backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Ambroxol (အန်ဘရိုဇော)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 15/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Ambroxol (အန်ဘရိုဇော)

Ambroxol ဆိုတာက generic drug ချွဲပျော်ဆေးတစ်မျိုးပါ။ Ambroxol (အန်ဘရိုဇော) လို့ သိကြပါတယ်။ ချွဲပျော်စေပြီး ချွဲထွက်နည်းအောင် လုပ်ဆောင်ပေးပါတယ်။ ချွဲထတာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

အသုံးပြုပုံများ

Ambroxol (အန်ဘရိုဇော) ကို ဘာအတွက်အသုံးပြုကြသလဲ

Ambroxolကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ဖြစ်ကြတဲ့ အဆုတ်ရောင်ရောဂါကြောင့် လေပြွန်ရောင်တာ၊ နာတာရှည် အဆုတ်လေပြွန်ရောင်ရောဂါ၊ အဆုတ်လေအိတ်ကျယ်ခြင်း၊ လေပြွန်ပြည်တည်နာနဲ့ လေပြွန်ပျက်စီးတာတွေအတွက် အသုံးပြုကြပါတယ်။

Ambroxol ဘယ်လိုသောက်သုံးသင့်ပါသလဲ

အစာနဲ့အတူတွဲသောက်ပါ။ ဆေးဘူးမှာပါတဲ့ အညွှန်းကို သေသေချာချာ ဖတ်ပါ။ ဆေးနဲ့ ပတ်သက်ပြီး အချက်အလက် တစ်ခုခု မသေချာဘူးဆိုရင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ပါ။

ဆေးသောက်သုံးနေပေမယ့် မသက်သာဘူး ဒါမှမဟုတ် လက္ခဏာတွေက ပိုဆိုးလာမယ်။ နောက်ထပ် လက္ခဏာအသစ်တွေ ဖြစ်လာမယ်ဆိုရင် ဆရာဝန်ကို ပြောပြပါ။ ကျန်းမာရေးအခြေအနေက ပိုဆိုးလာတယ်လို့ ယူဆတယ်ဆိုရင် နီးစပ်ရာဆေးခန်းကို အမြန်ဆုံး သွားရောက်ပါ။

Ambroxol ကို ဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

Ambroxol (အန်ဘရိုဇော)ကို အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်အသိပေးချက်နှင့် သတိပြုရန်အချက်များ

Ambroxolကို မသောက်သုံးခင်မှာ ဘယ်အချက်တွေကို သိထားသင့်သလဲ။

Ambroxol (အန်ဘရိုဇော)ကို မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ဆေးနဲ့ ဓာတ်မတည့်ရင် ဒါမှမဟုတ် ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကိုယ်ဝန်ယူဖို့ ကြိုးစားနေတာဆိုရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ဒီဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် C ရှိသည်ဟု သတ်မှတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံးရန် မသင့်ပါ။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Ambroxolက ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်လဲ။

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • မပြင်းထန်တဲ့ အစာခြေစနစ် ပြဿနာ
  • ဓာတ်မတည့်မှု ပြဿနာတွေပါ။

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဝါးဓာတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Ambroxol (အန်ဘရိုဇော)နဲ့ ဓာတ်ပြုမှုတွေ ဖြစ်နိုင်သလဲ။

Ambroxol (အန်ဘရိုဇော)က လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။ မိမိသဘောနဲ့မိမိ ဆေးရပ်တာ၊ ဆေးအတိုးအလျှော့ လုပ်တာမျိုးကိုလည်း ဆင်ခြင်သင့်ပါတယ်။

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Ambroxol (အန်ဘရိုဇော) နဲ့ ဓာတ်ပြုနိုင်ပါသလား။

Ambroxolက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Ambroxol (အန်ဘရိုဇော) နဲ့ ဓာတ်ပြုမှုတွေရှိမလဲ။

Ambroxolက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အစာအိမ် အနာ ရှိနေရင်ပါ။

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးများအတွက် ဆေးပမာဏ

30 mg နဲ့ တစ်နေ့ ၃ ကြိမ် သို့မဟုတ် 60 mg နဲ့ တစ်နေ့ ၂ ကြိမ် သောက်နိုင်ပါတယ်။ ဖြည်းဖြည်းချင်း အာနိသင်ပြတဲ့ ဆေးအမျိုးအစားဆိုရင်တော့ 75 mg ဆေးတောင့် တစ်နေ့ တစ်ကြိမ် သောက်သုံးလို့ ရပါတယ်။

ကလေးများအတွက် ဆေးပမာဏ

  • အသက် ၂ နှစ် အောက်- 7.5-15 mg တစ်နေ့ ၂ ကြိမ်
  • ၂ နှစ် ကနေ ၅ နှစ်- 7.5-15 mg တစ်နေ့ ၃ ကြိမ်
  • ၆ နှစ် ကနေ ၁၂ နှစ်- 15-30 mg တစ်နေ့ ၂ ကြိမ် ကနေ ၃ ကြိမ်
  • ၁၂ နှစ်အထက်ဆိုရင် လူကြီးတွေ သောက်တဲ့ ဆေးညွှန်းအတိုင်း တိုက်ပေးလို့ရပါတယ်။

Ambroxol (အန်ဘရိုဇော) ကို ဘယ်လိုပုံစံမျိုး၊ အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

Ambroxol (အန်ဘရိုဇော)ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနဲ့ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • သောက်ဆေးပြား: 30 mg
  • ဆေးရည် [သောက်သုံးရန်]: 30 mg/5 mL
  • ထိုးဆေး: 15 mg/2 mL
  • ရှူဆေး : 15 mg/2 mL

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Ambroxolကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

ရေးသားသူ- Dr Hlaing Min Ko Ko

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 15/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement