ရောကိုယ်ပါ ကျန်းမာစေမှာပါ။ 

    ကဖင်းရဲ့ အကျိုးသက်ရောက်မှုကို လေ့လာခြင်း

    ကော်ဖီကို ဘယ်အချိန်မှာ သောက်တာ အကောင်းဆုံးလဲဆိုတာကို မပြောသေးခင် ကဖင်းအကြောင်းလေး နည်းနည်းလောက် ရှင်းပြပေးချင်ပါတယ်။ ကဖင်းဆိုတာက ကော်ဖီ၊ ရေနွေးကြမ်း၊ လက်ဖက်၊ လက်ဖက်ရည်တွေမှာ ပါလေ့ရှိတဲ့ အရာလေး တစ်ခုပေါ့။ 

    ကဖင်းက ဘာလုပ်ပေးလဲဆိုရင် ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးပါတယ်။ နားလည်အောင် ပြောပြရရင် စိတ်ကို လန်းဆန်းတက်ကြွနေစေတာပေါ့။ ကော်ဖီက အသင့်အတင့် သောက်သုံးမယ်ဆိုရင် စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေနိုင်တယ် ဆိုပေမယ့် ကော်ဖီကို လိုတာထက် ပိုပြီး သောက်သုံးမိမယ် ဆိုရင်တော့ အာရုံစူးစိုက်ဖို့ ခက်စေပြီး အတက်ကြွလွန်နေတာမျိုး အိပ်ပျော်ဖို့ခက်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။ 

    ကဖင်းကို အလွန်အကျွံ သောက်သုံး စားသုံးမိတာက သွေးပေါင်ချိန်ကို မြင့်တက်စေပြီး နှလုံးခုန်မြန်တာလိုမျိုး နှလုံးသွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ 

    တစ်နေ့တာအတွက် ကော်ဖီသောက်ဖို့ အကောင်းဆုံး အချိန်က ဘယ်အချိန်ဖြစ်မလဲ!

    တစ်နေ့တာအတွက် ကော်ဖီသောက်ဖို့ အကောင်းဆုံး အချိန်က ဘယ်အချိန်ဖြစ်မလဲ! ဆိုတော့ 

    ကော်ဖီကို မနက်ခင်း သောက်မယ်ဆိုရင်

    ၈ အောင်စ ပါဝင်နေတဲ့ ကော်ဖီတစ်ခွက်မှာ ကဖင်းက ၁၀၀ မီလီဂရမ်အထိ ပါဝင်နေပြီး ကော်ဖီမှုန့် ဘယ်လောက်ထိ ပါဝင်နေလဲဆိုတာနဲ့ ဘယ်လိုဖျော်စပ်ထားလဲဆိုတဲ့အပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။ 

    ကော်ဖီက စိတ်ကိုလန်းဆန်းတက်ကြွစေနိုင်တာကြောင့် မနက်ခင်းမှာ ကော်ဖီသောက်သုံးတာက တစ်နေ့တာကို လန်းဆန်း တက်ကြွစေမှာပါ။ 

    နောက်တစ်ခုက မနက်စောစော ၇-၈နာရီ ပတ်ဝန်းကျင်ဆို ခန္ဓာကိုယ်ထဲက သဘာဝဟော်မုန်း ကော်တီစောက ထွက်လာပြီး လူကို လန်းဆန်းတက်ကြွအောင် လုပ်နေပါပြီ။ ဒါကလည်း ဖြစ်သင့်တဲ့အချက်ပါ။ မနက်စောစောမှာ လန်းနေမှ အလုပ်လုပ်နိုင်မှာပေါ့။

    နဂိုတည်းက လန်းနေတဲ့သူက ကော်ဖီထပ်သောက်လိုက်မယ်ဆိုရင် ကိုယ်သောက်တဲ့ပမာဏ၊ ခံနိုင်ရည်ပေါ် မူတည်ပြီး အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ကဖင်းဒဏ်ခံနိုင်တဲ့သူတွေမှာ သိပ်ပြဿနာ မရှိလှပေမယ့် ကဖင်းဒဏ်ကို သိပ်မခံနိုင်တဲ့သူတွေ၊ များများသောက်မိတဲ့သူတွေမှာဆိုရင်တော့ လူက အလန်းလွန်ပြီး ရင်တုန်တာ၊ ခေါင်းကိုက်တာတွေ ဖြစ်နိုင်ပါတယ်။

    ကော်ဖီကို ညဘက်မှာ သောက်မယ်ဆိုရင်

    ညဘက်မှာ ကော်ဖီသောက်တာက ညဘက်မှာ အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေမှာပါ။

    ကော်ဖီသောက်ပြီးချိန်မှာ ကော်ဖီမှာ ပါလာတဲ့ ကဖင်းကို ချေဖျက်ဖို့  လူပေါ် မူတည်ပြီး ၂-၁၀နာရီလောက် ယူရပါတယ်။ ဒါကလည်း ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ် အနေအထားကို လိုက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ကွာခြားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ညဘက်မှာ ကော်ဖီသောက်တာက ကောင်းကောင်း အိပ်ပျော်စေဖို့ ခက်စေပြီး စိတ်ရောကိုယ်ပါ ပင်ပန်းစေနိုင်ပါတယ်။

    ကော်ဖီကို ဘယ်အချိန်သောက်တာ အကောင်းဆုံးလဲ!

    ကော်ဖီကို ဘယ်အချိန်မှာ မသောက်သင့်ဘူးလဲဆိုတာနဲ့ ပတ်သက်ပြီး စာတမ်းတွေ ရှိပေမယ့် ဘယ်အချိန်မှာ သောက်သင့်လဲဆိုတာနဲ့ ပတ်သက်ပြီးတော့ တိတိကျကျ လေ့လာထားတာမျိုး မရှိပါဘူး။

    ကိုယ့်ရဲ့ ခံနိုင်ရည်၊ ကိုယ်လိုချင်တဲ့ အာနိသင်ပေါ် မူတည်ပြီး ချိန်ညှိသောက်တာ အကောင်းဆုံးပါပဲ။ မနက်နိုးနိုးချင်းကို လုပ်စရာတွေပုံပြီး မလန်းဘူးလား။ ဒါဆိုရင် နိုးတာနဲ့ သောက်နိုင်ပါတယ်။ နေ့လယ်လောက်မှ သောက်တတ်သူလား။ ဒါဆို နေ့လယ်လောက်မှ သောက်ပါ။ 

    ကိုယ့်ရဲ့ တစ်နေ့တာ အလုပ်တွေ၊ အိပ်ချိန်တွေ၊ ကျန်းမာရေးတွေ မထိခိုက်သ‌ရွေ့ အဆင်ပြေတဲ့အချိန်မှာ သောက်လို့ ရပါတယ်။

    အကြမ်းအားဖြင့်တော့ ကော်တီစောစကျတဲ့ မနက်ခင်း ၉ နာရီ ကနေ ၁၁ နာရီကြားလောက်ဆိုရင် လန်းဆန်းဖို့လည်း လိုနေသေးတယ်ဆိုရင်  သောက်နိုင်ပါတယ်။ ညနေဆိုရင်လည်း အိပ်ချိန်နဲ့ အချိန်ခွာပြီး သောက်ပေးပါ။ ဒါကလည်း ကိုယ့်ရဲ့ ကဖင်းခံနိုင်ရည်အပေါ် မူတည်ပါသေးတယ်။ အိပ်ချိန်နဲ့ ၅နာရီခွာပြီး သောက်တယ်။ အိပ်မပျော်ဘူးလား။ ဒါဆို ၆နာရီ ခွာသောက်ပါ။ အိပ်ချိန်နဲ့ ၂နာရီပဲ ခွာသောက်တာ အိပ်ပျော်တယ်ဆိုရင် ၂နာရီခွာသောက်ရင် ရပါပြီ။ 

    ကော်ဖီနဲ့ ပတ်သက်လာရင် ကိုယ့်ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို နားထောင်တာက အကောင်းဆုံးပါ။

    # အမှာစကား

  • ကော်ဖီသောက်ဖို့ အကောင်းဆုံး အချိန်က လူတစ်ယောက်ချင်းစီရဲ့ အလေ့အကျင့်နဲ့ ကဖင်းကို ခန္ဓာကိုယ်က တုံ့ပြန်နိုင်မှုအပေါ်မှာ လိုက်ပြီး ကွာခြားနိုင်ပါတယ်။
  • မနက်ခင်းမှာ ကော်ဖီသောက်တာက စွမ်းအင်တိုးစေပြီး တီထွင်ဖန်တီးနိုင်စွမ်း တိုးစေပါတယ်။ အရမ်း စောစော သောက်မယ်ဆိုရင်တော့ စိတ်ဖိစီးစေနိုင်ပါတယ်။ 
  • ကော်ဖီကို နေ့လယ်ခင်းမှာ သောက်ပေးတာက ခြေကုန်လက်ပမ်း ကျတာကို သက်သာစေနိုင်သလို တက်ကြွလန်းဆန်းစေနိုင်ပါတယ်။
  • နေ့လယ်ဘက်မှာ ကော်ဖီသောက်တာက အာရုံစူးစိုက်မှု ကောင်းစေပြီး စိတ်ကို တက်ကြွနေစေမှာပါ။
  • အိပ်ချိန်နားကပ်ပြီး ကော်ဖီသောက်တာက အိပ်စက်မှုကို ထိခိုက်စေနိုင်ပါတယ်။ 
  • ကော်ဖီရဲ့ အကျိုးသက်ရောက်မှုက လူတစ်ယောက်ချင်းစီရဲ့ ကိုယ်လက်လှုပ်ရှားမှု အတိုင်းအတာပေါ်မှာလည်း မူတည်နေပါတယ်။ .
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement